လှိုင်းတက်မြို့ဟောင်း

ဝီကီပီးဒီးယား မှ

သာစည်မှကလော၊ တောင်ကြီးသို့သွားသည့် မီးရထားလမ်းပေါ်တွင် လှိုင်းတက်ဟူသော မီးရထားဘူတာမြို့ကလေးတစ်မြို့ရှိလေသည်။ မော်တော်ကားဖြင့်လည်း ရောက်နိုင်သည်။ မြို့ကလေးဟုပြောမည့်သာ ပြောရသည်။ ရွာသာသာမျှရှိ၏။ ထိုနေရာတွင် မြို့ဟောင်းရာကလေး တစ်ခုရှိသည်။ ကောင်းကင်ဓာတ်ပုံထဲ၌ ထင်ရှားစွာတွေ့ရ၏။ အရာဟောင်းမှာ ခပ်သေးသေးပင် ဖြစ်သည်။ လှိုင်းတက်မှာ သာစည်မြို့မှ မီးရထားလမ်းအတိုင်း ခရီး(၁၀)မိုင်ခန့်တွင်ရှိသည်။ သာစည်-တောင်ကြီး မော်တော်ကားလမ်းဖြင့်လည်း ခရီး(၉)မိုင်ခန့်မျှရှိလေသည်။ လှိုင်းတက်ရွာ ၏မြောက်ဘက်တွင် လှိုင်းတက်မြို့ဟောင်းကလေးမှာ ကောင်းကင်ဓာတ်ပုံထဲ၌ အလွန်ထင်ရှားစွာ တွေ့နိုင်သည်။

လှိုင်းတက်မြို့ဟောင်းကလေးကို ““မြန်မာ့မြို့ဟောင်းရာများကို ကောင်းကင်ဓာတ်ပုံမှ ဖတ်ရှုလေ့လာခြင်း”” စာတမ်းအမှတ်(၁) ၁၉၇၁တွင် စာရေးသူ ရေးသေားဖော်ပြခဲ့ဖူးလေသည်။ သို့ရာတွင် လှိုင်းတက်မြို့ဟောင်းအဖြစ်နှင့်မဟုတ်ဘဲ နန်းတော်ရာမြို့ဟောင်းဟူ၍ မြေပုံနှင့်တကွ ရေးသေားဖော်ပြခဲ့ဖူးသည်။ ဤမြို့ဟောင်း မည်သည့်ပုံသဏ္ဌာန်ရှိသည်၊ မည်သည့်နေရာ၊ မည် သည့်မြေပုံတွင် ရှာဖွေတွေ့ရှိနိုင်သည်ဆိုကာမျှ ဖော်ပြထားခဲ့ပေသည်။ သုတေသီတို့ လွယ်ကူစွာ သွားရောက်ရှာဖွေ လေ့လာရန်မျှဖြစ်ပေသည်။ နန်းတော်ရာမြို့ဟောင်းဟုရေးသားဖော်ပြသည်မှာ လည်း ထိုစဉ်က လှိုင်းတက်ရွာသားတို့က နန်းတော်ရာဟုပြောကြခြင်းကြောင့်မျှသာ ဖြစ်ပေ သည်။

လှိုင်းတက်မြို့ဟောင်း၏နောက်ခံအကြောင်း[ပြင်ဆင်ရန်]

အနော်ရထာမင်းစော နန်းတက်ပြီး ၁၆ နှစ်ကျော်လျှင်ပင် တိုင်း၊ နိုင်ငံ လုံခြုံဖွံဖြိုးစေရန် နယ်ခြားကင်းမြို့ပေါင်း ၄၃ မြို့ကို တစ်ပြိုင်နက်သတ်မှတ်ပြီး သက္ကရာဇ် ၃၉၅ခုနှစ်တွင် တည်ထောင်ကြ၏။ လှိုင်းတက်လည်း ကင်းမြို့တစ်မြို့အဖြစ် တည်ထောင်ပါဝင်ခဲ့ပေသည်။ ဤလှိုင်းတက်မြို့တည်ရန် မင်းရဲစစ်ဆင်ဘွဲ့ရအမတ်က ဦးဆောင်၍ တည်ထောင်ရသည်။

မြို့တည်ရန်နေရာ ရှင်းလင်းနေကြစဉ် မြောက်ဘက်မှ ဆင်ဟိုင်းကြီးတစ်စီး ဝင်ရောက် လာပြီး အရှေ့မျက်နှာဘက်သို့ တူရူထွက်သွားသည်ဟု ဆိုလေသည်။ ဤသို့ဆင်ဟိုင်းကြီးရောက် လာသည်ကို အစွဲပြု၍ ၎င်းင်းတို့တည်သည့် ကင်းမြို့ကိုလည်း ဟှိုင်းတက်မြို့ဟု အမည်ပေးကြလေ သည်။ နောက်ကာလရွေ့လျောလာသည့်အခါမှ ဟိုင်းတက်မှ ခေါ်၍ပိုလွယ်သော လှိုင်းတက် အမည်ဖြင့် ခေါ်ကြသည်ဟုဆိုလေသည်။ အင်းဝခေတ်ပိုင်းလောက်တွင်မူကား လှိုင်းတက် ဟူသောအမည်တွင်လျက်ရှိလေပြီ။

လှိုင်းတက်သည် နှယ်နှယ်ရရမဟုတ် တောင်ငူမြို့၊ တောင်တွင်းကြီးမြို့တို့နှင့်အတူ တတန်းတစားတည်း ထောင်ပြမြို့စာရင်းတွင် ပါဝင်သော မြို့တစ်မြို့ပင် ဖြစ်ချေသည်။ စစ်မက် ရေးရာ ဖြစ်လာသည့်အခါ စစ်သားတစ်ထောင် စုဆောင်းပေးရသည့်မြို့တည်း။ ထိုစဉ်က ကင်းမြို့ များတွင် လှိုင်းတက်သည်အဆင့်မသေးလှပေ။ ထို့အပြင် ကင်းမြို့အနေဖြင့် ခိုင်ခံ့စွာ တည်ဆောက်ထားသည့် မြို့တစ်မြို့ဖြစ်သည်။ အုတ်မြို့ရိုးနှင့် ကျုံးနှင့်ဖြစ်သည်။ အနော်ရထာ မင်းကြီး တိုင်းခန်းလှည့်လည်စဉ်တွင် ညောင်ရွှေအင်းတိမ်အရပ်တွင် ဗောဓိသတ်ဘုရားစေတီ တစ်ဆူတည်ခဲ့ပြီး လှိုင်းတက်သို့ရောက်လျှင် လှိုင်းတက်မြို့၌ ဘုရားလှစေတီကိုလည်း တည်သည် ဟုဆိုသည်။ ယခုထိုစေတီမှာ ဘုရားလှမှ ရှင်ဆင်းလှဟူသော အမည်တွင်လျက်ရှိလေပြီ။

အရွယ်အစားနှင့်တည်နေရာ[ပြင်ဆင်ရန်]

လှိုင်းတက်မြို့ဟောင်းသည် လှိုင်းတက်ရွာကြီး၏ မြောက်ဘက်၌တည်ရှိသည်။ မြောက်လတ္တီတွဒ် (၂၀)ဒီဂရီ ၄၈.၆ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၁၁မိနစ်တွင်တည်ရှိ ၏။ ကျုံးပတ်လည်ဝိုင်းရံလျက် အုတ်မြို့ရိုးဖြင့် တည်ဆောက်ဖွဲ့စည်းထားသည့်မြို့တည်း။ ကျုံးများမှာ (၁၅၀)ပေခန့်ကျယ်သည်။ တချို့နေရာများ၌ ထိုထက်ပို၍ကျယ်သည်ကိုတွေ့ရ၏။ အရှေ့မြို့ရိုးဘက်မှ လွဲ၍ကျယ်မြို့ရိုး(၃)ဘက်တွင် ကျုံးရာဟောင်းများကို တွေ့နိုင်သေးသည်။ ကျုံးများအတွင်း၌ ရေကားမရှိတော့ချေ။ ခြောက်ခန်းပြီးလယ်ယာများဖြစ်နေလေပြီ။

မြို့ဟောင်းခွင်အတွင်း၌ အိမ်ခြေယာခြေများမရှိချေ။ ထိုနေရာတွင် လယ်ယာများ စိုက်ပျိုးထားကြသည်ကိုတွေ့ရ၏။ မြောက်ဘက်မြို့ရိုးနှင့် တောင်ဘက်မြို့ရိုးတို့မှာ ၅၂၈ မီတာ ၁၇၃၃ ပေခန့်စီရှိကြသည်။ အရှေ့ဘက်နှင့်အနောက်ဘက်မြို့ရိုးတို့မှာ အနည်းငယ်မျှ တိုကြ သည်။ ၄၀၈မီတာ ၁၃၃၉ ပေ ခန့်မျှစီရှိကြပေသည်။ အကျယ်အဝန်း ဧရိယာပမာဏမှာ ၅၁ဧက ၂၁ ဟက်တာ ခန့်မျှ ရှိလေသည်။ မြို့ရိုးတစ်ပတ်လုံးမှာ တစ်မိုင်သာသာခန့် ၁.၁၆မိုင်မျှပင် ရှိလေသည်။

ပုံသဏ္ဌာန်[ပြင်ဆင်ရန်]

မြို့ဟောင်းသည် စတုဂံပုံသဏ္ဌာန်မြို့ဖြစ်သည်။ မြို့ဟောင်းများမှာ အနောက်မြောက် ထောင့်တစ်ခုမှလွဲ၍ ကျန်မြို့ထောင့်(၃)ခုမှာ ထောင့်ချွန်းများ ဖြစ်ကြသည်။ ထောင့်မှန်နှင့် အလွန်နီးစပ်သည့်ထောင့်များတည်း။ အနောက်မြောက်ထောင့်မှာ ကွေးဝိုင်းသည့်ထောင့်ဖြစ်ချေ သည်။

မြို့စားအုပ်ချုပ်သည့်လှိုင်းတက်[ပြင်ဆင်ရန်]

လှိုင်းတက်ကို စတင်တည်ဆောက်သည့် ပုဂံခေတ်မှသည် ရတနာပုံခေတ် သီပေါမင်း လက်ထက်အထိ အဆက်ဆက် ဆောင်ရွက်ခဲ့သည့် မြို့စားတချို့ကို ဖော်ပြရလျှင်-

ပုဂံခေတ်။ စောမွန်နစ်မင်းလက်ထက်တွင်၊ မင်းသားရွှေစစ်သင်။

အင်းဝခေတ်။ မင်းရဲကျော်စွာလက်ထက်တွင် ဒေဝသီရီ။

ကုန်းဘောင်ခေတ်။ မြေဒူးမင်းလက်ထက်တွင် ရွှေတောင်နော်ရထာ။

အမရပူရခေတ်။ ပုဂံမင်းလက်ထက်တွင် မင်းသားသတိုးမင်းရဲကျော်ထင်။

ရတနာပုံခေတ်။ မင်းတုန်းမင်းလက်ထက်တွင် မင်းသားမဟာသီရိဓမ္မရာဇာ။

ရတနာပုံခေတ်။ နောက်ဆုံးသီပေါမင်းလက်ထက်တွင် မင်းကြီးမင်းခေါင်သင်္ခယာ။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. (လှိုင်းတက်အတ္ထုပ္ပတ္တိသမိုင်း- ဆရာမြတ်စိုးလင်း)