လှည်း

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
A Haitian hand cart.

လှည်းသည် ရှေးခတ်မှစ၍ အသုံးပြုခဲ့သော နှစ်ဘီးတပ် သယ်ယူပို့ဆောင်ရေး ယာဉ်တစ်မျိုးဖြစ်၏။ နွား၊ မြင်း စသော တိရစ္ဆာန် အမျိုးမျိုးဖြင့်ဆွဲရသော လှည်းများရှိသကဲ့သို့ လူဆွဲ လူတွန်းရသော လှည်း မျိုးလည်းရှိသည်။ လူဆွဲလူတွန်းလှည်း၏ ထင်ရှားသောပုံစံမှာ လန်ခြား ဖြစ်သည်။ အရှေ့တိုင်းနိုင်ငံများတွင် နွားဆွဲလှည်း (ဝါ) နွားလှည်းများကို ယခုတိုင်အသုံးပြုလျက်ရှိသည်။

မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် ယခုအခါ စက်မောင်းယာဉ်များကို အသုံးများလျက်ရှိကြပြီဖြစ်သော်လည်း တောလက်ကျေးရွာများ၌ လှည်းများ ကို လက်မလွှတ်နိုင်ကြသေးချေ။ မြန်မာနိုင်ငံတွင် တစ်ခေတ်က လှည်းကို အရေးပါသော လူသုံးပစ္စည်းတစ်ခုအဖြစ် အသိအမှတ် ပြုခဲ့ကြရလေသည်။ လယ်ယာလုပ်ငန်း၌လည်းကောင်း၊ ကူးသန်းရောင်းဝယ်ရေး၌လည်းကောင်း၊ ဘုရားပွဲ ဘုန်းကြီးပြန်ပွဲ စသောပွဲကြီးလမ်းကြီးများ၌လည်းကောင်း လှည်း သည် မရှိလျှင်မဖြစ်ပေ။

မြန်မာ့ကျေးလက်တောရွာ မဂ‡လာဆောင်များ၌ လက်ဖွဲ့ရာတွင် 'လယ်တစ်ပွဲ၊ လှည်းတစ်စီး၊ နွားတစ်ရှဉ်း' စသည်တို့ပါလာခြင်းကိုထောက် ခြင်းဖြင့် မြန်မာလူမျိုးများ လှည်းကိုတန်ဖိုးထားကြပုံကို သိသာနိုင်ပေသည်။ မြန်မာလူမျိုးတို့ အစဉ်အဆက်အသုံးပြုခဲ့ကြသောလှည်းများတွင် (၁) လှည်းယာဉ်၊ (၂) ခြံအိမ်လှည်း၊ (၃) ပေါင်းမိုးလှည်း၊ (၄) လှည်းမြီး တို၊ (၅) ရေစည်လှည်း၊ (၆) ဘုံလျှိုလှည်းနှင့် (၇) မယားကန်လှည်းဟူ၍ အသုံးပြုပုံကိုလိုက်၍ အကြမ်းအားဖြင့် ခုနစ်မျိုးရှိလေသည်။ (၁) လှည်းယာဉ်ဆိုသည်မှာ ခြောက်စထောင်၊ ပွတ်လုံးရံတိုင် ကဲ့သို့ လှည်းအိမ်ကို အလှအပ ပြင်ဆင်မွမ်းမံထားသော အလှစီးလှည်းမျိုး ဖြစ်သည်။ (၂) ခြံအိမ်လှည်းဆိုသည်မှာ လှည်းကြမ်းဖြစ်၍ စပါး၊ နှမ်း၊ ပြောင်း၊ ထင်း စသော ကုန်များတင်သည့် လှည်းမျိုးဖြစ်သည်။ (၃) ပေါင်းမိုးလှည်းဆိုသည်မှာ တစ်ရပ်တစ်ရွာသို့ ပွဲလိုက်ရာ၌ ဖြစ်စေ၊ ကုန်ရောင်းကုန်ဝယ် သွားရာ၌ဖြစ်စေ နေမိုးဒဏ်ကိုကာကွယ်ရန် အမိုးတင်ထားသည့် လှည်းမျိုးဖြစ်သည်။ (၄) လှည်းမြီးတိုဆိုသည်မှာ လှည်းအိမ်မပါဘဲ လှည်းအိမ်အား တိုင်ငုတ်များ စိုက်ထူထား၍ သစ်တုံးများ၊ ကျောက်တုံးကြီးများ၊ ဝါးစည်း များတင်ဆောင်ရန် အသုံးပြုသည့် လှည်းမျိုးဖြစ်သည်။ (၅) ရေစည်လှည်းဆိုသည်မှာ လှည်းအိမ်နေရာတွင် ရေစည်လုံး ကြီးတင်နိုင်ရန် သစ်သားဘောင်ခတ်လျက် ရေသယ်ရာ၌ အသုံးပြုသည့် လှည်းမျိုးဖြစ်သည်။ (၆) ဘုံလျှိုလှည်းဆိုသည်မှာ လှည်းအိမ်ကို အမြင့်ပြုလုပ်ထားပြီး လျှင် အတွင်းဘက်၌ အံဖုံးထားရှိသော လှည်းမျိုးဖြစ်သည်။ ထိုလှည်းမျိုးကို လူကုံထံများနှင့် ဘုန်းတော်ကြီးများ အသုံးပြုလေ့ရှိရာ အံဖုံးအတွင်း၌ ခရီး ဆောင်ပစ္စည်းများနှင့် ငှက်ပျောသီး၊ အုန်းသီး စသောပစ္စည်းများကို ထည့် ယူလေ့ရှိကြသည်။ (၇) မယားကန်လှည်းဆိုသည်မှာ လှည်းအိမ်ကို ရှေ့နိမ့် နောက် မြင့် စီစဉ်ထားကာ ရှေ့သို့နိမ့်လျှောနေသော လှည်းမျိုးဖြစ်သည်။ လင်နှင့် မယား တစ်ရပ်တစ်ကျေးသို့ ခရီးသွားသောအခါ နောက်ပိုင်းတွင်လိုက်ပါ လာသူ မယားကရှေ့ပိုင်းတွင် လှည်းမောင်းလျက်ရှိသူလင်ကို ခြေဖြင့်ကန် ထားသကဲ့သို့ ဖြစ်နေသဖြင့် မယားကန်လှည်းဟု ခေါ်တွင်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ အချို့ဒေသများတွင် အထက်ပါလှည်းမျိုးများအပြင် ပြိုင်လှည်း သို့မဟုတ် ဒုန်းလှည်းဟုခေါ်သည့် လှည်းတစ်မျိုးလည်းရှိသေး သည်။ ထိုပြိုင်လှည်း သို့မဟုတ် ဒုန်းလှည်းသည် လှည်းများတွင် အသေး ငယ်ဆုံးနှင့် အပေါ့ဆုံးလှည်းမျိုးဖြစ်သည်။ လှည်းမောင်းသူတစ်ဦးသာ ချောင် ချောင်ချိချိထိုင်၍ လိုက်ပါနိုင်လေသည်။ ထိုလှည်းမျိုးနှင့်စပ်လျဉ်း၍ 'လှည်း စက္ကူ၊ လူသိကြား' ဆိုသည့်စကားကိုပင် တစ်ဖက်လူ မခံချင်အောင် ပြော လေ့ရှိလေသည်။ ထိုစကား၏ အဓိပ္ပာယ်မှာ လှည်းသည် စက္ကူကဲ့သို့ ပေါ့ပါးလိုကပေါ့ပါးစေ၊ လှည်းမောင်းသူမှာလည်း သိကြားတမျှ ကျွမ်းကျင် လိုက ကျွမ်းကျင်ပါစေ ဂရုမစိုက်ပါဟု ဆိုလိုခြင်းဖြစ်ပေသည်၊

မြန်မာလှည်းတစ်စီးတွင် ပါဝင်သော အစိတ်အပိုင်းများမှာ ပုံတောင်း(လှည်းပုံတောင်း)၊ ထောက်ကူ(တကူ)၊ ခွေသတ်ဘီးထောက်၊ နန်း ရင်းခွေ၊ နန်းဖျားခွေ၊ ဘီးဖိနပ်(သံဖိနပ်)၊ ဆိတ်မျက်လုံး(ပုစွန်မျက်လုံး)၊ ကလန့်(လှည်းနားစောင့် ဝါ လှည်းနားပန်ဟုလည်းခေါ်၏။)၊ ဝင်ရိုး(ဝန်ကိုင် ဟုလည်းခေါ်၏။)၊ ဆင့်တုံး၊ ဝက်စွယ်၊ ဝင်ရိုးဖုံး၊ ခြံအိမ်၊ ရံတန်း၊ လက် တင်တန်း၊ ရံတိုင်၊ ရံမတိုင်၊ ထုပ်၊ ယက်ဖောက်ထုပ်၊ လှည်းသန်၊ လှည်း သန်တုပ်၊ ကတ်ကျည်း၊ ခြံအိပ်ကပ်၊ ကပ်ဖုံးငြိမ်၊ ဝန်ကော်၊ ဆောင်ပန်း၊ ဆောင်ပန်းကပ်၊ စွယ်ရန်း၊ စွယ်ရန်းတိုင်၊ ဓားမချပ်၊ ထမ်ပိုးတုံး၊ ထမ်းပိုး ကျည်း၊ ဘွဲ့ကြိုး(ထမ်းပိုးကြိုး)၊ ဦးပွတ်ကြိုး၊ ဦးပွတ်ကျည်း(ကုပ်နှိပ်)၊ ကုပ် နှိပ်ကြိုး၊ ဦးကင်း၊ ဦးထောက်(လှည်းထောက်ခွ)၊ ပြန်ကထောက်၊ နောက် ထောက်နှင့် ပေါင်းမိုးတို့ဖြစ်သည်။ ထိုမှတစ်ပါး လှည်းကက်အိမ်ကိုလိုက်၍- (၁) ဘီးစပ်လှည်း(စပ်ဘီးလှည်း) (၂) ဝမ်းခြမ်း (ဝါ) ဝက်ခြံ (ဝါ) လှည်းကြမ်း (၃) လှည်းယာဉ် (၄) ဒိုင်းလှည်း (၅) ဂုတ်လှည်း (၆) ရွတ်လှည်း (၇) ခြောက်စထောင်လှည်း ဟူ၍ ရှိသည်ဟုလည်း ဆိုလေသည်။ (၁) ဘီးစပ်လှည်းဟူသည်မှာ ဘီးစပ်ဖြင့် တည်ဆောက်ထားသောလှည်းကို ခေါ်သည်။ ဘီးစပ်ဟူသည်မှာ လေးလက်မထုရှိ ပျဉ်ပြားချပ်ကို အတွင်း သားအဖြစ် အသုံးပြုကာပျဉ်ပြား၏ ဗဟိုတွင် ပုံတောင်းအပေါက် ထွင်း ဖောက်ရသည်။ ပုံတောင်းအပေါက်ထဲသို့ ဝင်ရိုးကိုလျှို၍ ဝင်ရိုးမချောင်စေရန် ကြိမ်ခွေများကို မတင်းရသည်။ ထို့နောက် ဗဟိုပျဉ်ပြားချပ်နှင့် နှစ်လက်မခွဲ ရှိ ပျဉ်ချပ်နှစ်ချပ်ကို တစ်ဖက်တစ်ချက်တွင် စပ်၍ဆက်လိုက်ပြီးသော် ပျဉ် ပြားနှုတ်ခမ်းသားများကို ရွေလိုက်လျှင် အဝိုင်းဖြစ်သည်။ ယင်းကို ဘီးစပ်ဟု ခေါ်သည်။ ( ဘီး - ။) (၂) ဝမ်းခြမ်း (ဝါ) ဝက်ခြံ (ဝါ) လှည်းကြမ်းကား ကုန်ကြမ်း ခရီးကြမ်း တင်ရန် စီးရန်ဖြစ်သည်။ (၃) လှည်းယာဉ်မှာ အလှအပအခမ်အနားတို့တွင် စီးနင်းရန်အလို့ငှာ ပြုလုပ် ထားသောလှည်းဖြစ်၏။ ထိုလှည်းယာဉ်သည် လှည်းကက်အိမ်ကို အစွဲပြု၍ (က) ဆင်စွယ်ညွတ် (ခ) စင်ရော်တောင် (ဂ) မွန်းတည့်ကောက် ဟူ၍ သုံး မျိုးသုံးစားရှိ၏။ (၄) ဒိုင်းလှည်း၊ ဂုတ်လှည်း၊ ရွတ်လှည်း ဟူသည်တို့မှာ လှည်းယာဉ်ကို ဒိုင်းကန်ခြင်း ဂုတ်စီးခြင်း၊ ရွတ်တိုက်ခြင်းတို့ကို အမှီသဟဲပြု ခေါ်ဝေါ်ခြင်း ဖြစ်သည်။ နွားနှစ်ကောင်မောင်းနှင်ရာမှ နွားတစ်ကောင်သည် တစ်စုံတစ်ခု ဖြစ်သွားသည့်အခါ လှည်းမောင်းသမားသည် အလွယ်တကူ ခရီးဆက်လက် သွားလာနိုင်ရန် ဒိုင်းကန်ရသည်။ ဒိုင်းကန်ပုံမှာ ဝင်ရိုးအောက်တွင် ဝါးလုံး တစ်လုံးကိုလျှို၍ လှည်းသန်ပေါ်တွင်ကျော်ကာ ထမ်းပိုးနှင့် ချုပ်နှောင်(လစ် လပ်နေသော နွားနေရာ) တုပ်ရသည်။ ဤသို့တုပ်နှောင်မှသာ ကျန်တစ်ဖက် နွားသည် ကောင်းစွာရုန်းနိုင်သည်။ (၅) ဂုတ်လှည်းမှာ နွားတစ်ကောင်ကို ထမ်းပိုးကျည်း နှစ်ချောင်းကြားတွင် ဂုတ်ကို လည်ခွံပတ်ကြိုးနှင့် ပတ်၍မောင်းနှင်ရသည်။ မောင်းသူသည် လှည်း သန်ရှိ ခြေကန်ရန်ပြုလုပ်ထားသောခွင်းကို နင်းထားပြီးသော် နှင်တံနှစ် ချောင်းကိုစုံကိုင်လျက် ရိုက်နက်၍ဒုန်းမောင်းရသည်။ အထူးသဖြင့် နွားတစ် ကောင်ချင်း ယှဉ်ပြိုင်ရာတွင် အသုံးပြုလေသည်။ (၆) ရွတ်လှည်းမှာ နွားနင်း(အလှည့်) နှင့်နွားပြေး( အတိုင်) ဟူ၍ နွားနှစ်ကောင်မောင်းရသည်။ ရွတ်တိုက်ပုံမှာ နွားနင်းဖက်ရှိ ဝင်ရိုးတွင် ကြိုး ကိုချည်နှောင်၍ နွားပြေးဖက်ရှိ ထမ်းပိုးတွင် ထိုရွတ်တိုက်ထားသော ကြိုးစ ကို တစ်ဖန်ချည်နှောင်၍ မောင်းနှင်ရသည်။ ဤသို့ ရွတ်တိုက်ခြင်းကို ပြိုင် လှည်းများတွင် လုပ်လေ့လုပ်ထရှိသည်။ (၇) ခြောက်စထောင်လှည်းဆိုသည်မှာ ဆင်စွယ်ညွတ်၊ စင်ရော်တောင်၊ မွန်း တည့်ကောက်ဟူသော လှည်းယာဉ်များတွင် လှည်းဆောင်ပန်းပုခက်သည် လေးစထောင်နေ၍ စွယ်ရန်း(ဘယ်ညာ)နှစ်စနှင့်ပေါင်းသော် ခြောက်စထောင် ဖြစ်လာသည်။ လှည်းဆောက်လုပ်ရာ၌ စည်းစနစ်ရှိလေသည်။ လှည်းသန်၊ ထမ်း ပိုးတုံး၊ ဝင်ရိုးတို့ အတိုင်းအရှည်ပမာဏကို လှည်းဆရာများက အထူးဂရု စိုက်ကြရသည်။ လှည်းပြုလုပ်ရာ၌ စည်းစနစ်ကျနမှန်ကန်မှ လှည်းကောင်း တစ်စီးဖြစ်လာနိုင်သည်။ လှည်းကောင်းဟုဆိုရာတွင် ကြည့်၍လှပရုံ၊ ကြာ ရှည်ခိုင်ခံ့ရုံမျှနှင့် လှည်းကောင်းဟု မခေါ်နိုင်သေးပေ။ အမှန်ကောင်းသော လှည်းသည် နွားများ၊ ကျွဲများ ဆွဲရာ၌ လွယ်ကူသက်သာစေရမည်၊ သူ့အချိုး အစားနှင့်သူ ချိန်သားကိုက်စီမံထားသော လှည်းသည် ကုန်ချိန်မည်မျှပင် လေးသည်ဖြစ်စေ အလေးမျှ၍ ပြေပြစ်စွာ လိမ့်ပါသွားခြင်းကြောင့် ရုန်းဆွဲရ သော ကျွဲ၊ နွားများကို အများဆုံး သက်သာမှုပေးနိုင်လေသည်။[၁]

ရုပ်ပုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)