လျှပ်စစ်မီတာ

ဝီကီပီးဒီးယား မှ
မြောက်အမေရိကန်ရှိ အိမ်သုံး လျှပ်စစ်မီတာ

လျှပ်စစ်ဓာတ်မီးကို အသုံးပြုသည့် အိမ်တိုင်း၌ အိမ်ထောင့် နံရံတစ်နေရာတွင် ကပ်ရိုက်ထားသော သေတ္တာငယ်တစ်ခုကိုတွေ့မြင် နိုင်လေသည်။ ထိုသေတ္တာမှာ မီတာသေတ္တာ ဖြစ်သည်။ ဓာတ်မီး ကုမ္ပဏီသည် တစ်လ တစ်ကြိမ် မီတာပေါ်၌ပြနေသော ဂဏန်း အမှတ် အသားမျာကို ကြည့်၍ မီတာထားသောအိမ်၌ သုံးစွဲသည့် လျှပ်စစ်ဓာတ်အားကို စစ်ဆေးသည် ထိုနောက် ကျသင့်သမျှတန်ဖိုးကို အိမ်နေသူတို့ထံမှ တောင်းယူသည်။ ထိုမီတာမျိုးကို လျှပ်စစ် မီတာဟု ခေါ်သည်။

လျှပ်စစ်ဓာတ်မီးမပေါ်မီ ဓာတ်ငွေ့ဖြင့်မီးထွန်းသည့်ခေတ်က ဓာတ်ငွေ့မီတာဟူ၍ မီတာတစ်မျိုးရှိခဲ့သည်။ ဓာတ်ငွေ့မီတာတွင် အစိုမီတာ၊ အခြောက်မီတာဟူ၍ နှစ်မျိုးနှစ်စားရှိ၏။ အစိုမီတာ မျိုးမှာ မီတာ၌ တစ်ဝက်သာသာမျှ ရေထည့်ထားရသဖြင့် အစိုမီတာ ဟု ခေါ်ခြင်းဖြစ်သည်။ အများအားဖြင့် ထိုမီတာမျိုးကို မသုံးကြဘဲ ခြောက်သွေ့သည့် မီတာမျိုးကိုသာ အသုံးများကြ သည်။ ဓာတ်ငွေ့ မီတာတွင် ဓာတ်ငွေ့လုံသော အခန်းငယ် နှစ်ခုပါဝင်၍ အခန်း တစ်ခုစီတွင် လေဖိုတစ်ခုစီ တပ်ဆင်ထားသည်။ လေဖိုတစ်ခု ပိန်သွားသောအခါ အခြားတစ်ခု ဖောင်းကြွလာစေရန် စီမံထား သည်။ ဖောင်းနေသော ပထမလေဖိုရှိသည့် အခန်းမှ အဆို့ရှင် သည်ပွင့်နေစဉ် ဒုတိယအခန်းမှ အဆို့ရှင်သည် ပိတ်လျက်ရှိသည်။ ထိုအခါ ပထမအခန်းထဲသို့ ဓာတ်ငွေ့သည် တိုးဝင်လျက် နေသည်။ ဓာတ်ငွေ့မီးအိမ်ကို ဖွင့်လိုက်သောအခါ ပထမအခန်း၏ လေဖိုမှ ဓာတ်ငွေ့ကို စုတ်ယူလိုက်သဖြင့် အခန်းတွင်းရှိ ဓာတ်ငွေ့က လေဖိုကို ဖိတွန်းသည်။ ထိုအခါတွင် ထိုလေဖိုမှာ ပြားသွား၍ ဒုတိယ အခန်းမှ လေဖိုသည် ဖောင်းလာပြီးလျှင် အခန်းထဲတွင် အစက သွင်းထားသော ဓာတ်ငွေ့ကို စုတ်ယူသည်။ ထိုအခါ၌ ပထမ အခန်း၏ အဆို့ရှင်မှာ ပိတ်သွား၍ ဒုတိယအခန်းမှ အဆို့ရှင်သည် ပွင့်လာပြီးလျှင် ဓာတ်ငွေ့ကိုသွင်းပေးလေသည်။

ဓာတ်ငွေ့၏ ဖိအား ဖြင့် လေဖိုတွင်းရှိဓာတ်ငွေ့သည် မီးအိမ်သို့ ရောက်သွားသောကြောင့် ထိုလေဖိုမှာ ပိန်ကပ်သွားလျက် ပထမအခန်းမှ လေဖိုသည် ဖောင်း ကြွလာပြန်သည်။ ထိုနောက် ဖော်ပြခဲ့သည့်အတိုင်း မီးအိမ်သည် လေဖိုတစ်ခုစီမှ ဓာတ်ငွေ့ကို တစ်လှည့်စီ ရရှိလေသည်။ အဆို့ရှင် များမှာ ခွေးသွားစိတ်ဘီးများနှင့် ဆက်သွယ်ထားခြင်းဖြင့် ခွေးသွား စိတ်ဘီးလည်သည့်အတိုင်း ခွေးသွားစိတ်ဘီးနှင့် ဆက်ထားသော ဒိုင်ယယ်မျက်နှာပြင်ပေါ်ရှိ လက်တံကလိုက်၍ လည်နိုင်သည်။ ထိုဒိုင်ယယ် မျက်နှာပြင်ပေါ်မှ လက်တံကိုကြည့်ခြင်းဖြင့် အိမ်၌ သုံးစွဲသော ဓာတ်ငွေ့၏ အတိုင်းအဆကို သိနိုင်သည်။ လျှပ်စစ်မီတာများတွင် လျှပ်စစ်သံလိုက်များ ပါရှိသည်။

ထိုသံလိုက်တို့ကို ရစ်ပတ်ထားသော ကြေးနန်းကြိုးခွေထဲတွင် လျှပ်စစ်ဓာတ်စီးသည် ဖြတ်သန်းသွားသည်။ လျှပ်စစ်ဓာတ်စီး ဖြတ်သန်းသွားသောအခါ သံလိုက်မှ သံလိုက်အားတို့သည် ဝင်ရိုးတံငယ်ကလေးတစ်ခုကို လည်စေသည်။ ဝင်ရိုးတံနှင့် ဆက်သွယ်လျက် ရှိသော သတ္တုဆလင်ဒါလည်း လိုက်၍ လည်သည်။ ထိုဝင်ရိုးတံနှင့် ဆလင်ဒါတို့သည် ဒိုင်ယယ်မျက်နှာပြင်ပေါ်ရှိ လက်တံနှင့် ဆက် သွယ်နေသည်။

လျှပ်စစ်ဓာတ်စီး များလာလေလေ ထိုပစ္စည်းတို့သည် မြန်မြန် လည်လေလေဖြစ်သည်။ ဒိုင်ယယ်မျက်နှာပြင်ပေါ်က လက်တံလည်သည်ကို ကြည့်ခြင်းဖြင့် လျှပ်စ်ဓာတ်စီး မည်မျှဖြတ် သန်းသွားသည်ကို သိနိုင်ပေသည်။ ထိုလက်တံသည် ဒိုင်ယယ် မျက်နှာပြင်ပေါ်၌ သုံးစွဲပြီးသော လျှပ်စစ်ဓာတ်စီး(ကီလိုဝပ်အာဝါ)ကို ပြသည်။ ထိုမှတစ်ဆင့် ဆက်သွယ်ထားသော ခွေးသွားစိတ်ဘီးများဖြင့် အစဉ်လည်လိုက်နေသော အခြားဒိုင်ယယ်မျက်နှာပြင်များပေါ်က လက်တံများသည် ကီလိုဝပ်၏ ဆယ်ကိန်း၊ ရာကိန်း၊ ထောင်ကိန်း တို့ကို အစဉ်လိုက်ပြကြလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)