လော်ရယ်ပင်

ဝီကီပီးဒီးယား မှ

လော်ရယ်ပင်သည် ဖုံးမသိန်ပင်နှင့် ဖုံးမသိန်ကဲ့သို့ အနံ့မွှေးကြိုင်သော အခြားအပင်မျိုးတို့နှင့်အတူ လော်ရေးစီအီး မျိုးရင်း တွင်ပါဝင်၍ ယင်း၏ ရုက္ခဗေဒအမည်မှာ လော်ရပ်နိုဗီလစ်ဖြစ်သည်။ လော်ရယ်ပင်သည် အမြဲစိမ်းလန်းသောအပင်မျိုးဖြစ်၍ တခါတရံအမြင့်ပေ ၃ဝ ကျော်ကျော်ရှိတတ်သော်လည်း အပင်ကြီးမျိုးထဲကမဟုတ်ပေ။ ပင်စည် တဖြောင့်တည်း မတ်၍ တက်သွားခြင်းမျိုးမဟုတ်ဘဲ ရှည်လျားသော အကိုင်းအခက်များဖြာ၍ ထွက်လေ့ရှိသည်။ လော်ရယ်ပင် အမျိုးမျိုးရှိသည့်အနက် အချို့မှာ ချုံပင်မျိုးဖြစ်သည်။ အချို့သော လော်ရယ်ပင်မှအရွက်မှာ အနေတော် အရွယ်ရှိ၍ အဖျားချွန်ပြီးလျှင် ဘေးတလျှောက်တွင် လှိုင်းထနေသည်။ အရွက်များမှ အသီးများတစ်လုံးချင်းသော်လည်းကောင်း၊ နှစ်လုံးပြူးသော်လည်းကောင်း ထွက်၍သီးကြသည်။ လူသိများသော လော်ရယ်ပင်များမှ အရွက်များမှာမူ အရွယ်ကြီး၍အရောင်လက်နေသည်။ အရွက်ဘေး တလျှောက်တွင် လှိုင်းထခြင်းမရှိဘဲ တညီတညာတည်းရှိသည်။ အပွင့်များနှင့် အသီးများသည် အခိုင်လိုက်ပွင့်ကြသည်။ လော်ရယ်ပင်၏ မူလပေါက်ရာအရပ်မှာ မြေထဲပင်လယ်ဒေသဖြစ် ၍ ထိုမှတဆင့် အခြားတိုင်းနိုင်ငံတို့သို့ ယူဆောင်စိုက်ပျိုးကြသည်။ အင်္ဂလန် စသောအချို့ဒေသတို့တွင် လော်ရယ်ချုံပင်မျိုးကို စည်များတွင်ပျိုး၍ အလှစိုက်ပျိုးကြသည်။ လော်ရယ်အသီးနှင့် အခြားအစိတ်အပိုင်းများမှ မွှေး ကြိုင်သော လော်ရယ်ဆီကိုပေါင်းတင်၍ ထုတ်ယူပြီးလျှင် ရေမွှေးပြုလုပ်ရာ၌ အသုံးပြုကြသည်။ အရွက်ခြောက်များကို ကရဝေးရွက်အခြောက်များကဲ့သို့ ဟင်းခတ်အမွှေးအကြိုင်အဖြစ်ဖြင့် အသုံးပြုကြသည်။ ဘယဆေးဖော်စပ်ရာ၌လည်း လော်ရယ်အသီးနှင့် အရွက်များပါဝင်သည်။ ရှေးခေတ်ဂရိလူမျိုးတို့သည် ထင်ရှားထူးချွန်သော တပ်မတော်သားများ၊ အားကစားသမားများ၊ စာပေသမားများအား ဂုဏ်ပြုရာတွင် လော်ရယ်ပန်းခွေများဖြင့် ချီးမြှင့်ကြသည်။ လော်ရယ်ပန်းခွေကို ဂုဏ်ပြုခံရသူ၏ ဦး ခေါင်းတွင် သရဖူဆောင်းပေးသကဲ့သို့ စွပ်ပေးလိုက်ခြင်းအားဖြင့် သူ၏ စွမ်းရည်ကို အသိအမှတ်ပြုလေသည်။ လော်ရယ်ပင်အသားသည် မာ၍ ကျစ် ပြီးလျှင် အရောင်အဆင်းကောင်းသော်လည်း အပင်ငယ်သောကြောင့် တန်ဖိုး ရှိတန်သလောက်မရှိချေ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)