လေအားသုံး ကိရိယာ

ဝီကီပီးဒီးယား မှ

နျူမက်တစ်ကရိယာ[ပြင်ဆင်ရန်]

နျူမက်တစ်ကိရိယာဆိုသည်မှာ လေဖိအားကို အသုံးပြု သော ဖြတ်စက်၊ ဖောက်စက်စသည့် ကိရိယာတို့ကိုဆိုလိုသည်။ နျူမက်တစ်ကရိယာ စီမံထားပုံသဘောမှာ ပြွန်တစ်ခုအတွင်းသို့ အံကိုက်ဝင်နိုင်သော ပြွန်ကျပ်တစ်ခုကို တပ်သွင်း၍၊ တစ်ဖက်မှ လေအားဖြင့် တွန်းပေးရာတွင် ပြွန်ကျပ်သည် အခြားတစ်ဖက် သို့ ရွေ့သွားသည့် သဘောဖြစ်၏။ ပြွန်ကျပ်တွင် ပစ္စည်း တစ်ခုခုကို ဖြစ်စေ၊ ဘီးတပ်ယာဉ် ရထားတစ်ခုခုကိုဖြစ်စေ ဆွဲချိတ်ပေးထားပါက ပစ္စည်းသည်၎င်း၊ ရထားသည်၎င်း ပြွန်ကျပ်နှင့် အတူလိုက်ပါ သွားနိုင်သည်။ ဤနည်းကို ၁၈၅ဝ ပြည့်နှစ်လောက်တွင် အင်္ဂလန်ပြည်၌ လက်တွေ့ စတင်အသုံးချ ခဲ့ပြီးလျှင် ထိုအချိန်မှစ၍ အင်္ဂလန်၊ အမေရိကန်နှင့်တကွ နိုင်ငံ ကြီးအသီးအသီးတွင် ဤနည်းဖြင့် စီမံထားသော ကုန်ပို့ယာဉ် အမျိုးမျိုး ပေါ်ပေါက်ခဲ့လေသည်။ အင်္ဂလန်နှင့် အမေရိကန်နိုင်ငံများတွင် ကြေးနန်းနှင့် စာပို့ ဌာနများ၌ တစ်မြို့မှတစ်မြို့မှသို့၎င်း၊ တစ်နေရာမှ တစ်နေရာသို့ ၎င်း ကြေးနန်းစာ၊ ချောစာနှင့် ပါဆယ်များ ပို့ရန်အတွက် အဆိုပါ ယာဉ်မျိုးကို အသုံးပြုခဲ့ကြသည်။ ကြီးကျယ်သော ကုန်တိုက်ကြီးများတွင် အရောင်းသမားနှင့် ငွေကိုင်တာဝန်ခံ တို့၏ စပ်ကြား၌ သွင်းငွေနှင့် အမ်းငွေများကို အသွားအပြန် သယ်ဆောင်ပေးသည့် အလားတူ ခွက်ကလေးများကို တပ်ဆင် ထားလေ့ရှိကြသည်။ သတင်းစာတိုက်ကြီးများသည် မြို့တွင်းရှိ သတင်းစာ တိုက်ခွဲများသို့ ဤနည်းအတိုင်း စီမံထားသော လေဖိအားပြွန်များဖြင့်ပင် သတင်းစာထုပ်များ ပို့ပေး တတ်သည်ကို တွေ့ရ၏။ အထူးသဖြင့် ရေနွေးငွေ့နှင့်ဖြစ်စေ၊ လျှပ်စစ်ဓာတ်နှင့် ဖြစ်စေ ခုတ်မောင်းသော ကုန်တင်ရထား များကို အသုံးပြုရန် စိတ်မချရသည့် သတ္တုတွင်း လက်နက်ရုံ စသည့်ဌာနမျိုးတွင် လေဖိအားဖြင့် ခုတ်မောင်းရသော ကုန်တင် ရထားများသည် အလွန်ပင် အသုံးဝင် အရာရောက်ကြပေသည်။ သင်္ဘောများမှ စပါးကဲ့သို့သော ကုန်များကို ပြွန်များဖြင့် သယ်ယူရာ၌လည်း လေဖိအားကို အသုံးပြုနိုင်သည်။ ဤနည်း ဖြင့် သယ်ယူရာတွင် ရိုးရိုးစက်များဖြင့် သယ်ယူသည်ထက် စက်အားကို ပို၍ အသုံးပြု ရ၏။ သို့သော် ကုန်များကို လိုရာ သို့ အလွယ်တကူ ရွှေ့ပြောင်းသယ်ယူနိုင်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်ခြင်းတို့ကြောင့် အပိုကုန်ကျစရိတ်ကို တစ်နည်းအားဖြင့် ကာမိစေလေသည်။ လေဖိအားဖြင့် စီမံထားသော လေဖိအား တန်ဆာပလာ များကား အမြောက်အမြားပင် ရှိ၏။ အဆိုပါ တန်ဆာပလာ များသည် များသောအားဖြင့် ပေါ့ပါးသေးငယ်ကြသောကြောင့် တစ်နေရာမှတစ်နေရာသို့ လွယ်ကူစွာ ရွှေ့ပြောင်းသယ်ယူနိုင် သည်။ ဤတန်ဆာပလာများ ပေါ်ပေါက်လာသည့်အတွက် သတ္တုတွင်း၊ ကျောက်ကျင်း တူးခြင်း၊ လမ်း၊ ဥမင်နှင့် တူးမြောင်းဖောက်ခြင်း၊ အဆောက်အအုံ တည်ဆောက်ခြင်း၊ ဖြိုခွဲခြင်းစသော ကိစ္စများတွင် ရှေးကထက် အဆပေါင်းများစွာ အလုပ်တွင်ကျယ် သက်သာလာရပေသည်။ ဤတန်ဆာပလာများတွင် ပြွန်အတွင်း၌ ပြွန်ကျပ်၏ တစ်ဖက် တစ်ချက်မှ လေကိုလျင်မြန်စွာ ရှေ့တိုး နောက်ငယ် ရွေ့ရှား ထုရိုက်ပေးအောင် စီမံထားသော စက်မျိုးလည်း ရှိ၍ ဝင်ရိုး တံကို ပတ်ချာလည်အောင် စီမံထားသော စက်မျိုးလည်း ရှိလေ သည်။ ထုရိုက်ပေးသည့် စက်မျိုးတွင် ရဗစ်ရိုက်စက်၊ တာရပတ် ရိုက်စက်၊ ဆောက်ထိုးစက်၊ မြေဆောင့်စက်၊ တွင်းဖောက်စက်၊ တူစက်၊ လွှစက်၊ အရည်ဖျန်းစက် စသည်တို့ ပါဝင်၍ ယင်းတို့ အနက်၊ အချို့သောစက်များသည် တစ်မိနစ်လျှင် အကြိမ်ပေါင်း ၂ဝဝဝ ခန့်အထိပင် ထုရိုက်ပေးနိုင်သည်။ ဝင်ရိုးတံ လည်သော စက်မျိုးတွင်မူ၊ လွန်စက်၊ ကြိတ်စက်၊ ဝန်ချီစက် စသည်တို့ ပါဝင်ကြ၍ ကြိတ်စက်သည် တစ်မိနစ်လျှင် အပတ်ပေါင်း ၃ဝဝဝ မှ ၆ဝဝဝ အထိ လည်နိုင်ပြီးလျှင် ဝန်ချီစက်သည် ပေါင်ချိန် ၅ဝဝ မှ ၂ဝဝဝဝ အထိ ချီပင့်နိုင်လေသည်။ လေဖိအားဖြင့် စီမံထားသော ဖုံစုတ်စက်၊ ဖုံခါစက်များလည်း ရှိကြသေး၏။ အထက်တွင် ဖော်ပြခဲ့သော လေဖိအား ကိရိယာများသည် အသုံးကို လိုက်၍ အရွယ်အမျိုးမျိုး ရှိကြသည်။ တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်း အသုံးချရသော စက်များအတွက်၊ လေထိုးဘီးတပ်ထား၍ လိုသည့် နေရာသို့ ခုတ်မောင်း သွားလာနိုင်သော မော်တော်ကားအရွယ် လေပန်းစက်ကိုပါ တစ်ပါတည်း လွယ်ကူစွာ သယ်ဆောင်သွားနိုင်သည်။ ဆောက်ထိုးစက်၊ တွင်းဖောက်စက်ကဲ့သို့သော စက်မျိုး အလုပ် လုပ်နေချိန်၌ ထွက်ပေါ်လာသည့် အသံကား စက်သေနတ်သံ တမျှ ပြင်းထန် ဆူညံလှ၏။ သို့သော် ဤစက်များသာ မပေါ်ပေါက်သေးပါက ယခုခေတ် တည်ဆောက်ရေး လုပ်ငန်းအဝဝသည် ယခုလောက် ခရီးရောက်နိုင်မည် မဟုတ်ချေ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)