လေယာဉ်ပျံစနစ်

ဝီကီပီးဒီးယား မှ
Nexus 5; Android 4.4.2 တွင် လေယာဉ်ပျံစနစ် (airplane mode) အသုံးပြုထားပုံ

လေယာဉ်ပျံစနစ် (Airplane mode, Aeroplane mode, Flight mode, Offline mode, or Standalone mode ဟုလည်း အမျိုးမျိုး ခေါ်ဝေါ်သုံးစွဲသည်) သည် စမတ်ဖုန်းများနှင့် အခြားသယ်ဆောင်သွား၍ရသော ကွန်ပျူတာများတွင် ပါဝင်သည့် ဆက်တင် (setting) တစ်ခု ဖြစ်သည်။ ဤစနစ်ကို ဖွင့်ထားပါက ကိရိယာမှ ရေဒီယိုလှိုင်းများထုတ်လွှင့်မှုကို ဆိုင်းငံ့ထားသည်။ ဖုန်းအဆက်အသွယ်၊ ဘလူးတု၊ ဝိုင်ဖိုင် စသည်တို့ကို ပိတ်ပင်ရပ်တန့်ထားသည်။ GPS မှာမူ ရေဒီယိုလှိုင်းများကို အသုံးပြုမှု မရှိသဖြင့် ဖွင့်ပိတ်ကို မိမိဘာသာ ပြုလုပ်ထားနိုင်သည်။

လေယာဉ်ပျံစနစ် (Airplane mode) ဟူသည့် အမည်စကားလုံးသည် လေကြောင်းလိုင်းအများစုတွင် ပျံသန်းနေစဉ် ရေဒီယိုလှိုင်းများထုတ်လွှင့်သည့် ကိရိယာများ အသုံးပြုခြင်းကို ကန့်သတ်ထားရာမှာ ဖြစ်ပေါ်လာသည်။ ဤလေယာဉ်ပျံစနစ်ကို ကိရိယာတွင် အသုံးပြုထားပါက ရေဒီလှိုင်းများ ထုတ်လွှတ်မှုကို ကာကွယ်ပေးသည်။

လေယာဉ်ပျံစနစ်ကို အသုံးပြူထားပါက ဝိုင်ဖိုင်၊ ဘလူးတုတို့ကဲ့သို့သော လှိုင်းများထုတ်လွှတ်သည့် အရာများ၊ ဖုန်းခေါ်ဆို အသုံးပြုခြင်း၊ အသံ၊ စာသား စသည်တို့ကို ပိတ်ပင်တားမြစ်ထားသည်။ လေယာဉ်ပျံစနစ်အား အသုံးပြုထားသည့်အခါမျိုးတွင် ဝိုင်ဖိုင်နှင့် ဘလူးတုကိုမူ ဖွင့်ကာ အသုံးပြုနိုင်သေးသည်။ လေကြောင်းလိုင်းအချို့တွင် ၎င်းကို လက်ခံခွင့်ပြုထားသည်။ ရေဒီယိုနှင့် ဂြိုဟ်တုအသုံးပြုခြင်းတို့အတွက် ရေဒီယိုလှိုင်းများ လက်ခံရယူအသုံးပြုခြင်းကိုမူ တားမြစ်ထားမှု မရှိပေ။ သို့သော်လည်း တယ်လီဖုန်းနှင့် မက်ဆေ့များအား တုံ့ပြန်မှုမရှိဘဲ အဝင်လက်ခံခြင်းသည်ပင်လျှင် ရေဒီယိုလှိုင်းများ ထုတ်လွှတ်ရန် လိုအပ်ပေသည်။[၁][၂]

ပြန်လည်လေ့လာချက်များအရ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလတွင် အမေရိကန်နိုင်ငံဗဟိုလေကြောင်းစီမံခန့်ခွဲရေး (FAA) သည် လျှပ်စစ်ပစ္စည်းများကို လေယာဉ်ပျံစနစ်ဖြင့် အသုံးပြုကြရန် အကြံပြထားသည်။ တယ်လီဖုန်းပြောဆိုဆက်သွယ်ခြင်းကို ပိတ်ပင်ထားရန် ဖြစ်သည်။ သို့သော် ထိုအခြေအနေမျိုးတွင် ပစ္စည်းကိုင်ဆောင်သူသည် ဝိုင်ဖိုင်ကို သုံးစွဲချင်ပါက သုံးစွဲနိုင်မည် ဖြစ်သည်။ လှိုင်းတိုထုတ်လွှင့်မှုသာ ရှိသည့် ဘလူးတုကိုမူ အသုံးပြုခြင်း အမြဲတမ်း ခွင့်ပြထားသည်။ ပုံမှန်အားဖြင့် လေကြောင်းလိုင်းများသည် တစ်ကိုယ်ရေသုံးလျှပ်စစ်ပစ္စည်းများကိုသာ လက်သင့်ခံနိုင်သည့် အနေအထား ရှိသည်။ သို့သော်လည်း အချို့သော ပစ္စည်းအမျိုးအစားများကို လေကြောင်းလိုင်းများမှ ကန့်သတ်ပိတ်ပင်ထားသည်။

လေယာဉ်ပျံစနစ် ဖွင့်ထားစဉ်တွင်ပင် ပစ္စည်းကိရိယာအများစုသည် အသုံးပြုသူအား အီးမေးများ ရေးသားခြင်း၊ စာများ မှတ်သားခြင်း၊ မက်ဆေ့များ ရေးသားခြင်းတို့ကို ခွင့်ပြုပေးထားပြီး ၎င်းတို့ကို မန်မိုရီတွင် သိမ်းဆည်းပေးထားသည်။ လေယာဉ်ပျံစနစ်ကို ပိတ်လိုက်သည့်အခါတွင် မန်မိုရီထဲတွင် သိမ်းဆည်းထားသည်များကို ပေးပို့ပေးသည်။

လေယာဉ်ပျံစနစ်အသုံးပြုစဉ်တွင် ဖုန်းခေါ်ဆိုဆက်သွယ်ခြင်း၊ စာသားများ ပေးပို့ခြင်းများ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ သို့သော်လည်း နိုကီယာစမတ်ဖုန်းအချို့ကဲ့သို့သော ကိရိယာများတွင်မူ လေယာဉ်ပျံစနစ်ဖွင့်ထားစဉ် အရေးပေါ်ဖုန်းခေါ်ဆိုမှုများ ပြုလုပ်နိုင်အောင် စီစဉ်ထားသည်။ အခြားဖုန်းများတွင် ထိုကဲ့သို့သော လုပ်ဆောင်မှုမျိုး လုပ်ဆောင်နိုင်ခြင်း မရှိပေ။

အခြားတစ်ဖက်၌ လေယာဉ်ပျံစနစ်သည် လှိုင်းများထုတ်လွှတ်ခြင်း၊ လက်ခံရယူခြင်းကို ပိတ်ထားသည့်အတွက် စွမ်းအင်သုံးစွဲမှုကို လျော့ကျစေပြီး ဘက်ထရီ၏ ခံနိုင်စွမ်းကို တိုးစေသည်။

နိုင်ငံအမျိုးမျိုးရှိ တရားဝင်အခြေအနေများ[ပြင်ဆင်ရန်]

  • တရုတ်နိုင်ငံ − တရုတ်နိုင်ငံတွင် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ မတိုင်မီက ဆဲဖုန်းအားလုံးတွင် လေယာဉ်ပျံခလုတ်ဖွင့်ကာ အသုံးပြုခြင်းကို လေယာဉ်ပျံပျံသန်းနေသည့်အချိန်တွင် လုံးဝခွင့်ပြုထားခြင်း မရှိပေ။ ပင်လယ်ရေပြင်တွင် လှည့်ပတ်ကာ သွားလာသည့် ခရီးစဉ်မျိုးတွင် အခြားသော ကိရိယာများကိုမူ ခွင့်ပြုထားသည်။ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပြည်သူ့လေကြောင်းစီမံခန့်ခွဲမှုအာဏာပိုင်တို့က စည်းမျဉ်းများကို ဖြေလျော့ပေးခဲ့ပြီး တရုတ်ခရီးသွားအားလုံးကို တစ်ကိုယ်ရေသယ်ဆောင်သွားနိုင်သည့် လျှပ်စစ်ပစ္စည်းများကို လေယာဉ်ပျံစနစ်ဖွင့်ထားကာ အသုံးပြုစေခဲ့သည်။[၃]
  • ဥရောပ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ဥရောပလေကြောင်းထိန်းသိမ်းလုံခြုံရေးအေဂျင်စီသည် တစ်ကိုယ်ရေသယ်ဆောင်သွားနိုင်သည့် လျှပ်စစ်ပစ္စည်းများနှင့် ပတ်သတ်သည့် လမ်းညွှန်မှုကို ပြင်ဆင်ခဲ့သည်။ ထိုပစ္စည်းများကို လေယာဉ်ပျံစနစ်ဖွင့်ကာ လေယာဉ်ပျံသန်းနေသည့် ခရီးစဉ်တစ်လျှောက်လုံး အသုံးပြုရန် ခွင့်ပြုပေးခဲ့သည်။[၄]
  • အိန္ဒိယနိုင်ငံ ၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင် လေကြောင်းစီမံခန့်ခွဲမှုဌာန (DGCA) သည် တစ်ကိုယ်ရေသယ်ဆောင်အသုံးပြုနိုင်သည့် လျှပ်စစ်ပစ္စည်းများကို ပိတ်ပင်ထားသည့် စည်းမျဉ်းကို ပြုပြင်ပြောင်းလဲခဲ့ပြီး လေယာဉ်ပျံခရီးစဉ်များအားလုံး၌ အသုံးပြုခြင်းကို ခွင့်ပြုခဲ့သည်။[၅]

ကိုးကား[ပြင်ဆင်ရန်]

  1. iOS: Understanding airplane mode (၁၄ ဧပြီ ၂၀၁၅)။ “If allowed by the aircraft operator and applicable laws and regulations, you can re-enable Wi-Fi and Bluetooth while in airplane mode”
  2. Android: AIRPLANE_MODE_RADIOS။ “A comma separated list of radios that need to be disabled when airplane mode is on. This overrides WIFI_ON and BLUETOOTH_ON, if Wi-Fi and bluetooth are included in the comma separated list.”
  3. China’s air passengers could soon be allowed to use smartphones
  4. Attwooll၊ Jolyon (5 February 2016)။ Regulator confirms tablets safe to use during take-off
  5. DGCA allows in-flight use of mobile phones, tablets on flight mode (23 April 2014)။