လေပြင်းဖို

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

သံရိုင်းမှ သံစိမ်းရအောင် ထုတ်ယူလိုသောအခါ အဓိကအားဖြင့် လေပြင်းဖိုခေါ် သံရည်ကျိုဖိုကြီးများကို အသုံးပြုကြရသည်။ လေပြင်းဖိုမှာ မျှော်စင်တမျှမြင့်မားသော မတ်တတ်ဖိုကြီးဖြစ်၍ ထိပ်ဘက်သို့ တဖြည်းဖြည်းခြင်း အနည်းငယ်ရှူးသွားသည်။ ပေ ၉ဝ မှ ၁ဝဝ ခန့် မြင့်၍ အချင်းပေ ၃ဝ ခန့်ရှိသည်။ ဤဖိုကြီးမျိုးကို သံမဏိပြားများဖြင့် ဆောက် လုပ်၍ အတွင်းဖက်၌ မီးခံအုတ်များ ခံထားရလေသည်။ လေပြင်းဖိုကို အောက်ခြေမှထိပ်အထိ အောက်ခြေ၊ လည်တိုင်နှင့် ခေါင်းပိုင်းဟူ၍ သုံးပိုင်းခွဲခြားနိုင်သည်။ ဖိုအောက်ခြေမှာ သံရည်ပူများ စုပြုံ ကျရောက်ရာ အနိမ့်ဆုံးအပိုင်းဖြစ်သောကြောင့် ထိုအပိုင်းကို မီးခံအုတ် အကောင်းဆုံးအစားဖြင့် ထူထဲစွာဆောက်လုပ်ထားရသည်။ ဤအပိုင်းရှိ နံရံတွင် အပေါက်နှစ်ပေါက်ဖောက်ထားသည်။ တစ်ပေါက်မှာ သံရည်ကို ထုတ်ယူရန်ဖြစ်၍ အခြားတစ်ပေါက်မှာ ချောရည်ကို ထုတ်ပစ်ရန်ဖြစ်၏။ အောက်ခြေနှင့် လည်တိုင်စပ်ကြားနေရာလောက်တွင် ဖို၏အပြင်ဘက် ပတ် ပတ်လည်၌ တွီယာခေါ် လေပူကို မှုတ်သွင်းပေးသည့် လေပူမှုတ်ပြွန်များ တပ်ဆင်ထားသည်။ လည်တိုင်မှာ လေပူမှုတ်ပြွန်တို့ အထက်နား၌ ကပ် လျက်ရှိသဖြင့် ဖိုတစ်ခုလုံးတွင် အပူဆုံးအပိုင်းဖြစ်၏။ ထို့ကြောင့် ခံထား သည့်အုတ်များကို မီးစား၍ ပျက်စီးမသွားစေရန် အပြင်ဘက်မှ လှည့်ပတ် သွားအောင် စီမံထားသောရေဖြင့် အအေးခံပေးထားရသည်။ ခေါင်းပိုင်းတွင်မူ အပြင်ဘက်က သံမဏိပြား၊ အတွင်းဘတ်က မီးခံအုတ်များခံထားသည်မှအပ ထွေထွေထူးထူး စီမံထားခြင်းမရှိပေ။ ဖို၏ထိပ်၌ သံရိုင်းနှင့်တကွ အခြား ပစ္စည်းများ ထည့်ချပေးရန် အပေါက်ကြီးရှိ၍ ထိုထိပ်ဝတွင် ခေါင်းလောင်းပုံ အဖုံးနှစ်ထပ်ဖြင့် ပိတ်ထားသည်။ အဖုံးနှစ်ထပ်တပ်ဆင်ထားခြင်းမှာ သံရည် ကို မရပ်မနားဘဲ ကျိုနေစဉ်အချိန်အတွင်း ထိပ်ဝမှဓာတ်ငွေ့ပူများ မထွက်စေ ဘဲ လိုအပ်သောပစ္စည်းများကို ထည့်ပေးချပေးနိုင်စေရန်ဖြစ်လေသည်။ သံရည်မကျိုမီ ရှေးဦးစွာ သံရိုင်း၊ ကုတ်ကျောက်မီးသွေးနှင့် ထုံး ကျောက်တို့ကို ဖိုထဲသို့ ထိပ်ဝမှတစ်ဆင့် တစ်ထပ်စီ ချပေးရသည်။ ဤသို့ ချပေးရာတွင် လျှပ်စစ်ဓာတ်အားဖြင့်ဆွဲတင်သော ကုန်တင်လှည်းကလေးများ ဖြင့် ဖိုထိပ်အရောက်တင်ပေး၍ ထိပ်သို့ရောက်သောအခါ ကုန်တင်လှည်း ကလေးသည် အလိုအလျောက် တိမ်းမှောက်သွားပြီးလျှင် ပါသမျှပစ္စည်းကို ထိပ်ဝကတော့ထဲသို့ လောင်းချပေးသည်။ ချပေးလိုက်သော ပစ္စည်းသည် ရှေးဦးစွာ အပေါ်ဘက်ရှိ ခေါင်းလောင်းပုံအဖုံးပေါ်တွင် တင်နေသည်။ ထို အဖုံးကို အောက်နှိမ့်၍ ဖွင့်ပေးလိုက်သောအခါ တင်နေသောပစ္စည်းများသည် အထဲသို့ ကျသွားပြီးလျှင် ဒုတိယအဖုံးပေါ်၌ တင်နေပြန်သည်။ ဤသို့ ထပ် တလဲလဲ လောင်းချပေး၍ ပစ္စည်းအတော်များများရမှ ပထမအဖုံးကို ပိတ် လိုက်ပြီး ဒုတိယအဖုံးကို ဖွင့်ပေးခြင်းဖြင့် ဖိုထဲသို့ ပစ္စည်းများကို ချပေး သည်။ အဖုံးနှစ်ထပ်ဖြင့် ဤနည်းအတိုင်း ချပေးခြင်းကြောင့် ပစ္စည်းများကို ချပေးစဉ် ဖိုအတွင်မှ ဓာတ်ငွေ့ပူများ အပြင်ဘက်သို့ လွတ်မြောက်၍ မထွက်သွားနိုင်ချေ။ ဖိုထဲ၌ လိုအပ်သောပစ္စည်းများ အသင့်ရောက်ပြီးသောအခါ ကုတ် ကျောက်မီးသွေးကို အောက်ဘက်မှ စတင်မီးရှို့ပေး၍ လေပူကိုလည်း မှုတ် သွင်းပေးခြင်းဖြင့် သံရည်ကျိုသည့်အလုပ် စတင်လေတော့၏။ ကုတ်မီးသွေး သည် လေပူ၏အရှန်ကြောင့် လျင်မြန်စွာမီးလောင်၍ ထိုသို့ မီးလောင်သွား စဉ် အထက်ဘက်ရှိ ပစ္စည်းများသည် အောက်သို့ တဖြည်းဖြည်း အိကျလာ သည်။ ထိုအချိန်တွင် ဖို၏ထိပ်ဝမှနေ၍ ပစ္စည်းအသစ်များကို အချိုးကျ အဆက်မပြတ် ထည့်ပေးလျက်ရှိသဖြင့် ဖိုထဲ၌ ပြည့်မြဲပြည့်၍ နေလေသည်။ ဖိုထဲ၌ရှိသည့် အပူချိန်မှာ ဖာရင်ဟိုက် ဒီဂရီ ၃ဝဝဝ မှ ၃၅ဝဝ ခန့်အထိ ရှိသဖြင့် အလွန်ပြင်းထန်၏။ ထိုအပူရှိန်ကြောင့် ဖိုထဲ၌ရှိသည့် ပစ္စည်း များသည် အစဉ်အတိုင်း အရည်ပျော်၍ ဓာတ်ပြောင်းမှုအမျိုးမျိုး ဖြစ်ပွားပြီး လျှင် နောက်ဆုံး၌ သံနှင့်ချော်ရည်တို့သည် အောက်ခြေသို့ ကျဆင်းလာကြ သည်။ ချော်မှာ သံထက်ပေါ့သဖြင့် သံရည်ပူပေါ်၌ ပေါလောပေါ်နေသည်။ ချောရည်ပူကို မကြာမကြာ ချော်ရည်ထုတ်ပေါက်မှ ထုတ်ပစ်၍ သံရည်ပူကို လည်း သံရည်ထုတ်ပေါက်များမှ အလားတူ ထုတ်ယူပြီး သဲခင်းထားသော မြောင်းများတွင် အအေးခံယူသည်။ အေးသွားသောအခါ သံစိမ်းတုံးများ ဖြစ် လာကြ၏။ သွန်းသံ၊ ချွတ်သံ(ချွတ်ပြီးသားသံ)နှင့် သံမဏိများကိုလိုသော် အဆိုပါ သံစိမ်းများမှတစ်ဆင့် ပြုလုပ်ယူရလေသည်။ ရှေးက ဖိုအတွင်းသို့ လေပူအစား လေအေးကိုပင် မှုတ်သွင်းပေး ခဲ့ကြသဖြင့် ကုတ်ကျောက်မီးသွေး အကုန်အကျများခဲ့သည်။ လေပူကို အသုံးပြုသောအခါ ကုတ်မီးသွေးထက်ဝက်မက အကုန်သက်သာလော၍ ယခုအခါ လေပူကို များများဖိနှိပ်ပြီး သွင်းပေးသောအခါ ထိုထက်မက သက်သာလာကြောင်း တွေ့ရှိလာကြသည်။ တစ်ဖန်ဖိုအတွင်းရှိ ပစ္စည်းများ မီးလောင်မှထွက်လာသော ဓာတ် ငွေ့ပူတို့သည် ယခင်က ဖိုထိပ်၌လောင်ကျွမ်းကာ အလဟဿ ဆုံးပါးသွား ကြ၏။ ယခုအခါတွင်မူ ထိုဓာတ်ငွေ့ပူများကို ပြွန်များဖြင့် သယ်ယူပြီး နောက် ဖိုထဲသို့ သွင်းပေးမည့်လေကို ကြိုတင်အပူတိုက်ပေးခြင်း၊ လေမှုတ် စက်ရှိ ဓာတ်ငွေ့အင်ဂျင်စက်များကို မောင်းနှင်စေခြင်း စသည့်ကိစ္စများ အတွက် အကျိုးရှိစွာ အသုးချလျက်ရှိပေပြီ။ ချော်များကိုလည်း ယခင်က စွန့်ပစ်လေ့ရှိရာ ယခုအခါ လမ်းခင်းရန်နှင့် ဘိလပ်မြေတစ်မျိုး ပြုလုပ်ရန် အတွက် အသုံးချလျက်ရှိပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)