လေဒင်ဓာတ်အိုး

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
လေဒင်ဓာတ်အိုး

လေဒင်ဓာတ်အိုး ဆိုသည်မှာ လျှပ်စစ်ဓာတ်သိုလှောင်ရန်အတွက် ကနဦးကပေါ်ပေါက် အသုံးပြုခဲ့သော ကွန်ဒင်းဆာတစ်မျိုးဖြစ်သည်။ ၁၇၄၅ ခုနှစ်တွင် ဟော်လန်နိုင်ငံလေဒင်မြို့မှ စတင်ပေါ်ပေါက်သောကြောင့် လေဒင်ဓာတ်အိုးဟု တွင်ခဲ့ခြင်းဖြစ်၏။

လေဒင်ဓာတ်အိုးမှာ အဝကျယ်သောဖန်အိုးအဖြစ်၍ အိုးဝကိုဖော့ဆို့ဖြင့်ပိတ်ထားသည်။ အိုး၏အတွင်းနှင့် အပြင်ဘက်တွင် အောက်ပိုင်းတဝက်မျှကို ပါးလွှာသောသံဖြူပြားဖြင့်ကပ်ထားလျက် ဖုံးအုပ်သည့်သံဖြူမှာလျှပ်စစ်ဓာတ်လိုက်ပစ္စည်းဖြစ်၍ သံဖြူပြားနှစ်ခုကြားရှိ ဖန်သည် လျှပ်စစ်ဓာတ်မလိုက်သည့်ပစ္စည်းဖြစ်သည်။

ကြေးဝါတိုင်တချောင်းကို အိုးအတွင်းဘက်သို့ သံဖြူပြားနှင့်ထိအောင် ဖော့ဆို့၌အပေါက်ဖောက်၍ စိုက်ထားသည်။ လျှပ်စစ်ဓာတ်ကို ကြေးဝါတိုင်သို့ တနည်းနည်းဖြင့်လိုက်စေသောအခါ လျှပ်စစ်ဓာတ်သည် အိုးအတွင်းရှိ သံဖြူပြားသို့ရောက်သွား၏။ သံဖြူပြားနှစ်ခုကြားတွင် လျှပ်စစ်ဓာတ်မလိုက်သည့်အတွက် ဤလျှပ်စစ်ဓာတ်သည် အိုးအပြင်ဘက်ရှိ သံဖြူပြားသို့ မကူးနိုင်ချေ။ သို့ရာတွင်အိုးအပြင်ဘက် သံဖြူပြားကို မြေကြီးနှင့်တနည်းတစ်လမ်းဆက်ထားမည်ဆိုပါက လျှပ်စစ်ညှို့မှုကြောင့် ထိုသံဖြူပြားတွင် အတွင်းဘက်သံဖြူပြားနှင့် ဆန့်ကျင်သော လျှပ်စစ်ဓာတ်ဝင်လာလေသည်။

ဤကဲ့သို့ အတွင်းအပြင်နှစ်ဖက်စလုံးရှိ သံဖြူပြားများ၌ ဓာတ်ဝင်နေချိန်တွင် လက်တစ်ဖက်ဖြင့် အပြင်ဘက်သံဖြူပြားကိုထိထား၍ ကျန်လက်ဖြင့် ကြေးဝါကိုတို့ကြည့်လျှင်ဖြစ်စေ၊ သို့မဟုတ် ဝိုင်ယာကြိုးဖြင့် တနည်းတလမ်းဆက်သွယ်၍ ကိုင်ကြည့်လျှင်ဖြစ်စေ ရုတ်တရက်ဓာတ်လိုက်ခြင်းမှာ လေဒင်ဓာတ်အိုးပေါ်စအချိန်က အထူးအဆန်းဖြစ်နေသည့်အတိုင်း မြို့တကာလျှောက် လှည့်ပြ၍စီးပွားရှာခြင်းဖြင့် ချမ်းသာသူသများပင် ရှိခဲ့ဖူးလေသည်။ အဆိုပါ သံဖြူပြားနှစ်ခုကို ဝိုင်ယာကြိုးဖြင့် ဆက်ကြည့်လျှင် ဓာတ်နှစ်ခုမှာ ဆန့်ကျင်နေသည့်အတွက် မီးပွင့်သည်ကိုလည်း တွေ့နိုင်ပေသည်။ သို့ရာတွင် လေဒင်ဓာတ်အိုးသာမက မည်သည့်ကွန်ဒင်ဆားမျိုးမှာမဆို ထိုသို့ပွင့်ထွက်သော လျှပ်စစ်မီးပွားသည် တသမတ်တည်း ဆက်တိုက်ပွင့်ခြင်းမရှိချေ။ အကြိမ်ပေါင်းများစွာ ရှေ့တိုးနောက်ငင်သွာားနေပြီးမှ တဖြည်းဖြည်းအားကုန်ပြီး ရပ်နားသွားသည်။ လျှပ်စစ်ဓာတ်၏ ဤသို့ ရှေ့တိုးနောက်ငင်လျင်မြန်စွာ လှုပ်ရှားမှုသည် ရေဒီယို လှိုင်းများကို ဖြစ်ပေါ်စေ၍ ဝိုင်ယာလက်နှင့် ရေဒီယိုအသံလွှင့်ရာတွင် ဤသဘောကိုပင် အခြေံပြုထားပေသည်။ လေဒင်ဓာတ်အိုးများကို ယခုအခါတွင် လက်တွေ့စမ်းသပ်ခန်းများ ၌သာ စမ်းသပ်မှုကိစ္စများအတွက် အသုံးပြုကြလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)