လေဆာရောင်ခြည်

ဝီကီပီးဒီးယား မှ
လှိုင်းအလျားအမျိုးမျိုးရှိသော လေ ဆာ‌ရောင်ခြည်များ

လေဆာရောင်ခြည်ဆိုသည်မှာ ရိုးရိုးအလင်း ရောင်ထက် အဆပေါင်းများစွာ ပြင်းအားကြီးအောင် ဖန်တီးယူထားသည့် အလင်းရောင် တစ်မျိုးဖြစ်၏။ ရိုးရိုးအလင်းရောင်နှင့် လေဆာရောင်ခြည်တို့၏ ခြားနားချက်မှာ ရိုးရိုးအလင်းရောင်ခြည်တွင် အရောင်ပေါင်းစုံပါရှိပြီးလျှင် အဘက်ဘက်သို့ ဖြာထွက်၏။ တစ်နေရာတည်းသို့ စူးစိုက်၍ ထိုးလွတ်သော အခါ၌ နေရာဝေးကွာသည်နှင့် အမျှဘေးသို့ ပို၍ဖြာထွက်၏။ လေဆာရောင် ခြည်မှာမူ တစ်ရောင်တည်းဖြစ်ပြီးလျှင် ရိုးရိုးအလင်းရောင်ခြည်ထက် အတိုင်းအဆအားဖြင့် သန်းပေါင်းများစွာ ပို၍ပြင်းအားကြီး၏။ တစ်နေရာ တည်းသို့ စူးစိုက်၍ ထိုးလွှတ်ပေးရာ၌ ဘေးသို့ဖြာထွက်ခြင်းမရှိ၊ မီးသတ် ပိုက်ခေါင်းမှထွက်သည့် ရေကဲ့သို့ စူးရှလှ၏။ ခရီးမိုင်ပေါင်းများစွာ အကွာ အဝေးသို့ လေဇာရောင်ခြည်သည် ဘေးသို့ဖြာထွက်ခြင်းမရှိဘဲ ဖြောင့်တန်း စွာ သွားနိုင်လေသည်။

လေဆာရောင်ခြည်သည် အလင်းရောင်တောက်ပရာ၌ နေမျက်နှာ ပြင်ဘေးရှိ နေရောင်၏ အလင်းရောင်ထက် အဆပေါင်းကုဋေကုဋာ ပို၍ တောက်ပ၏။ အပူရှိန်ပြင်းထန်သနည်းဟူမူ လေဆာရောင်ခြည်ကို သတ္တုများ ပေါ်သို့ ထိုးပေးမည်ဆိုလျှင် လေဆာရောင်ခြည်သည် သတ္တုကို အရည်ပျော် စေပြီးလျှင် တစ်ဘက်သို့ ထုတ်ချင်းခတ် ထိုးဖောက်ထွက်နိုင်၏။ အနီးကပ် ၍ တစ်နေရာတည်း စူးစိုက်ထိုးပေးမည်ဆိုလျှင် ကမ္ဘာပေါ်ရှိ မည်သည့် ပစ္စည်းကိုမဆို မီးလောင်စေ၍ အငွေ့အဖြစ်သို့ ပြောင်းလဲပစ်နိုင်၏။ ဤသို့ ထူးခြားသော လေဆာရောင်ခြည်ကို တစ်နည်းတစ်ဖုံ အသုံးပြုရန်အတွက် သုတေသနလုပ်ငန်းများ လုပ်ကိုင်ခဲ့ရာ ယခုအခါ လူ့အကျိုးပြု လုပ်ငန်းများ တွင် လေဆာရောင်ခြည်ကို အောင်မြင်စွာ အသုံးပြုနိုင်ကြပြီ ဖြစ်လေသည်။ လေဆာရောင်ခြည်၏ သဘောကို ဖော်ထုတ်နိုင်ကြသည်မှာ မကြာ လှသေးပေ။ ၁၉၅၈ ခုနှစ်ခန့်က ဒေါက်တာချားတောင်းနှင့် ဒေါက်တာ အာသာစကောလိုးဆိုသူ အမေရိကန် သိပ္ပံပညာရှင် နှစ်ဦးတို့သည် မည်သို့ မည်ပုံ ဖန်တီး၍ လေဆာရောင်ခြည်ကို ထုတ်ယူနိုင်ကြောင်းကို စတင်ရေး သားဖော်ပြခဲ့ကြ၏။

မေဆာခေါ် လျှပ်စစ်သံလိုက် ရောင်ခြည်တစ်မျိုးကို တစ် နည်းတစ်ဖုံ ဖန်တီးယူရာမှ လေဆာရောင်ခြည်ကို ရရှိခြင်းဖြစ်ပေသည်။ မူရင်းရောင်ခြည်ဖြစ်သော မေဆာရောင်ခြည်ကို စတင်တီထွင်သူမှာ ဒေါက် တာ ချားတောင်းပင်ဖြစ်၏။ ဒေါက်တာ ချားတောင်းသည် ၁၉၅၁ ခုနှစ်က ပင် မေဇာရောင်ခြည်ကို တီထွင်နိုင်ခဲ့ပြီးလျှင် ထိုမေဆာရောင်ခြည်နှင့် စပ် လျဉ်း၍ သုတေသနလုပ်ငန်းများပြုလုပ်ခဲ့ရာ နောက်ဆုံး ၁၉၆၄ ခုနှစ်တွင် ရူပဗေဒပညာရပ်ဆိုင်ရာ နိုဗယ်ဆုကို ဆွတ်ခူးနိုင်ခဲ့လေသည်။ ထို့နောက် ဒေါက်တာ သီအိုဒိုမေမန်းဆိုသူ အမေရိကန် သိပ္ပံပညာရှင် တစ်ဦးသည် အထက်ပါ ဒေါက်တာ ချားတောင်းနှင့် ဒေါက်တာ အာသာစကောလိုးတို့ ဖော်ထုတ်ရေးသားခဲ့သည့် သီအိုရီသဘောအတိုင်း လက်တွေ့ကြိုးစားရာမှ ၁၉၆ဝ ပြည့်နှစ်တွင် လေဆာရောင်ခြည်ကို မျက်ဝါးထင်ထင် လက်တွေ့ ထုတ်ဖော်ပြသနိုင်ခဲ့ပေသည်။

လေဆာရောင်ခြည်ထုတ်ယူပုံ အကြမ်းသဘောမှာ ဤသို့ဖြစ်သည်။ ဦးစွာ၌ တွင်းထွက်ပတ္တမြားစစ်နှင့် ရွေးမရလောက် အောင်တူသည့်ပတ္တမြား တုတစ်လုံးကို ဖန်တီးယူ၏။ ထိုပတ္တမြားတုပုံသဏ္ဌာန်မှာ ရှည်မျောမျော ဖြစ်၍ ထိပ်စွန်းနှစ်ဖက်ကို ချောမွတ်စေရန် ကောင်းစွာ ပွတ်တိုက်ပေးထား၏။ ထို့ နောက် ကြေးမုံများကို ငွေရောင်သုတ်လိမ်းသကဲ့သို့ ထိုပတ္တမြားတု၏ ထိပ် စွန်းနှစ်ဖက်ကို ငွေရောင်သုတ်လိမ်းပေး၏။ အစွန်းတစ်ဖက်ကို အပြည့်အဝ အရောင်ပြန်အောင် သုတ်လိမ်းပေးပြီးလျှင် ကျန်တစ်ဖက်ကိုမူ တစ်ဝက်တစ် ပျက်သာ အရောင်ပြန်အောင် သုတ်လိမ်းပေး၏။ ဤသို့အားဖြင့် ပတ္တမြား အတုထိပ်စွန်းနှစ်ဖက်၏ မျက်နှာပြင်သည် ကြေးမုံပြင်ကဲ့သို့ အလင်းရောင် ကို အပြန်အလှန် ရောင်ပြန်ဟပ်ပေးသည်။ ထို့နောက် ပတ္တမြားတုပတ် လည်မှနေ၍ အမှောင်အတွင်း ဓာတ်ပုံရိုက်ရာတွင် အသုံးပြုသော မီးသီးမှ ထွက်သည့် အလင်းကဲ့သို့ အလွန်ပြင်းအားကြီးသည့် အလင်းရောင်ကို ပတ္တမြားတုအတွင်းသို့ လျှပ်တစ်ပျက်ထိုးပေး၏။ သို့တည်းမဟုတ် ပတ္တမြား တုအတွင်းကိုဖြတ်၍ ဒီစီလျှပ်စစ်စီးကြောင်းကို ဖြတ်စီးစေ၏။ ထိုအခါ ပတ္တမြားတုထဲ၌ပါရှိနေသည့် ခရိုမီယမ်အက်တမ်များသည်ဆွခြင်းခံကြရ၏။ ဤသို့ ခရိုမီယမ်အက်တမ်များ ဆွထားအခြေအနေသို့ ရောက် လာသောအခါ၌ အက်တမ်များအတွင်းပါရှိသော အီလက်ထရွန်များသည်နဂို ပတ်လမ်းမှ ဆွထားအခြေပတ်လမ်းများသို့ခုန်တက်၍ ပတ်နေကြ၏။ ဤ အခါ၌ စွမ်းအင်များကို စုတ်ယူကြ၏။

အီလက်ထရွန်ဆိုသည်မှာအက်တမ် အောက်ငယ်သည့် လျှပ်စစ်အမဆောင်သော အမှုန်ကလေးများပင်ဖြစ်ပြီးလျှင် အက်တမ်၏ အစိတ်အပိုင်းကလေးများဖြစ်၏။ ယင်းတို့သည် အက်တမ် အတွင်း နျူကလိယကိုပတ်၍ လည်နေကြ၏။ အီလက်ထရွန်များသည်ဆွ ထားအခြေ၌ ထာဝရမနေနိုင်၊ နဂိုအခြေသို့ တဖန်ပြန်လည်ခုန်ဆင်းရ၏။ ယင်းအခါ၌ စုတ်ယူထားရှိသော စွမ်းအင်ကို ဖိုတွန်ဟုခေါ်သော အလင်း ကွန်တမ်အဖြစ် ထုတ်လွတ်လေသည်။ အလင်းရောင်ခြည်မှာ အလင်းကွန် တမ်များဖြစ်သော ဖိုတွန်များပေတည်း။ ရိုးရိုး အလင်းရောင်ခြည်ကိုအက်တမ် များသည် ဤသို့ထုတ်လွှတ်ကြ၏။ ဆွထားအခြေ၌ရှိနေသော ခရိုမီယမ်အက်တမ်များမှ အီလက်ထရွန် များကို သဘာဝအလျောက် နဂိုအခြေသို့ ခုန်ဆင်းသည်အထိ မစောင့်တော့ ဘဲ အလျင်အမြန်ခုန်ဆင်းအောင် အားပေးနှိုးဆွ၍ရပေသည်။ နှိုးဆွပုံမှာ အောက်ပါအတိုင်းဖြစ်၏။ သဘာဝအလျောက်ဆွထားအခြေမှ နဂိုအခြေသို့ အီလက်ထရွန်ခုန်ဆင်းရာမှ ထွက်လာသော ဖိုတွန်အချို့မှာမူ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ကြေမုံကဲ့သို့ပြုလုပ်ထားသော ပတ္တမြားတုထိပ်စွန်းနှစ် ဖက်ကြားတွင် အပြန်အလှန်အလင်းပြန်၍ သွားနေကြ၏။ ထိုသို့ ပြေးသွား နေသော ဖိုတွန်များသည် ဆွထားအခြေ၌ရှိနေသော အက်တမ်များကို ဝင် တိုက်မိလျှင် ယင်းတို့၏ စွမ်းအင်နှင့် လားရာဘက်အတိုင်း တူညီသော ဖိုတွန်အသစ်များကိုထွက်စေ၏။ တစ်နည်းဆိုရသော် သဘာဝအလျောက် ထွက်လာသည်အထိ မစောင့်တော့ဘဲ ပြင်ပမှဖိုတွန်များဖြင့် တိုက်ခိုက်နှိုးဆွ ၍ ဖိုတွန်အသစ်များကို ထုတ်ယူခြင်းဖြစ်၏။

ဤသို့အားဖြင့် ဖိုတွန်များသည် တဖြည်းဖြည်းများလာပြီးလျှင် ပတ္တမြားတုထဲတွင် သွယ်တန်းနေသည့်ရောင်ခြည်တန်းတစ်ခုဖြစ်ပေါ်လာ၏။ ထိုရောင်ခြည်တန်းသည် ပတ္တမြားတု ထိပ်စွန်းနှစ်ဖက်ကြားတွင် အကြိမ် ပေါင်း သန်းပေါင်းများစွာ အပြန်အလှန်သွားလျက်ရှိ၏။ ဤသို့ရှိနေရာမှ နောက်ဆုံးတွင် ဖိုတွန်များ၏ အလင်းရောင်ပြင်းအားမှာ အလွန်တစ်ရာမှပင် ပြင်းထန်လာပြီးလျှင် အလင်းရောင်ခြည်အဖြစ် တစ်ဝက်တစ်ပျက် အရောင် ပြန်သည့်အစွန်းမှ အပြင်သို့ထိုးထွက်လာတော့သည်။ ထိုအလင်းရောင်ခြည် တန်းမှာ လေဆာာရောင်ခြည်ပင်ဖြစ်သည်။ ဤသို့ ပတ္တမြားတုကို အလင်း၊ သို့မဟုတ် ဒီစီလျှပ်စစ်စီးစေပြီးလျှင် ဆွပေးရာမှ နောက်ဆုံးလေဆာရောင် ခြည်အဖြစ် ထွက်လာသည်အထိ ကြာမြင့်သည့်အချိန်ပိုင်းမှာ တစ်စက္ကန့်၏ အပုံတစ်ထောင်ပုံ အပုံအနည်းငယ်ခန့်သာ ရှိပေသည်။ ထိုသို့ ပတ္တမြားတုကို အသုံးပြုထားသည့်ကိရိယာမှ ထုတ်လွှင့် ပေးသည့် လေဆာရောင်ခြည်သည် လက်နှိပ်ဓာတ်မီးထိုး ထားဘိအလား တစ်သမတ်တည်း ထိုးထွက်နေသောရောင်ခြည်မျိုးမဟုတ်။ ခလုတ်ကိုပိတ် ချည် ဖွင့်ချည် ပြုလုပ်ပေးသကဲ့သို့ သူ့အချိန်နှင့်သူ အချိန်မှန်မှန် ဖျပ်ခနဲ ဖျပ်ခနဲထွက်လာသည့် အလင်းရောင်ခြည်တန်း သဘောမျိုးဖြစ်၏။ အရောင် မှာ အနီရောင်ရှိ၏။ ပြင်းအားမှာလည်း ပြင်းထန်လှသည်။ ထိုလေဆာရောင် ခြည်ကို မှန်ဘီလူးတစ်ခုနှင့် ဖမ်းယူပြီးလျှင် အထူလက်မတစ်မတ်ရှိသော သံမဏိကိုမီးလောင်စေပြီးလျှင် တစ်ဖက်သို့ ထုတ်ချင်းခတ် ထိုးဖောက်သွား သည်ကို တွေ့ကြရလေသည်။

လေဆာရောင်ခြည်ကို ဖန်တီးရာ၌ ပတ္တမြားတုကိုသာ အသုံးပြုမှ ရယူနိုင်ကြသည်မဟုတ်။ အခြားအရာဝတ္ထုများကိုလည်း အသုံးပြု၍လေဆာ ရောင်ခြည်ကို ဖန်တီးယူနိုင်ကြပေသည်။ ပုံပမာ - လေဆာရောင်ခြည် ဖန် တီးယူရာ၌ ဝီစကီအရက်ကိုပင် အသုံးပြုနိုင်၏။ ဝီစကီကို အငွေ့ဖြစ်အောင် ပြုလုပ်ပြီးလျှင် ဖန်ပြွန်တွင်ထည့်၍ ဤဝီစကီအငွေ့မှတစ်ဆင့် လေဆာရောင် ခြည်ကို ဖန်တီးယူနိုင်၏။ ဤသို့အငွေ့များကို အသုံးပြုသည့် လေဆာရောင် ခြည် ကိရိယာများမှ ထုတ်လွှတ်ပေးသော လေဆာရောင်ခြည်များသည် ပတ္တမြားတုကို အသုံးပြုဖန်တီးယူသည့် လေဆာရောင်ခြည် သဘောမျိုး မဟုတ်ဘဲ နီယွန်မီးချောင်းများကဲ့သို့ လေဆာရောင်ခြည်တန်းကို မပြတ် ထုတ်လွှတ်ပေးသည်။ ထို့ပြင် လေဆာရောင်ခြည်များကို ဖန်တီးယူရာ၌ အလင်းရောင် ခြည်ဖြင့်သာမကသေး ရေဒီယိုလှိုင်းများဖြင့်လည်းကောင်း၊လျှပ်စစ်ဓာတ်အား ဖြင့်လည်းကောင်း၊ ဓာတုဗေဒဓာတ်ပစ္စည်းအချင်းချင်း ပေါင်းစပ်စေခြင်းဖြင့် လည်းကောင်း နည်းအမျိုးမျိုး ဖန်တီး၍လည်း လေဆာရောင်ခြည်များကို ထုတ်ယူနိုင်ကြပေသည်။ အခြေခံနိယာမသဘောမှာမူ အထက်တွင်ပြဆိုခဲ့ သော ပတ္တမြားတုကို အသုံးပြု၍ လေဆာရောင်ခြည် ဖန်တီးယူသည့် သဘော မျိုးသာဖြစ်၏။

သို့သော် လေဆာရောင်ခြည်တိုင်းကို သာမန်မျက်စိဖြင့် မတွေ့ မမြင်နိုင်ပေ။ အချို့သော လေဆာရောင်ခြည်ကိရိယာမှ ထုတ်လွှတ်ပေးသည့် လေဆာရောင်ခြည်များသည် အနီအောက်ရောင်ခြည်ကဲ့သို့သောသာမန်မျက်စိ မမြင်တွေ့ရသည့် ရောင်ခြည်သဘောမျိုးဖြစ်၏။ ဤကဲ့သို့သာမန်မျက်စိဖြင့် မမြင်မတွေ့ရသည့် လေဆာရောင်ခြည်များထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ကို အသုံးပြုဖန်တီးယူသော လေဆာရောင်ခြည်သည် အပြင်းထန် ဆုံးဖြစ်၏။ အဆက်မပြတ် အပူရှိန်လည်း ပြင်းထန်လှ၏။ ဤကဲ့သို့သော လေဆာရောင်ခြည်မျိုးများကို လက်နက်အဖြစ် အသုံးပြုရန် အလားအလာ များစွာရှိသည်ဟု ဆိုပေသည်။ အပူရှိန်ပြင်းထန်လှသော လေဆာရောင်ခြည်များကို အထူးသဖြင့် စက်မှုလက်မှုလုပ်ငန်းများတွင် ထိရောက်စွာ အသုံးပြုနိုင်ကြပေသည်။ စက်မှု လက်မှုလုပ်ငန်းများတွင် သတ္တုများကို အပေါက်ဖောက်ရာ၌ လည်းကောင်း၊ ဖြတ်တောက်ရာ၌လည်းကောင်း၊ တစ်ခုနှင့်တစ်ခု ဂဟေဆက်ရာ၌လည်း ကောင်း လေဆာရောင်ခြည်ကို အသုံးပြုကြ၏။

အလွန်တစ်ရာမှ မာကျောလှ ပြီးလျှင် ပြင်းထန်လှသော အပူရှိန်ကို ခံနိုင်ရည်ရှိသည့် တီတန်နီယမ်ကဲ့သို့ သော သတ္တုများကို လေဆာရောင်ခြည်၏အကူအညီဖြင့် လွယ်ကူစွာဂဟေ ဆက်စေနိုင်၏။ ကမ္ဘာပေါ်တွင် အမာကျောဆုံး ဝတ္ထုဟုဆိုရမည့် စိန်ကိုပင် လေဆာရောင်ခြည်ဖြင့် မိနစ်အနည်းငယ်အတွင်း ဖောက်နိုင်၏။ လေဆာ ရောင်ခြည်၏အစွမ်းကို တဖြည်းဖြည်းသိရှိလာရာမှ လုပ်ငန်းအမျိုးမျိုးအတွက် လေဆာရောင်ခြည်ကို အသုံးပြုထားသည့် ကိရိယာများကိုလည်း အစီအရီ တီထွင်လာကြပြီဖြစ်၏။ ဥပမာအားဖြင့် အရာဝတ္ထုများထဲတွင်ပါရှိသော ဓာတ်ပစ္စည်းများကို ခွဲခြမ်းစိတ်ဖြာ၍ ကြည့်ရှုစစ်ဆေးရာ၌ အသုံးပြုရန် အတွက် အဓိကအားဖြင့် လေဆာရောင်ခြည်ကို အသုံးပြုထားသည့် မိုက္ကရို ပရုပ်ခေါ် ကိရိယာတစ်မျိုးကို တီထွင်ထားရာ၊ ထိုကိရိယာအားဖြင့် နာမည် ကျော် ပန်ချီကားအတုများကိုလည်းကောင်း၊ ရှေးဟောင်းပစ္စည်းအတုများကို လည်းကောင်း ခွဲခြားနိုင်ကြပေသည်။ ထို့ပြင် ထိုကိရိယာကို ဆေးဖက် ဆိုင်ရာ လုပ်ငန်းများတွင်လည်း အသုံးပြုကြသေး၏။ နောင်အခါ လေဆာ ရောင်ခြည်ကို ဆေးဝါးကုသမှုဆိုင်ရာလုပ်ငန်းများတွင် တွင်ကျယ်စွာ အသုံး ပြုနိုင်လိမ့်မည်ဟု သိပ္ပံပညာရှင်များက မျှော်လင့်ထားကြလေသည်။

လေဆာရောင်ခြည်ကို ကျယ်ကျယ်ပြန့်ပြန့်စမ်းသပ်၍ အသုံးပြုလာ ပြီဖြစ်သဖြင့် ကာကွယ်ရေးလုပ်ငန်းများ၌ပင် လေဆာရောင်ခြည်ကို အသုံးပြု ထားသည့် ကိရိယာများရှိနေပေပြီ။ ဓာတ်ပုံရိုက်ကူးသည့် လုပ်ငန်းများ၌ လည်း လေဆာရောင်ခြည်ကို အသုံးပြုနေကြပြီဖြစ်၍ ရေငုပ်သင်္ဘော များ၌လည်း လောရောင်ခြည်ကို အသုံးပြုနေကြပေပြီ။ ရေဒီယို ရုပ်မြင်သံကြားနှင့် အခြား အချက်ပြဆက်သွယ်ရေးလုပ်ငန်းများ၌ သမားရိုးကျ နည်းများအတိုင်း မဟုတ်ဘဲ လေဆာရောင်ခြည်ကို အသုံးပြုမည်ဆိုလျှင် အထူးပင် လျင်မြန်ထိ ရောက်မည်ဟုဆို၏။ အာကသထဲ၌လည်းကောင်း၊ ရေအောက်၌လည်း ကောင်း အချက်ပြဆက်သွယ်ရေး လုပ်ငန်းများပြုလုပ်ရာတွင် လေဆာရောင် ခြည်ကိုစမ်းသပ်အသုံးပြုရာ၌လည်း လေဆာရောင်ခြည်၏အစွမ်းမှာ အံ့မခန်း လောက်အောင်ပင်ဖြစ်၏။ အာကာသယာဉ်များ တစ်စင်းနှင့်တစ်စင်း ရေဒီယို ဆက်သွယ်ရာ၌လည်းကောင်း၊ အာကာသယာဉ်များမှနေ၍ ကမ္ဘာမြေပြင်ကို ဖြစ်စေ၊ အခြားဂြိုတ်များကိုဖြစ်စေ ဓာတ်ပုံရိုက်ကူးရာ၌လည်းကောင်း လေ ဆာရောင်ခြည်ကို အသုံးပြုမည်ဆိုလျှင် အထူးလျင်မြန်စွာ ဓာတ်ပုံများ ရိုက် ယူနိုင်သည်ဟု ဆိုလေသည်။ဤသို့ မယုံကြည်နိုင်လောက်အောင် ဆန်းကြယ်လှသော လေဆာ ရောင်ခြည်နှင့်စပ်လျဉ်း၍ သုတေသနလုပ်ငန်းများ ဆက်လက်လုပ်ကိုင်လျက် ရှိရာ လေဆာရောင်ခြည်ကို အမျိုးမျိုးတီထွင်အသုံးပြုခြင်းဖြင့် သိပ္ပံပညာရှင် များသည် လူ့လောကစိုပြေရေးကို ဆထက်ထမ်းပိုး စွမ်းဆောင်နိုင်ကြလိမ့် မည်ဟု မျှော်လင့်ထားကြလေသည်။[၁]

လွန်ခဲ့သော၁၅ နှစ်ခန့်က ဆိုလျှင် လေဆာရောင်ခြည်သည် စမ်းသပ်ခန်း အတွင်း လူတို့ဖန်တီးယူသော သိပ္ပံတီထွင်မှု တစ်ရပ်သာ ဖြစ်သည်။ ယခုအခါ လေဆာရောင်ခြည် ကို စက်မှုအတတ်ပညာပိုင်းတွင် တွင်ကျယ်စွာ အသုံးပြုလျက် ရှိသည်။ ရေဒီယိုလှိုင်း၊ သို့မဟုတ် လျှပ်စစ် ဓာတ်အားအစား လေဆာရောင်ခြည်ကို ဆက်သွယ်ရေးလုပ်ငန်းများတွင် အသုံးများလာသည်။ အကြီးစားစက်မှု လုပ်ငန်းများ၌ အင်အားကြီးမားသော လေဆာရောင်ခြည်မှ ထွက်သော အပူကို အသုံးပြုသည်။ သတ္တုများကို ဖြတ်ရာ၌၎င်း၊တစ်ခုနှင့်တစ်ခုဂဟေဆက်ရာ၌၎င်း၊ လေဆာရောင်ခြည်ကိုသုံးသည်။ မျက်လုံးများခွဲစိတ်ကုသရာ၌ လည်းလေဆာရောင်ခြည်ကို ဓားသဖွယ်သုံး၍ ခွဲစိတ်ပေးနိုင်သည်။

လေဆာရောင်ခြည်ကို ဓားသဖွယ် အသုံးပြု သော ခွဲစိတ်ကုသမှုများ၌ သွေးထွက်မှု လုံးဝမရှိပေ။ ကင်ဆာရောဂါများကို ရှာဖွေရာ၌ လေဆာရောင်ခြည်ကို ပင် သုံးသည်။ သုံးဖက်မြင် ရုပ်ပုံများ ပေါ်စေသော ဟိုလိုဂရမ်ခေါ် ဓာတ်ပုံရိုက်နည်းတွင်လေဆာရောင်ခြည် ကို သုံးကြည့်သည်။ ယင်းကဲ့သို့ ရိုက်ယူသော ဓာတ်ပုံများသည် ပို၍ ကြည်လင်သည်။

ကမ္ဘာ့ပြဿနာတစ်ရပ်ဖြစ်သည့် ပတ်ဝန်းကျင်လေထု၊ ရေထုညစ်ညမ်းမှုများကိုပင်လေဆာရောင်ခြည် ဖြေရှင်းလျက်ရှိသည်။ လေယာဉ်ပေါ်တွင် လေဆာရောင်ခြည်သုံး ထောက်လှမ်းရေးကိရိယာကို တပ်ဆင်ပြီး လေထုအညစ်အကြေးများကို လျင်မြန်စွာ စိစစ်နိုင်သည်။ ထို့ပြင် မြေအောက်ရှိ သဘာဝ သယံဇာတပစ္စည်း များ ရှာဖွေရာ၌လည်းသုံးသည်။ အာကာသတန်ဆာများ၏ အကွာအဝေးကိုပင် လေဆာရောင်ခြည်ဖြင့် တိတိ ကျကျ တိုင်းတာနိုင်သည်။ အမေရိကန် အာကာသယာဉ်မှူးများ လကမ္ဘာပေါ်ရောက်ခဲ့စဉ်က ရောင်ပြန်ပြားလေးခုကို စိုက်ထူပစ်ခဲ့ပြီး ယင်းရောင်ပြန်ပြားလေးခုကိုကမ္ဘာမှလွှတ်လိုက်သော လေဆာရောင်ခြည်၏ပစ်မှတ်သဖွယ်ထား၍ လ၏လည်ပတ်မှု၊ ကမ္ဘာမြေကြီး၏ ပုံသဏ္ဌာန် နှင့် ပြောင်းလဲမှုများကို ကမ္ဘာမှနေ၍ စူးစမ်းယူ သည်။ နောင်အခါတွင် အင်္ဂါဂြိုဟ်နှင့် အခြားဂြိုဟ် များပေါ်သို့ ဆင်းသက်သော အာကာသယာဉ်များ၏ ပုံ များကို လေဆာရောင်ခြည်သုံးကိရိယာဖြင့် ကမ္ဘာသို့ပေးပို့ရာ၌ သာမန်ဓာတ်ပုံများ ထက်ပို၍အချက်အလက် ပြည့်စုံမည်ဟု ဆိုသည်။ အာကာသယာဉ်များကို သယ်ဆောင်သွားမည့် ဒုံးပျံများကိုလည်း အင်အားကြီးများသော လေဆာရောင်ခြည်ကိုသုံး၍ လွှတ်တင်လိမ့်မည်ဖြစ်သည်။

ပါဏဗေဒ ပညာရှင်များကလည်း သက်ရှိများ ၏ ဖွဲ့စည်းပုံကိုလေဆာရောင်ခြည်ကို အသုံးပြု၍ ဖော်ထုတ်နိုင်ပြီဖြစ်သည်။ စစ်ရေး၌ ဗုံးကြဲရာတွင်၎င်း၊ အမြောက် ပစ်ခတ်ရာတွင်၎င်း ပစ်မှတ်ကို အတိအကျမှန်အောင် ပစ်ခတ်နိုင်ရေးအတွက် လေဆာရောင်ခြည်ကိုပင် အသုံးပြုကြသည်။[၂]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
  2. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၇၈)