လူသာ ဗားဗင့်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
Luther A. Burbank
Luther Burbank cph.3a00184.jpg
မွေးဖွား (1849-03-07)၇ မတ်၊ ၁၈၄၉
Lancaster, Massachusetts, U.S.
ဆုံးပါး ၁၁ ဧပြီ၊ ၁၉၂၆(1926-04-11) (အသက် ၇၇)
Santa Rosa, California, U.S.
နယ်ပယ် Botany

အမေရိကန်လူမျိုး လူသာဗားဗင့်သည် ကမ္ဘာ၌ အကျော် ကြားဆုံးသော အပင်မျိုးစပ် ပါရဂူတစ်ယောက်ဖြစ်ပေသည်။ အမှန်စင်စစ် ထိုပုဂ္ဂိုလ်သည် သိပ္ပံပညာရှင်တစ်ဦး မဟုတ်ချေ။ သို့သော် ဝါသနာအလျောက် အပင်အမျိုးမျိုးကို တိုးတက် ကောင်းမွန်အောင် စမ်းသပ်ပြုပြင် တီထွင်၍ စိုက်ပျိုးခဲ့လေ သည်။ ဗားဗင့်၏ တီထွင်စိုက်ပျိုးမှုကြောင့် ကပြားပင်များစွာ ဖြစ်ထွန်းအောင်မြင်ခဲ့သည်။ ပူပြင်းခြောက်သွေ့သော ဒေသများ၌ နွားစာအတွက် အခက်အခဲများစွာ ရှိခဲ့ရာ ဗားဗင့်က ဆူးမဲ့ ရှားစောင်းပင်မျိုးကို တီထွင်ပေးသဖြင့် ထိုဒေသမှ လယ်သမား များအတွက် အလွန်အကျိုးများရှိခဲ့လေသည်။ ထိုပြင် ပို၍ အရသာထူးကဲသော သစ်သီးသစ်နှံများ၊ ပို၍ လှပသော ပန်း များ ဖြစ်ထွန်းအောင် တီထွင်ခဲ့သဖြင့် ကမ္ဘာနှင့် အဝှန်းဗားဗင့် အား ကျေးဇူးတင်ကြလေသည်။

ဗားဗင့်သည် အပင်လောက၌ စိတ်ပါဝင်စားလှသူဖြစ်သည်။ အပင်များ ပို၍ မျိုးကောင်း မျိုးသန့် ဖြစ်စေရန်၊ အသီးအနှံ အထွက်များစေရန်၊ ပို၍ အရသာရှိစေရန် အပင်များ၏ မျိုးစဉ်၊ မျိုးရင်း၊ မျိုးစိတ် စသည်တို့၏ အခြေအနေ ဂုဏ်သတ္တိတို့ကို စူးစမ်းလေ့လာပြီးလျှင်၊ ကောင်းရာမွန်ရာတို့ကို စိစစ်ရွေးထုတ်၍ တီထွင်မျိုးစပ်ခြင်းကို ပြုသည်။ ဗားဗင့်သည် တစ်နှစ်လျှင် အပင်ပေါင်း ၁ဝဝဝဝဝ ခန့်ကို စမ်းသပ်စိုက်ပျိုးခဲ့၍ စိုက်ပျိုး အောင်မြင်ခဲ့သော မျိုးစပ်ပင်၊ သို့မဟုတ် ကပြားပင်ပေါင်းမှာ ၃၅ဝဝဝဝ ခန့်ရှိလေသည်။

စမ်းသပ်စိုက်ပျိုးရာတွင် ဗားဗင့်အသုံးပြုသော နည်းများမှာ ကူးယက် မျိုးစပ်ခြင်းနှင့် ရွေးချယ်ခြင်းနည်းတို့ ဖြစ်သည်။ ပထမနည်းမှာ အပင်တစ်ပင်၏ အပွင့်များမှာ ဝတ်မှုန်များ မကြွေမီ လိုက်၍စုပြီးလျှင် ထိုဝတ်မှုန်များကို အခြားတစ်ပင် တွင် ထည့်ပေးခြင်းဖြစ်သည်။ ရွေးချယ်ခြင်းနည်းမှာ ပေါက်လာ သော အပင်များအပြားထဲမှ အကောင်းဆုံးအပင်များကို ရွေး ချယ်ပြီးလျှင် စံမမှီသော အပင်များကို ဖျက်ဆီးပေးခြင်း ဖြစ် သည်။ အပင်ပေါင်း ထောင်သောင်းထဲမှ ပင်ပန်းကြီးစွာနှင့် ရွေးချယ်ရာတွင် တစ်ခါတစ်ရံ တစ်ပင်တလေမျှသာ စံမှီသော အပင်မျိုးကို ရရှိတတ်လေသည်။

ဗားဗင့်၏ လုပ်ငန်းမျိုးကား စိတ်ရှည်မှု၊ သည်းခံနိုင်မှု၊ ဇွဲသတ္တိရှိမှုတို့ အလွန်လိုအပ်လှပေသည်။ အပင် တစ်ပင်ကို စမ်းသပ်စိုက်ပျိုးရာ၌ နေ့ချင်းညချင်းအကျိုးအကြောင်း အဆိုး အကောင်းကို သိနိုင်သည် မဟုတ်ပေ။ ဗားဗင့်သည် အနှစ် ၅ဝ ခန့် ကာလပတ်လုံး ဇွဲကောင်းစွာဖြင့် သူဝါသနာ ပါရာလုပ်ငန်း ကို ဆောင်ရွက်ခဲ့ရာ၊ သူ၏စမ်းသပ်တီထွင်မှုကြောင့် အသီးသစ်၊ အပင်သစ်၊ အပွင့်ဆန်းများစွာ ဖြစ်ထွန်း ပေါ်ထွက်ခဲ့လေသည်။ ယင်းတို့အနက် အရွယ်ညီ အမျိုးကောင်းအထွက်များ၍ အာလူး စိုက်သူများအတွက် အကျိုးကျေးဇူးရှိသဖြင့် အလွန်ကျော်ကြား လှသော ဗားဗင့်အာလူး၊ ပို၍ မျိုးကောင်းမျိုးသန့်ပြီးလျှင် အထွက်များသော ဂျုံစပါး အမျိုးမျိုး၊ ရိုးရိုးသာမန်အစေ့မဟုတ် ဘဲ ဗာဒမ်စေ့ပါသော မက်မုံသီး ခရမ်းချဉ်းသီးကိုပါ သီးသော အာလူးပင်၊ အစေ့မဲ လိမ်မော်သီး၊ အစေ့မဲ့ ဆီးသီး၊ ဆူးလည်း မပါ အသီးလည်း ထွား၍ အဖြူရောင်ဖြစ်သော ဗလက်ဗဲရီးသီး (အနက်ရောင်ကို အဖြူရောင်ဖြစ်အောင် မျိုးစပ်ခြင်း)၊ အင်္ဂလိပ် ဒေဆီ ပန်းရိုးရိုးကို လှပသော ရှာစတာဒေဆီပန်းစသည်တို့ ဖြစ်အောင် မျိုးစပ်စိုက်ပျိုးခြင်းတို့ ကား ဗားဗင့်၏ ကျော်ကြား လှသော အောင်မြင်မှုများ ဖြစ်ပေသည်။

ဗားဗင့်သည် လယ်သမားတစ်ဦး၏သားဖြစ်သည်။ အင်္ဂလိပ် စကော့အမျိုးအနွယ်မှ ဆင်းသက် ပေါက်ဖွားလာ၍ ဇာတိမှာ မက်ဆချူးဆက်ပြည်နယ်၊ လန်ကတ်စကာမြှို့ ဖြစ်သည်။ ငယ်စဉ်ကပင် အပင်လောက၌ စိတ်ဝင်စားသူဖြစ်၍ အပင်များ အကြောင်းဆိုင်ရာ စာအုပ်စာတမ်းများကို ဖတ်ရှုရန် ဝါသနာထုံ ခဲ့သည်။ ဒါဝင်ရေးသားသော စိုက်ပျိုးမွေးမြူထားသော အပင် နှင့် တိရစ္ဆာန်တို့၏ ပြောင်းလဲခြင်းများစာအုပ်ကို ဖတ်ရှုပြီး နောက်တွင် သူ၏ဘဝလမ်းကြောင်း ချိုးပြောင်းခဲ့သည်။ ဝူး စတားမြို့ရှိ အလုပ်ရုံတစ်ရုံတွင် အလုပ်လုပ်ယင်း မြေကွက် ကလေးတစ်ခု ဝယ်ကာ စမ်းသပ်စိုက်ပျိုးခြင်းများကို ပြုခဲ့သည်။ နှစ်နှစ်ခန့် အကြာတွင် အထက်၌ ဖော်ပြခဲ့သော ဗားဗင့်အာလူး ကို စတင်အောင်မြင်၍ စိတ်အားတက်ခဲ့သည်။ ထိုနောက် မက်ဆချူးဆက်ဒေသ၏ ရာသီဥတုသည် စမ်းသပ်စိုက်ပျိုးရေးအတွက် မသင့်တော်သဖြင့် အစ်ကိုကြီး သုံးဦးရှိရာ ကာလီဖိုးနီးယားပြည်နယ်၊ စန်တာရိုဆာမြို့သို့ ၁၈၇၅ ခုနှစ်တွင် ပြောင်းရွှေ့ခဲ့ပြီးလျှင်၊ စမ်းသပ်မျိုးစပ် စိုက် ပျိုးခြင်းများကို သေချာကျနစွာ လုပ်ကိုင်ခဲ့ရာ၊ သူ့နေအိမ် ဥယျာဉ်မှာ သစ်ပင်ပန်းပင် အထူးအဆန်းများဖြင့် သာယာလှပ နေလေသည်။

ဗားဗင့်၏ တီထွင်အောင်မြင်မှုများကြောင့် အနိုင်နိုင်ငံမှ အစိုးရတို့၏ စေလွှတ်ချက်အရ ဆိုင်ရာ စိုက်ပျိုးရေး ပါရဂူ အများအပြားပင် ဗားဗင့်နှင့် တွေ့ဆုံဆွေးနွေးလေ့လာရန် လာ ရောက်ကြသည်။ သို့သော် ဗားဗင့်သည် ဧည့်သည်တော်ကြီး များကို လက်ခံဆွေးနွေးရသည်ထက် သူ၏ သစ်ပင်ပန်းပင်များ အကြား၌ လှည့်လည်နေရန် မွေ့လျော်သူ ဖြစ်သည်။ သို့သော် နောင်လာနောင်သားများ ဆက်ခံနိုင်ရန်အတွက် အပင်လောက၌ သူ၏ စူးစမ်းတွေ့ရှိချက်များ၊ သူ၏နည်းစနစ်များ၊ သူ့၏ အယူ အဆ အတွေးအခေါ်များကို စာအုပ်ပေါင်းများစွာဖြင့် မှတ်တမ်း တင် ရေးသားခဲ့သည်။ အပင်များကို ချစ်သော ဗားဗင့်သည် စန်တာဆာရု မြို့၌ပင် အပင်သစ်အပင်ဆန်းများအကြားရှိ သူ၏ နေအိမ်၌ ၁၉၂၆ ခုနှစ်တွင် ကွယ်လွန်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)