လူမှုရေးအာမခံ
ကျန်းမာရေး ချို့တဲ့မှုကြောင့်လည်းကောင်း၊ အလုပ်ခွင်တွင် အလုပ်ဆက်လက် မလုပ်နိုင်လောက်အောင် ထိခိုက်ဒဏ်ရာ ရရှိသောကြောင့်လည်းကောင်၊ အလုပ်လက်မဲ့ဘဝသို့ ရောက်သွားရသော ကြောင့်လည်းကောင်း၊ အသက်အရွယ် အိုမင်းမစွမ်းရှိသောကြောင့်လည်း ကောင်း မိမိနှင့်တကွ မိမိအား မှီခိုအားထား နေရသူများ၏ နေထိုင်စား သောက်ရေး၊ ပညာရေးနှင့် ကျန်းမာရေးတို့အတွက် ဆက်လက်မထောက်ပံ့ နိုင်သော အလုပ်သမားတို့အား အကူအညီ အထောက်အပံ့ပေးရန် အစိုးရက တည်ထောင်ဖွင့်လှစ်ထားသော အာမခံလုပ်ငန်းသည် လူမှုရေးအာမခံဖြစ် သည်။ ထိုအာမခံလုပ်ငန်းမျိုးကို ခရစ် ၁၈၈၃ ခုနှစ်တွင် ဂျာမနီနိုင်ငံက ရှေးဦးစွာတီထွင်လုပ်ကိုင်ခဲ့သည်။ သို့ရာတွင် ထိုစဉ်အခါက အလုပ်တွင် ထိခိုက်ဒဏ်ရာရသူနှင့် အလုပ်ဆက်လုပ်ခြင်းငှာ မစွမ်းနိုင်သော လူအိုလုပ် သားများအတွက်သာ ရည်ရွယ်လျက် လုပ်ကိုင်ခဲ့သည်။ ဂျမနီနိုင်ငံ၏ နမူနာ ကို ယူ၍ အခြားနိုင်ငံများကလည်း ထိုလုပ်ငန်းကို လုပ်ကိုင်ခဲ့ကြလေသည်။ ၁၉၃၉ ခုနှစ် လူမှုရေး အာမခံစနစ်ကို ပထမဦးဆုံး အောင်မြင် စွာ တည်ထောင်ဆောင်ရွက်ခဲ့သောနိုင်ငံမှာ နယူးဇီလန်နိုင်ငံဖြစ်သည်။ လူမှု ရေး အာမခံလုပ်ငန်းအတွက် ကုန်ကျငွေကို အထူးအမြတ်တော်ခွန် ကောက် ယူခြင်းဖြင့် ရရှိခဲ့လေသည်။
အဂ‡လန်ပြည်ပလည်း လူမှုရေး အာမခံစနစ်ကို ၁၉၁၁ ခုနှစ်မှစ၍ ဆောင်ရွက်ခဲ့သည်။ ၁၉၄၆ ခုနှစ်တွင်မူ ထိုလုပ်ငန်းကို အစိုးရ၏ သီးခြား ဌာနအဖြစ်ဖြင့် ဖွင့်လှစ်ပြီးလျှင် ထောက်ပံ့ကြေးများ ပေးခဲ့လေသည်။ ၁၉၄၈ ခုနှစ်တွင် အသက် ၁၆ နှစ်မှ ၆၅ နှစ်အတွင်း ရှိသူများကို ထိုလုပ်ငန်း အတွင်း အကျုံးဝင်စေ၍၊ အခွင့်အရေးများကို ခံစားစေခဲ့သည်။ ထိုစနစ်အရ ပြည်သူပြည်သား အားလုံးတို့သည် အခမဲ့ဆေးဝါးကုသခွင့်ရခြင်း၊ အလုပ် လက်မဲ့ ဖြစ်နေချိန်၊ သို့မဟုတ် မကျန်းမာသည့်အချိန်တွင် ထောက်ပံ့ကြေးရ ခြင်း၊ အလုပ်ခွင်မှ အနားယူသောအခါ၌ အငြိမ်းစား လစာငွေများ ရရှိခြင်း စသည့် အခွင့်အရေးများကို ရရှိခဲ့ကြသည်။
ယခုအခါ မြန်မာနိုင်ငံတွင်လည်း မမာမကျန်းမှု၊ သေဆုံးမှုနှင့် ဝင်ငွေနည်းပါးမှုတို့ကြောင့် အားကိုးရာမဲ့ဖြစ်၍ လူမှုရေးမျှတမှုမရှိသော အလုပ်သမားများအား အကူအညီပေးရန် လူမှုဖူလုံရေး စီမံကိန်းတစ်ရပ်ကို တီထွင်ဆောင်ရွက်ခဲ့သည်။ ထိုစီမံကိန်းကို ၁၉၅၄ ခုနှစ်တွင် ပြဋ္ဌာန်း၍ ၁၉၅၆ ခုနှစ်၊ ဇန်နဝါရီလတွင် အကောင်အထည်ဖော်ခဲ့သည့် လူမှုဖူလုံရေး အက်ဥပဒေအရ တီထွင်ခဲ့ခြင်းဖြစ်၏။ လူမှုဖူလုံရေး စီမံကိန်း၏ အဓိက သဘောတရားမှာ လူ့ဘဝလမ်းစဉ်တွင် တွေ့ကြုံရင်ဆိုင်ရမည့် လူမှုအန္တရာယ် များကို တားဆီးရန် အလုပ်ရှင်၊ အလုပ်သမားများနှင့် အစိုးရတို့၏ အင်အားကိုစုပေါင်း၍ မမာမကျန်းမှု၊ မီးဖွားမှု၊ မတော်တဆ ထိထိုက်ဒဏ်ရာ ရမှု စသည်တို့ကဲ့သို့သော လူမှုအန္တရာယ်တို့နှင့် တွေ့ကြုံရင်ဆိုင်နေရသူ များအား ပြန်လည်ထောက်ပံ့ခြင်းဖြစ်၏။ တစ်နည်းအားဖြင့် ဆင်းရဲဒုက္ခ တွေ့ကြုံသူများအား ဖူလုံမှုရရှိရေးအတွက် တစ်မျိုးသားလုံး၏ ဝင်ငွေကို အာမခံစနစ်အသွင်ဖြင့် ပြန်လည်ကာ ဖြန့်ဖြူးပေးဝေခြင်းလည်းဖြစ်လေသည်။
လူမှုဖူလုံရေးး အက်ဥပဒေအရ (၁) မမာမကျန်းမှု၊ မီးဖွားမှု၊ သေ ဆုံးမှုတို့နှင့် သက်ဆိုင်သည့် အထွေထွေ အာမခံစနစ်နှင့် (၂) အလုပ်တွင် ထိခိုက်ဒဏ်ရာရမှုနှင့် အလုပ်နှင့်စပ်ဆိုင်သည့် ရောဂါများပါ အကျုံးဝင် သော အလုပ်တွင် ထိုခက်ဒဏ်ရာရမှု အာမခံစံနစ်တို့ကို စီမံထားရှိသည်။ ထိုအာမခံစနစ် နှစ်မျိုးလုံးအရ အာမခံထားသူအားလုံးကို အခမဲ့ဆေးကုသ ပေး၍ ငွေလက်ငင်းအကျိုးခံစားခွင့်များပေးရန် စီမံထားရှိပြီးလျှင် မကျန်းမာ မှု အကျိုးခံစားခွင့်၊ မီးဖွားမှု၊ အကျိုးခံစားခွင့်၊ ဆေးရုံတက်မှု အကျိုးခံစား ခွင့်နှင့် အသုဘစရိတ်၊ ယာယီ မသန်စွမ်းမှု အကျိုးခံစားခွင့်တို့ကို အခွန် အကောက်လွတ်ထုတ်ပေးသည်။ ထိုစီမံကိန်းအတွက် ကုန်ကျစရိတ်တို့ကို အလုပ်သမား၊ အလုပ်ရှင်နှင့် နိုင်ငံအစိုးရတို့ကသုံးစွဲ၍ ပေးဆောင်လေသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)