လူမှုရေးရာ ပညာ
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
မနုဿတ္တ ဘာဝေါ ဒုလ္လဘောဟူ၍ အလွန်တရာ ရခဲလှသော လူ၏အဖြစ်ကို ရရှိကြသည့်အခိုက် လူလောက၌ဖြစ်ပျက် ပေါ်ပေါက်လျက်ရှိသော အကြောင်းအရာများကို အကြောင်းအကျိုးဆက်စပ်ကာ သိရှိနားလည်ထားကြမှသာ လူ့ဘဝကို ရရှိကျိုးနပ်ပေမည်။ ဤသို့ လူ့ လောက၏အကြောင်းကို လေ့လာဆည်းပူးခြင်းအတတ်ကို လူမှုရေးရာပညာ ဟုခေါ်သည်။
အကျဉ်းချုပ်အားဖြင့် လူမှုရေးရာပညာသည် လူလောကအဖွဲ့ အစည်းနှင့် လူလောက အဆောက်အအုံကြီးများ၏ သဘာဝနှင့် တိုးတက်ဖွံ့ ဖြိုးလာပုံကိုလေ့လာသော သိပ္ပံပညာတစ်ရပ်ဖြစ်ပေသည်။ လူမှုရေးရာ ပညာ ဟူသော ဝေါဟာရကို ပထမဦးဆုံး တီထွင်သုံးစွဲလိုက်သူမှာ ပြင်သစ်လူမျိုး ဒဿနိက ဗေဒပညာရှင်တစ်ဦးဖြစ်သော ဩဂတ်ကွန့် ဖြစ်ပေသည်။ ဖရက် ဒရစ် လေပလေးဆိုသူကလည်း လူမှုရေးရာ ပညာအကြောင်းကို ရေးသားခဲ့ လေသည်။ သို့ရာတွင် လူမှုရေးပညာနှင့်စပ်လျဉ်း၍ အများဆုံး ရှင်းလင်းရေး သားခဲ့သူမှာကား ဟာဗတ်စပင်ဆာ ဆိုသူပုဂ္ဂိုလ်ကြီးဖြစ်လေသည်။ လူမှုရေးပညာကို ကျွန်ုပ်တို့ လေ့လာကြရာတွင် လူ့လောက အဆောက်အအုံကြီးသည် မည်သို့ဖြစ်ပေါ်လာသနည်း။ လူအများအစုလိုက်အဖွဲ့လိုက်နေထိုင်ကြခြင်းသည် မည်သည့်အခါကစ၍ ပေါ်ပေါက်ခဲ့သနည်း စသည်တို့ကို လေ့လာကြရပေသည်။ လူသည် ပေါင်းသင်းဆက်ဆံရေး သတ္တဝါတစ်ဦးဖြစ်သည် ဟုဆိုသည့်အတိုင်း ရှေးပဝေဏီအခါကပင် လူများသည် အချင်းချင်းစုဝေးနေထိုင် ပေါင်းသင်းဆက်ဆံခဲ့ကြ၍ ဤသို့ နေထိုင်ခြင်းပင်လျှင် လူလောကအပြင်ဘက်တွင် တစ်ကိုယ်တည်းနေခြင်း ထက် ကြီးပွားတိုးတက်နိုင်ကြောင်းကို သိရှိခဲ့ကြလေသည်။
လူများ အစုလိုက် အအုပ်လိုက် နေထိုင်ခြင်း၏ မူလဘူတမှာ အိမ်ထောင်စနစ်ပင် ဖြစ်သည်။ အိမ်ထောင်တစ်ခုတွင် မိခင် ဖခင်နှင့် သား သမီးများ တစ်စုတစ်ဝေးတည်း နေထိုင်စားသောက်ကြသည်။ ထိုမှတစ်ဆင့် တဖြည်းဖြည်း ဆွေမျိုးမိတ်သင်္ဂဟ အပေါင်းအသင်းများ တိုးတက်ပွားများ လာပြီးလျှင် အသင်းအဖွဲ့များ ပြုလုပ်နေထိုင်လာကြလေတော့သည်။ လူဦးရေ တိုးတက်လာသည်နှင့်အမျှ ပေါင်းသင်းဆက်ဆံရေးတွင်လည်း နီးစပ်ရင်းနှီးလာပြီးလျှင် တစ်ဦးကိုတစ်ဦး အမှီသဟဲပြုသည်ထက် ပြုလာကြရလေတော့သည်။
လူမှုရေးရာပညာတွင် လွန်ခဲ့သော နှစ်ပေါင်းထောင်သောင်းများစွာ ရှေးခေတ်လူများ၏ အိမ်ထေင်မှုစနစ် ပေါ်ပေါက်ခဲ့ပုံ၊ ကိုယ်ကျင့်တရားနှင့် ထုံးတမ်းစဉ်လာများ ပေါ်ပေါက်လာခဲ့ပုံ၊ တစ်စထက်တစ်စပိုမို ရှုပ်ထွေးလာ သော မျက်မှောက် လူ့လောကအဆောက်အအုံကြီးတွင် ဃရာဝါသ (အိမ် ထောင်ခြင်း) ကိစ္စများ၊ ပစ္စည်းဥစ္စာ ပိုင်ဆိင်ခြင်းများ၊ အုပ်ချုပ်ရေး၊ ပညာ သင်ကြားရေး၊ အယူဝါဒ၊ စည်းရုံးလုပ်ကိုင်ရေး အစရှိသော အသွယ်သွယ် အဝဝ မြားမြောင်လှသည့် အကြောင်းကိစ္စများနှင့် မြို့ကြီးများတွင် နေထိုင် ခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ အမှုအခင်းဖြစ်ပွားခြင်း၊ တိုင်းတစ်ပါးသားတို့ ဝင်ရောက်နေထိုင်ခြင်း၏ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ပဋိပက္ခဖြစ်ခြင်းကြောင့်ပေါ်ပေါက်လာရသော ပြဿနာရပ်များ၏ အကြောင်းတို့လည်း လူမှုရေးရာ ပညာတွင် ပါဝင်လေသည်။
အဆိုပါ လူမှုရေးရာ စနစ်များသည် ထာဝစဉ်မပြောင်းလဲပဲ အမြဲ တည်ရှိနေသည် မဟုတ်သော်လည်း အသင့်အတင့် ခိုင်မြဲတည်တံ့လျက် ရှိနေပေသည်။ ဤစနစ်များမှာ ဒုက္ခအခက်အခဲကို ရှောင်နိုင်သမျှရှောင်၍ အေးချမ်းသာယာပျော်ရွှင်မှုတို့ကို ရရှိနိုင်စေရန် နှစ်ပေါင်းများစွာ အမျိုးမျိုး အဖုံဖုံရှာဖွေစမ်းသပ် ကြည့်ရှုခြင်းဖြင့်ရရှိသော စနစ်များပင်ဖြစ်သည်။ သို့ရာတွင် အသစ်အသစ် ဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ဆီ လျော်အောင် လူမှုစံနစ်များကိုလည်း ပြုပြင်ပြောင်းလဲကြရလေသည်။ ပမာအားဖြင့် မျက်မှောက်ခေတ်တွင် ထွန်းကားသော စက်မှုလက်မှု ပညာရပ်များနှင့် ကိုက်ညီအောင် လူမှုစနစ်နှင့် နေရေးထိုင်ရေးများကိုလည်း အကြီးအကျယ် ပြောင်းလဲပေးခဲ့ရလေသည်။
ပြောင်းလဲခြင်းမှာ ဓမ္မတာလူလောကကြီးသည် အစဉ်သဖြင့် ပြောင်းလဲလျက်ရှိသည်မှာ ဓမ္မတာပင်ဖြစ်သည်။ ယခင်ကလည်း အစဉ်အမြဲပြောင်းလဲခဲ့၍ နောင်အခါ တွင်လည် အစဉ်အမြဲ ပြောင်းလဲနေမည်သာဖြစ်သည်။ လူမှုရေးရာပညာသည် ထိုပြောင်းလဲမှုများကို အထူးသတိပြုကာ လေ့လာလေသည်။ ပြောင်းလဲမှု တစ်ခုသည် လူလောကအား ကောင်းကျိုး ဆိုးကျိုးပေးနိုင်ပုံကို ဆင်ခြင်သုံး သပ်လေသည်။ ကောင်းကျိုးပေးသော ပြောင်းလဲမှုကို လူမှုစနစ် တိုးတက်မှု ဟုခေါ်၍ လူမှုရေးရာ ပညာရှင်များက ပြောင်းလဲမှုသဘောနှင့် ပြောင်းလဲမှု ဖြစ်ပေါ်စေသော အကြောင်းတရားများကို ရှာဖွေကြလေသည်။
ရှေးပဝေဏီခေတ်ကစ၍ ကျွန်ုပ်တို့ မြန်မာလူမျိုးများတွင် ဆင်ခြင် တုံတရားကင်းမဲ့သော ရိုးရာအလိုက် ယုံကြည်မှုများရှိလေသည်။ ကျွန်ုပ်တို့ တွင်မျှမက ကမ္ဘာတစ်ဝှန်းလုံးရှိ နိုင်ငံခြားလူမျိုးများတွင်လည်း ဤကဲ့သို့ အလားတူ ယုံကြည်မှုများရှိသည်။ ထိုယုံကြည်မှုများမှာ အစွဲများဖြစ်လေ သည်။ လူမှုရေးရာပညာတွင် ထိုအစွဲများအကြောင်းကို ရှင်းလင်းဖော်ပြ ထားသည်ကို တွေ့ရှိရပေလိမ့်မည်။ ထို့အပြင် လူမှုရေးရာပညာကို လိုက်စား သူသည် လူများ၏ ထူးခြားသော အမူအကျင့်များ၊ ဓလေ့ထုံးစံများကို မည်မျှပင်သေးဖွဲသော အရာဖြစ်စေကာမူ လျစ်လျူရှု၍မထားချေ။ အဘယ်ကြောင့် ဆိုသော် ထိုအရာများသည် မည်မျှပင် သေးဖွဲစေကာမူ ပေါင်းသင်းဆက်ဆံ ခြင်း၊ တစ်ဦးကိုတစ်ဦး အတုခိုးခြင်း အစရှိသည့် လူမှုရေးရာကိစ္စများတွင် များစွာအရေးပါ အရာရောက်သောကြောင့် ဖြစ်လေသည်။
ကျွန်ုပ်တို့ နေ့စဉ် လုပ်ကိုင်နေသော လုပ်ငန်းဆောင်တာများသည် လူမှုရေးရာ ပညာရပ်များတွင် အကျုံးဝင်နေသည်ဖြစ်ရာ ကျွန်ုပ်တို့အားလုံး သည် နေရင်းထိုင်ရင်း လူမှုရေးရာပညာကို လေ့လာလိုက်စားသည်နှင့် မခြားတော့ပေ။ ဤအချက်ကို သတိပြုမိသူ များစွာမရှိလှချေ။ သို့ရာတွင် မိမိတို့ပတ်ဝန်းကျင် အခြေအနေကို သတိပြု၍ ဆင်ခြင် သုံးသပ်ကာ စနစ် တကျ လေ့လာသူများ၏ ဦးရေမှာ တစ်နေ့တခြား များပြားလာပေပြီ။ ကျွန်ုပ်တို့သည် လူမှုရေးရာပညာကို လေ့လာလိုက်စားရာ၌ မိမိတို့နေထိုင်သော မြို့ရွာ၏သမိုင်း၊ မြို့ရွာတွင် မှီတင်းနေထိုင်ကြသော လူများ၏ အကြောင်းအရာ၊ ထိုသူများ မည်ကဲ့သို့ အသက်မွေးမှုအတွက် လုပ်ကိုင်နေ ထိုင်ကြပုံ၊ ထိုမြို့ ရွာတွင် ဘုရားဘယ်နှစ်ဆူ၊ ဘုန်းကြီးကျောင်း ဘယ်နှစ် ကျောင်းရှိသည် အစရှိသော အကြောင်းအရာများကို အားလပ်သည့်အချိန် များတွင် စုံစမ်းလေ့လာခြင်းဖြင့် အလွန်စိတ်ပါဝင်စားဖွယ်ကောင်းသော ဝါသနာတစ်ခုကို ရရှိနိုင်မည်ဖြစ်လေသည်။
လူမှုရေးရာပညာသည် ၁၉ ရာစုနှစ် အတွင်းကစ၍ စနစ်တစ်ကျ လေ့လာလိုက်စားလာသော ပညာတစ်ရပ်ဖြစ်ခဲ့သည်။ လူများသည် တစ်ဦး နှင့်တစ်ဦး ပိုမိုရင်းနှီးစွာ ဆက်ဆံပေါင်းသင်းလေလေ လူမှုရေးရာပညာသည် ပိုမို၍ အရေးပါအရာရောက်လာလေလေ ဖြစ်တော့သည်။ လူမှုရေးရာပညာ သည် လူတို့၏ ပေါင်းသင်းဆက်ဆံရေး၏ အကျိုးနှင့်အကြောင်းများကို လေ့လာ၍ ဥပဒေပြုပုဂ္ဂိုလ်များ လမ်းညွှန်သဖွယ် လိုက်နာရမည့် အဆုံး သတ် ယူဆချက်များကို ထုတ်ဖော်ပေးလေသည်။ လန်ဒန်တက္ကသိုလ်၊ အောက်စဖို့တက္ကသိုလ် စသော အနောက်နိုင်ငံ တက္ကသိုလ်ကျောင်းကြီးများ တွင် လူမှုရေးရာပညာများကို သင်ကြားပို့ချလျက်ရှိရာ ရန်ကုန်တက္ကသိုလ် တွင်လည်း လူမှုရေးရာပညာကို ဘာသာရပ်တစ်ခုအနေဖြင့် သင်ကြားပေး နေပေပြီ။