လူပုများ
လူပုများ
[ပြင်ဆင်ရန်]လူပုများသည် လူသာမန်တို့၏ အရပ်အမောင်းကို မမီဘဲ သုံးပေကျော် လေးပေမျှသာရှိ၍ လူတမ်းစေ့ အရပ်မမြင့်သူများဖြစ်သည်။ များသောအားဖြင့် လေးပေအောက် အရပ်နိမ့်သူများကို လူပုဟူ၍ ခေါ်ကြသည်။ အရပ်ပုခြင်းမှာ နှစ်မျိုးနှစ်စားရှိလေရာ ပထမအမျိုးအစားမှာ လူ ၏မျိုးရိုးကို လိုက်၍အရပ်ပုခြင်းဖြစ်သည်။ ဥဒါဟရုဏ်အားဖြင့် အာဖရိကတိုက် အလယ်ပိုင်းတွင် နေထိုင်ကြသော ပစ်ဂမီလူမျိုးသည် လေးပေခန့်မျှသော အရပ်မြင့်၍ ကမ္ဘာပေါ်တွင် အပုဆုံးသော လူမျိုးဖြစ်သည်။
- ပစ်ဂမီလူမျိုး အာရှတိုက် အရှေ့ဖျားအရပ်နှင့်
ပစိဖိတ်သမုဒ္ဒရာ တောင်ပိုင်းရှိ ကျွန်းစုများ၌လည်း လူပုမျိုးများကိုတွေ့ရသည်။
ဒုတိယအမျိုးစားမှာ သဘာဝဖောက်ပြန်မှုကြောင့် အရပ်ပုခြင်းဖြစ်လေသည်။ သမိုင်းစဉ် တစ်လျှောက်တွင် လူပုကလေးများရှိခဲ့ရာ ထိုသူတို့ကိုနန်းတော်များ၌ ဘုရင်၊ မိဖုရားနှင့် မင်းညီမင်းသားတို့က ချစ်စနိုးမွေးမြူ ထားတတ်ကြသည်။ ပထမမေရီ ဘုရင်မကြီးသည် ဂျွန်ဂျာဗစ်ဆိုသူ လူပုကလေးတစ်ယောက်ကို မွေးမြူထားခဲ့သည်။ အရပ်မှာ နှစ်ပေမျှသာမြင့်သည်။ အင်္ဂလန်ပြည်တွင် ထင်ရှားသော အခြားလူပု တစ်ယောက်မှာ ဂျက်ဖရီ ဟဒ်ဆင် ဆိုသူဖြစ်သည်။ သူသည် ကိုးနှစ်သားအရွယ်တွင် ၁၈ လက်မသာ အရပ်မြင့်လေသည်။ နောင်ကြီးပြင်းလာသောအခါ ဟဒ်ဆင်၏ အရပ်မှာ သုံးပေကိုးလက်မထက်ပို၍ မမြင့်တော့ချေ။ တစ်ခါသော် ပထမ ချားဘုရင်အား ညစာစားပွဲဖြင့် ဧည့်ခံရာတွင် ဘုရင့်ရှေ့၌ တည်ခင်းထားသော အသားမုန့်ပန်းကန်ထဲမှ လူပုကလေးဟဒ်ဆင် ခုန်ထွက်ပြေးခဲ့ဖူးသည်။ ထိုအခါ ဟင်နရစ်တာ မာရီးယား မိဖုရားကြီးသည် သူ့ကိုတစ်ခါတည်း ကောက်ယူမွေးမြူခဲ့လေသည်။ ဂျက်ဖရီဟဒ်ဆင်သည် အသက် ၆၃ နှစ် အရွယ်သို့ ရောက်မှ အနိစ္စရောက်သွားသည်။ ဟဒ်ဆင်သည် လူတမ်းစေ့အရပ်မြင့်သူ မိဘများမှပေါက်ဖွားလာသူဖြစ်၏။ ဟင်နရစ်တာ မာရီးယားမိဖုရားကြီးတွင် ရစ်ချတ် ဂစ်ဗဆင်နှင့် အန်းခေါ် လူပုမောင်နှံစုံရှိလေသေးသည်။ သူတို့ကို သူ၏အမိန့်ဖြင့်ပေးစားထားရခြင်းဖြစ်ရာ အရပ်အမောင်းမှာ နှစ်ယောက်ပေါင်းမှ ခုနှစ်ပေ ကျော်ကျော် မြင့်လေသည်။ သူတို့တွင် သားသမီး ကိုးယောက်ထွန်းကားရာ ငါးယောက်သာ အဖတ်တင်သည်။ သို့သော် ထိုငါးယောက်စလုံးပင် လူတမ်းစေ့ အရပ်မြင့်ကြလေသည်။ အမေရိကန် လူပုချား စထရက်တန်သည် ်၁၈၃၇ ခုနှစ်တွင် ဖွားမြင်၍ ၁၈၈၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရပ်နေ့ တွင် ကွယ်လွန်လေသည်။ သူ့အား ဗိုလ်ချုပ်ငလက်မ ခေါ်ကြလေသည်။ သူ့ကို လန်ဒန်မြို့တွင် ၁၈၄၄ ခုနှစ်၊ ၁၈၅၇ ခုနှစ်များ၌ အံ့ပွဲ တင်ပြခဲ့သည်။ စထရက်တန်၏ အရပ်မှာ ၃၁ လက်မသာ မြင့်သည်။ ၁၈၆၃ ခုနှစ်တွင် သူ့ထက်တစ်လက်မ ပိုမြင့်သော လဗီးနီးယားဝါရင်းဆိုသူ အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ပြုခဲ့လေသည်။ မေရီဂျိန်းယန်းမင်းဆိုသူ ဩစတြေးလီးယားနိုင်ငံသူ ူတစ်ဦးသည် ၁၅ နှစ်အရွယ်တွင် ၃၅ လက်မမျှသာ မြင့်လေသည်။ သူ့ကိုယ်လုံးကိုယ်ထည်မှာ ပခုံးဆီတွင် သုံးပေ ခြောက်လက်မ၊ ခါးဆီတွင် လေးပေ သုံးလက်မ၊ ခြေထောက်ဆီတွင် နှစ်ပေမျှရှိသဖြင့် သူ့ကို ဘီလူးမ အပုကလေး ဟုခေါ်ကြသည်။ ၁၈၈ဝ ပြည့်နှစ်က လန်ဒန်မြို့၌ အံ့ပွဲ တင်ပြခဲ့သော တရုတ် အမျိုးသမီး ချီမားသည် ထိုစဉ်က ၄၂ နှစ်မျှ ရှိပြီးဖြစ် ်သော်လည်း ၂၅ လက်မသာ မြင့်လေသည်။ ဝိတိုရိယခေတ်က ပါလီမန်တွင် ရုံးစေအဖြစ် အမှုထမ်းခဲ့သော ဂျော့ပရု (၁၇၇၄ - ၁၈၅၁)၏ အရပ်သည် သုံးပေ အောက်လျော့သည်။ ဗိုရူလွားစကီး(၁၇၃၉ - ၁၈၃၇) ဆိုသူ ပိုးလူမျိုး လူပုကလေး တစ်ယောက်သည် အသက် ၃ဝ အရွယ်တွင် ၃၉ လက်မမြင့်သည်။ သူ့တွင် သူ့အောက် ်ခေါင်းတစ်လုံးခန့်နိမ့်သော နှမတစ်ယောက်ရှိလေသည်။ သူသည် ရုပ်ချော၊ စာတတ်ပြီးလျှင် ဉာဏ်ရွှင်သည်။ မြန်မာနိုင်ငံမြောက်ပိုင်းခရိုင်အတွင် နေထိုင်ကြသော ထရုံလူပုများကို နယ်ခြားဒေသအုပ်ချုပ်ရေးအဖွဲ့မှ ၁၉၅၅ ခုနှစ်တွင် တွေ့ရှိခဲ့ကြသည်။ ထိုလူပုများမှာ အရပ်လေးပေမှ လေးပေခွဲအထိသာ မြင့်ကြသည်။ ထိုလူပုများနေထိုင်ရာဒေသမှာ အဒုံးလောင်မြစ်ဝှမ်းဖြစ်၍ ပူတာအိုမြို့မှ မချမ်းဘော့မြို့သို့၊ မချမ်းဘော့မှတစ်ဆင့် ဂေါ်လဲထု၊ ပန်းနန်းဒင်၊ အဒုံးလောင်မြစ်ဝှမ်းအထိ မော်တော်ယာဉ်များဖြင့်လည်းကောင်း၊ ဝန်တင်လားတို့ဖြင့် လည်းကောင်း ခရီးသွားရသည်။ ထိုလူပုများသည် မွန်ဂိုအဆက်အနွယ်များ ဖြစ်၍ တောင်ယာလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ရေခဲတောင်မှ မချစ်ဥနှင့် ကတိုးကို ရှာဖွေရောင်းကြသည်။ အဝတ်အစားကို လျှော်ပင်မှရသော လျှော်များဖြင့် ပြုလုပ်ဝတ်ဆင်ကြသည်။ ယင်းတို့သည် ယခုအခါ လူဦးရေ ၁၁ဝ မျှလောက်သာ ရှိတော့သည်ဟု ဆိုလေသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)