လူတိုင်းစစ်မှုထမ်းရေး

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ရှေးခေတ်က တစ်တိုင်းပြည်နှင့် တစ် တိုင်းပြည် စစ်မက်အင်္ဂါဖြစ်ပွားကြရာတွင် လက်နက်စွဲကိုင်နိုင်သူမှန်သမျှ စစ်ထဲဝင်၍ တိုက်ခိုက်ကြရ၏။ စစ်ဖြစ်ခါနီးမှ စစ်သားများစုဆောင်းကြ သည်။ လေးမြားအတတ်နှင့် ဓားခုတ်၊ လှံထိုးအတတ်တို့၌ အထူးကျွမ်း ကျင်သော အထက်တန်းလူတစ်စုမှလွဲ၍ အမြဲတမ်းတပ်မတော်ဟူ၍ မရှိခဲ့ ချေ။ စစ်ဖြစ်ခါနီးမှ အရေးပေါ်စစ်သားများနှင့် တိုက်ခိုက်ကြသည်သာ များသည်။ အမြဲတမ်းတပ်မတော်ဖွဲ့စည်း၍ လူတိုင်းစစ်မှုထမ်းသည့်စနစ်ကို ၁၉ ရာစုနှစ်အစ၌ ပြင်သစ်တော်လှန်ရေးအပြီးတွင်မှ စတင်ခဲ့လေသည်။ ခရစ် ၁၇၈၉ ခုနှစ်မှ ၁၇၉၉ ခုနှစ်အထိ ဆယ်နှစ်တိုင်တိုင်ဖြစ်ပွားခဲ့သော တော်လှန်ရေးကြောင့် ပြင်သစ်နိုင်ငံ၏ အခြေအနေမှာ အဘက်ဘက်တွင် အလွန်ဆိုးရွားခဲ့၏။ ပြည်ပရန်သူနိုင်ငံများကလည်း ခြိမ်းခြောက်လျက်ရှိရာ ထိုအချိန်တွင် နပိုလီယန်သည် ပြင်သစ်နိုင်ငံ၏ အာဏာရှင်အဖြစ်ကို ရယူ ခဲ့လေသည်။ ဝိုင်းရံလျက်ရှိသော ရန်သူတို့၏ အန္တရာယ်ကို တွန်းလှန်နိုင်ရန် နပိုလီယန်သည် လူတိုင်းစစ်မှုထမ်းရန် ဆင့်ခေါ်ခဲ့ရာ ၁၈ဝ၈ ခုနှစ်၌ စစ် သားပေါင်း ၂၄ဝဝဝဝ ရရှိခဲ့၍ ၁၈၁၃ ခုနှစ်တွင် တစ်သန်းကျော်မျှ ရရှိခဲ့ လေသည်။ နပိုလီယန်၏နည်းကိုယူ၍ ပရပ်ရှားနိုင်ငံကလည်း လူတိုင်းစစ်မှု ထမ်းရန်ဆင့်ခေါ်လျက် အမြဲတမ်းတပ်မတော်ကြီးကိုဖွဲ့စည်းခဲ့သည်။ ၁၉၁၄ ခုနှစ်အထိ ဂရိတ်ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စု နိုင်ငံကြီးနှစ်နိုင်ငံ သာလျှင် လူတိုင်းစစ်မှုထမ်းရေးကို မရွက်ဆောင်ခဲ့ပေ။ ဥရောပတိုက်တွင် စစ်မှုထမ်းရသည့် အချိန်တာသည် တစ်နှစ်မှ သုံးနှစ်ထိ ဖြစ်ကြသည်။ အမေရိကန်ပြည်ထောင်စုတွင် လွတ်လပ်ရေးစစ်ပွဲဖြစ်စဉ်က လူ တိုင်းစစ်မှုထမ်းရေးကို အကြိမ်ကြိမ်ကြံစည်ကြိုးပမ်းခဲ့သော်လည်း မပြဋ္ဌာန်း နိုင်ခဲ့ချေ။

ပြည်တွင်းစစ်ဖြစ်ပွားချိန်တွင် စစ်သားစာရင်းသွင်းဥပဒေကို ၁၈၆၃ ခုနှစ်ကအတည်ပြုခဲ့ရာ ထိုဥပဒေအရ လူတိုင်းစစ်မှုထမ်းရန်ဖြစ်ပေသည်။ သို့ သော် အရည်အချင်းမပြည့်စုံသော အပျော်ထမ်းစစ်သားများလောက်သာ ထွက်ပေါ်လာခဲ့သည်။ ပထမ ကမ္ဘာစစ်ပွဲအတွင် ၁၉၁၇ ခုနှစ်က လူတိုင်း စစ်မှုထမ်းရေး ဥပဒေကို အတည်ပြုခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ကလည်း ဤနည်းကိုထပ်မံအသုံးပြုခဲ့သည်။ ၁၉၄၈ ခုနှစ်အသက် ၁၉ နှစ်နှင့် ၂၅ နှစ်အကြားရှိ လူငယ်များအား ၂၁ လ စစ်မှုထမ်းရန် ဥပဒေကို တစ်ဖန်ပြဋ္ဌာန်းအတည်ပြုခဲ့သည်။ ထို့နောက် နှစ်စဉ် အသက် ၁၈ နှစ်ရှိ လူငယ်အပျော်ထမ်း တပ်သား ၁ဝဝဝဝဝ ရအောင်စုဆောင်း၍ တစ်နှစ်တာ တန်းပြည့် စစ်မှုထမ်းရန် ကိုလည်းဆောင်ရွက်ခဲ့လေသည်။

ပထမကမ္ဘာစစ်အတွင်းက ဂရိတ် ဗြိတိန်နိုင်ငံတွင် လူတိုင်း စစ်မှုထမ်းရမည့် ဥပဒေကို ချက်ချင်းမပြဋ္ဌာန်းဘဲ အချိန်ကြာနေမှုကြောင့် တစ်ကြောင်း၊ ယင်းဥပဒေကို မပြဋ္ဌာန်းမီ အပျော်ထမ်းတပ်သားများကိုသာ အားကိုးမိသောကြောင့်တစ်ကြောင်း၊ လူပေါင်းများစွာ အလဟဿသေဆုံးခဲ့ရ သည့်ပြင် အရေးပါအရာရောက်သော အရာရှိများနှင့် စက်မှုလက်မှုဌာနမှ သော့ချက် လူအမြောက်အမြားပင် ပထမဆုံးထိခိုက်ဒဏ်ရာ ရရှိခဲ့ရလေ သည်။ ၁၉၃၉ ခုနှစ် ဒုတိယကမ္ဘာစစ် မဖြစ်ပွားမီ လအနည်းငယ်လောက် ကမူ လူတိုင်းစစ်မှုထမ်းရမည့်ဥပဒေကို အချိန်မီ ပြန်၍ပြဋ္ဌာန်းလိုက်နိုင်သော ကြောင့် စစ်တပ်ထဲသို့ ဝင်လာသော လူများအား ခွဲဝေပေးနိုင်ခဲ့သည်။ လူ တိုင်း စစ်မှုထမ်းရေးကို ယောက်ျားများကိုသာမက မိန်းမများအပေါ်တွင် လည်း ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလမှ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ အထိ ပြဋ္ဌာန်းခဲ့သည်။ သို့သော် ၁၉၄၄ ခုနှစ်၊ နိုဝင်ဘာလနောက်ပိုင်း ရောက် သည့်အခါ မိန်းမအနည်းငယ်မျှကိုသာ ခေါ်တော့သည်။

၁၉၄၇ ခုနှစ် အမျိုးသား စစ်မှုထမ်းရေး ဥပဒေအရ အောက် ပါအချက်များကြောင့် လူတိုင်းစစ်မှုထမ်းရေး ဥပဒေကို ဆက်လက်ပြဋ္ဌာန်း ခဲ့သည်။ (၁) လူလုပ်အားနည်းခြင်း၊ (၂) နှစ်ရှည် အပျော်ထမ်း တပ်သား အရေအတွက် လုံလောက်အောင် မရရှိခြင်း၊ (၃) လက်နက်ဆန်း လက်နက် သစ်များ ပေါ်ထွက်လာခြင်းနှင့် အလစ်ဝင်ရောက် တိုက်ခိုက်နိုင်အောင် လူ အားရှိရန် လိုခြင်းတို့ဖြစ်သည်။ ထိုဥပဒေအရ ၁၉၅ဝ ပြည့်နှစ်အထိ နှစ် စဉ်နှစ်စဉ် တပ်သားပေါင်း အများဆုံး ၁၅ဝဝဝဝ ရရှိလိမ့်မည်။ ၁၉၅ဝ ပြည့်နှစ်နောက်ပိုင်းသို့ ရောက်သောအခါ အမျိုးသား စစ်မှုထမ်းရေးဥပဒေ အရ စစ်မှုထမ်းရသောလူများအား ပြည်စောင့်တပ်သို့ ခြောက်နှစ်စစ်မှုထမ်း ရန် လွှဲပြောင်းပေးလိုက်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)