လုပ်သား ခန့်အပ်ရေး ဝန်ဆောင်မှု

ဝီကီပီးဒီးယား မှ

အလုပ်သမား လိုနေသော အလုပ်ရှင်များနှင့် အလုပ်လိုနေသော အလုပ်သမားများအား ဆက်သွယ်ပေးရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ထားသောရုံးကို အလုပ်သမား ဆက်သွယ်ရေးရုံး ဟုခေါ်သည်။ အလုပ်သမားဆက်သွယ်ရေးရုံးများကို မြို့ကြီးများနှင့် အလုပ်ရုံ၊ စက်ရုံများ ရှိသောမြို့များတွင် ဖွင့်လှစ်ထားတတ်ကြသည်။

မြို့ကြီးများတွင်အလုပ်လိုနေသော အလုပ်သမားတစ်ယောက်သည် မည်သည့်ဌာနတွင် မိမိနှင့် သင့်လျော်သော အလုပ်လစ်လပ်နေသည်ကို အလွယ်တကူနှင့် မသိရှိနိုင်ချေ။ အလုပ်သမား ဆက် သွယ်ရေးရုံးကို အားကိုးအားထားပြု၍ ယင်းမှတစ်ဆင့် အလုပ်ရှာသောအခါ လွယ်ကူစွာ အလုပ်ရရှိနိုင်သဖြင့် အလုပ်သမား အလုပ်ရှင် နှစ်ဦးနှစ်ဖက် အကျိုးရှိရကား ထိုရုံးများ ဖွင့်လှစ်ထားခြင်းသည် အလွန်မှ အရေးပါ အရာရောက်လှပေသည်။

အလုပ်သမား ဆက်သွယ်ရေးရုံးများကို အစိုးရက ဖွင့်လှစ် ပေးသည့်အားလျော်စွာ အလုပ်ရှင်လုပ်ငန်း အဖွဲ့များသည် အလုပ်အကိုင် ပေါ်ပေါက်လစ်လပ်ပါက သက်ဆိုင်ရာ အလုပ် သမား ဆက်သွယ်ရေးရုံးများသို့ အကြောင်းကြားရသည်။ ထို နည်းတူ အလုပ်လိုနေသော အလုပ်လက်မဲ့ အလုပ်သမားများက လည်း မိမိတို့၏ ပညာနှင့် အခြားအရည်အချင်းများကို ဖော်ပြ ၍ အလုပ်သမား ဆက်သွယ်ရေးရုံးသို့ ကြိုတင် အမည်တင် သွင်းကာ မှတ်ပုံတင်ထားရပေသည်။ ထိုရုံးများမှ အလုပ်ရှင်၏ လုပ်ငန်းနှင့် အသင့်တော်ဆုံးနှင့် အရည်အချင်း အပြည့်အဝဆုံး ဖြစ်သော အမည်တင်သွင်းထားပြီးသည့် အလုပ်သမားများကို ဦးစားပေး၍ ရွေးချယ်ခြင်း၊ ပညာနှင့်အရည်အချင်းများ တူညီ နေပါက အချိန်စော၍ အမည်တင်သွင်းထားသော အလုပ်သမား များအား ဦးစား ပေး၍ ရွေးချယ်ခြင်း စသည်တို့ကို ပြုလုပ်၍ အလုပ် ဆက်သွယ်ပေးလေသည်။

မြန်မာနိုင်ငံတွင် ၁၉၄၆ ခုနှစ်မတိုင်မီက အလုပ်သမား ဆက်သွယ်ရေးရုံး တစ်ရုံးကိုသာ ရန်ကုန်မြို့တွင် အစိုးရက ဖွင့်လှစ်ပေးခဲ့သည်။ ၁၉၄၆ ခုနှစ်နှင့် ၁၉၄၈ ခုနှစ်များတွင် အလုပ်သမား ဆက်သွယ်ရေးရုံးကို ရန်ကုန်နှင့် မန္တလေးမြို့ များတွင် အစိုးရက ဖွင့်လှစ်ပေးခဲ့သည်။ ၁၉၅၉ ခုနှစ် အလုပ် ခန့်ထားမှု ကန့်သတ်ရေး အက်ဥပဒေအရ လုပ်ငန်းများ ထိရောက်အောင်မြင်နိုင်ရန်အတွက် ၁၉၆ဝ ပြည့်နှစ်မှစ၍ အလုပ်သမား ဆက်သွယ်ရေးရုံး ၁၁ ရုံးကို တိုးချဲ့ ဖွင့်လှစ် ခဲ့သည်။

အလုပ်လိုနေသော အလုပ်လက်မဲ့ အလုပ်သမားများအား မိမိတို့ အရည်အခြင်းအလျောက် သင့်တော်သော အလုပ် အကိုင်နှင့် လိုအပ်နေသော လုပ်ငန်းဌာနအဖွဲ့များသို့ ထိ ရောက်စွာ ဆက်သွယ်ပေးနိုင်ရန်အတွက် ၁၉၆၃ ခုနှစ် အောက်တိုဘာလ ၁ဝ ရက်နေ့တွင် မြန်မာနိုင်ငံ တော်လှန် ရေးအစိုးရ အလုပ်သမားရေးရာ ညွှန်ကြားရေးဝန်ချုပ်ရုံးမှ အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေမှု ကြီးကြပ်ရေး ကော် မတီတစ်ခုကို ဖွဲ့စည်းပေး ခဲ့သည်။ ယင်းကော်မတီသည် အလုပ်သမားဆက်သွယ်ရေး ရုံးများ၏ လုပ်ငန်းစဉ်များ အောင်မြင်ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကူညီ ကြပ်မတ်ပေးလျက် ရှိသည်။ ကော်မတီသည် စာရေးစာချီ၊ စက်မှုလက်မှု ကျွမ်းကျင်သူနှင့် တစ်စိတ်တစ်ဒေသ ကျွမ်းကျင် သူများကို ရွေးချယ်ရာ၌ လိုအပ်သည့်အခါတိုင်း ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲများကို ကျင်းပပေးလျက် အောင်မြင်သူများ ထဲမှ သင့်တော်သူများကို ရွေးချယ်ပေးပို့လျက် ရှိသည်။ ဤသို့ပေးပို့ပြီး၍ ကျန်ရှိနေသေးသော စာမေးပွဲ အောင်မြင်သူ များကိုလည်း လိုအပ်သော အရည်အချင်းနှင့် ကိုက်ညီပါက ဦးစားပေး၍ ထပ်မံရွေးချယ်ပေးပို့ ဆက်သွယ်ခဲ့လေသည်။ အလုပ်သမား ဆက်သွယ်ရေးရုံးများတွင် မှတ်ပုံတင်ထားကြ သော အလုပ်သမားများသည် ယင်းတို့နှင့် သင့်တော်သော အလုပ်အကိုင်များ ပေါ်ပေါက်လာသောအခါ အခက်အခဲမရှိပဲ အရွေးခံနိုင်ရန်အတွက် အလုပ် သမား ဆက်သွယ်ရေးရုံး စာရင်းတွင် ပါဝင်နိုင်အောက် မှတ်ပုံတင်လက်မှတ်များကို တစ်လတစ်ကြိမ် သွားရောက် လဲလှယ်ခြင်း၊ မကြာခဏ ရုံးသို့ သွားရောက် စုံစမ်းခြင်းများကို ပြုလုပ်ပေးရန် လိုအပ်သည်။ အရည်အချင်း တူညီက အချိန်စော၍ မှတ်ပုံတင်ထားသူများ ကိုလည်းကောင်း၊ အလုပ်ရှင်လိုအပ်သော အရည်အချင်းနှင့် သင့်တော်ပြည့်စုံသူများကိုလည်းကောင်း ဆက်သွယ်ပေးပို့လျက် ရှိရာ အလုပ်တစ်ခုအတွက် အရည်အခြင်း ပြည့်စုံသော်လည်း မှတ်ပုံတင်နောက်ကျနေသော အလုပ်သမားများသည် မိမိတို့ အရည်အချင်းနှင့် ပိုမို သင့်တော်သော အခြားအလုပ်အကိုင်များ ပေါ်ပေါက်လာသည်အထိ စောင့်ဆိုင်းနေရပေသည်။

အလုပ်အကိုင် ဆက်သွယ်ပေးရေးတွင် တစ်စုံတစ်ခု ချွတ်ယွင်း ချက်တွေ့ရှိပါက မည်သည့် မှတ်ပုံတင် အလုပ်သမား မဆို သက်ဆိုင်ရာ အလုပ်သမား ဆက်သွယ်ရေးရုံးသို့ လူ ကိုယ်တိုင် သွားရောက်မေးမြန်း စုံစမ်းနိုင်ပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)