လိုင်ကားဂတ်
ဂရိသမိုင်းတွင် ရှေးကျသောဘုရင်များနှင့် နိုင်ငံပြု သုခမိန်တို့၏ အကြောင်းများ၌ နတ်များနှင့် သူရဲကောင်းများ ရောထွေး၍ ပါရှိတတ်လေရာ ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အကြောင်းကို တိကျမှန်ကန်စွာ သိနိုင်ရန်ခဲယဉ်းပေသည်။ သို့ဖြစ်၍ စပါးတားနိုင်ငံကို စတင်တည်ထောင်ခဲ့သူ ဥပဒေပြုပုဂ္ဂိုလ် လိုင်ကားဂတ်အကြောင်းကိုလည်း သမိုင်းဆရာတို့ အမျိုးမျိုးအဖုံဖုံ ပြောဆိုလျက်ရှိကြလေသည်။ ရှေးဟောင်း သမိုင်းအရ လိုင်ကားဂတ်သည် ဘီစီ ၈ဝဝ ခန့်က စပါးတားမင်းမျိုးထဲမှစ၍ ထီးနန်းကိုပင် ဆက်ခံစိုးစံနိုင်သူဖြစ်သည်ဟုဆို၏။ နောင်တော်ဘုရင်ကွယ်လွန်သည့်အခါ မရီးတော်က လိုင်ကားဂတ်အား နန်း ညွန့်နန်းလျာဖြစ်သည့် လိုင်ကားဂတ်၏ တူတော်လေးကို ဖျက်ဆီး၍ အတူ တကွနန်းတက်ရန် အကြံပေးလေ၏။ သို့သော် လိုင်းကားဂတ်သည် မရီး တော်၏ အကြံကိုပယ်၍ တူတော်ချာရီလာယပ်ကို မင်းမြေ|ာက်လေသည်။ တူတော်မှာ ကလေးအရွယ်လူမမယ်ဖြစ်ရာ လိုင်ကားဂတ်သည် ရင်ခွင်ပိုက် ဘုရင်အဖြစ်ဖြင့် စပါးတားနိုင်ငံကို အုပ်စိုးလေသည်။ ထိုနောက် အခြားသောနိုင်ငံများတွင်အုပ်ချုပ်နည်းများကို လေ့လာ ဆည်းပူးရန် စပါးတားနိုင်ငံမှထွက်ခွာခဲ့လေသည်။ နှစ်ပေါင်းများစွာကြာ ပြီးနောက် စပါးတားနိုင်ငံသို့ပြန်ရောက်လာသည့်အခါ နိုင်ငံတွင်း၌ ကစဉ့် ကလျားကွဲပြားလျက်ရှိသည်ကို တွေ့ရှိရလေသည်။ ထိုအခါ လိုင်ကားဂတ် သည် နိုင်ငံကို တိုင်းပြည် ခေါင်းဆောင်များနှင့်တိုင်ပင်၍ အုပ်ချုပ်မှုအခြေခံ ဥပဒေသစ်များကို ရေးဆွဲလေသည်။
လိုင်ကားဂတ်သည် နိုင်ငံသားတို့မြေယာအညီအမျှ ရရှိရေး၊
ရွှေနှင့်ငွေကို ငွေကြေးအဖြစ်မသုံးစွဲဘဲ သံကိုအစားထိုး၍သုံးစွဲရေး၊ စစ်ပညာ
ကို စနစ်တကျ သင်ကြားရေးနှင့်ပညာရေးတို့ကို ဥပဒေပြု၍ ပြဋ္ဌာန်းလိုက်နာ
စေသည်။ ယင်းသို့အားဖြင့် ဂရိပြည်တွင် စပါးတားနိုင်ငံသည် စစ်ရေးစစ်ရာ
ဘက်၌ အထက်တန်းကျသော နိုင်ငံတစ်ခုဖြစ်လာလေ၏။
လိုင်ကားဂတ်သည် မိမိပြဋ္ဌာန်းလိုက်သော ဥပဒေရပ်များသည်
စပါးတားနိုင်ငံတည်တံ့ခိုင်မြဲရန် ဖြစ်မည်မဖြစ်မည်ကို ဒဲလဖိုင်နတ်ကွန်းတွင်
မေးမြန်းကြရာ နိုင်ငံ၏အကျိုးဖြစ်စေမည်ဟု သိရှိရလေသည်။ ထိုအခါ
သူပြန်မရောက်မီတွင် အဆိုပါ အခြေခံဥပဒေများကို တသွေမတိမ်း လိုက်နာ
ပါမည်ဟု နိုင်ငံသားတို့ထံမှ ကတိကိုတောင်းခံပြီးနောက် စပါးတားနိုင်ငံမှ
တစ်ဖန် ထွက်ခွာသွားလေ၏။ နိုင်ငံသားတို့ ထာဝစဉ်အမြဲ ကတိတည်လျက်
ရှိနေစေရန် လိုင်းကားဂတ်သည် စပါတားနိုင်ငံသို့ လုံးဝပြန်မလာတော့ချေ။
ထိုပုဂ္ဂိုလ်ကြီးသည် ရှေးဟောင်းခေတ်အခါက ဥပဒေပြုပုဂ္ဂိုလ်
ကျော်ကြီးတစ်ဦးဖြစ်၍ အိန္ဒိယနိုင်ငံမှ ဓမ္မသတ်ဆရာကြီးမနုနှင့်လည်း
ကောင်း၊ ဗက်ဗီလုံးနိုင်ငံမှ ဟမ္မူရာဗီမင်းနှင့်လည်းကောင်း၊ ဟီဗရူးလူမျိုးထဲ
မှ မောရှေနှင့်လည်းကောင်း၊ အက်သင်းနိုင်ငံမှ ဆိုလွန်နှင့်လည်းကောင်း
နှိုင်းယှဉ်ထိုက်သူဖြစ်သည်။ ဂရိလူမျိုး သမိုင်းဆရာပလူးတပ်က လိုင်းကား
ဂတ်နှင့်စပ်လျဉ်း၍ အောက်ပါအတိုင်းရေးသားခဲ့လေသည်။
တစ်ခါက လိုင်းကားဂတ်ပြဋ္ဌာန်းလိုက်သော ဥပဒေရပ်များကို
မနှစ်သက်သူ စပါးတားနိုင်ငံသားတစ်စုတို့သည် ဥပဒေပြုပုဂ္ဂိုလ်အား နောက်
မှလိုက်၍ ပြောင်လှောင်ပြက်ရယ်ပြုကြသည့်ပြင် ခဲများဖြင့်ပေါက်ကြလေ၏။
လိုင်ကားဂတ်လည်း လူအုပ်လိုက်၍ မမှီနိုင်အောင် ပြေးပါသော်လည်း
အပြေးသန်သည့်လူရွယ်တစ်ယောက်သည် သူ့အားမီလာလေ၏။ နောက်သို့
လှည့်အကြည့်တွင်ထိုသူငယ်သည် သူ၏မျက်လုံးတစ်ဖက်ကို လက်ထဲ၌
ပါလာသည့်တုတ်ဖြင့် ထိုးဖောက်လိုက်လေသည်။ ဝေဒနာကြောင့် ဆက်
လက်၍မပြေးနိုင်တော့ချေ။ သို့သော် သူသည် ဝေဒနာမခံစားရဟန်ဖြင့်
လူအုပ်ကို စောင့်ဆိုင်းနေလေ၏။ လူများလည်း အနားသို့ရောက်လာသော
အခါ မိမိတို့၏ရိုင်းစိုင်းသော အပြုအမူကိုရှက်၍ သနားစိတ် ပေါက်လာကြ
သည့်အတိုင်း လိုင်းကားဂတ်အား သူ၏နေအိမ်သို့ ပြန်ပို့ကြလေသည်။
လက်ရောက်ကျူးလွန်သည့် သူငယ်ကိုလည်း ထိုပုဂ္ဂိုလ်ကြီးထံ အပ်လိုက်လေ
၏။ လိုင်းကားဂတ်သည် မိမိအားလက်ရောက်ကျူးလွန်သော သူငယ်အား
လက်စားချေခြင်းမပြုဘဲ မိမိအိမ်၌ပင် အတူတကွနေရန် ခွင့်ပြုထားလေ
သည်။ ထိုသူငယ်သည် ရှေးက မိမိအလွန်မုန်းတီးခဲ့သူ၏ မြင့်မြတ်သော
စိတ်သဘောထားကို သိရှိလာသည့်အခါ အလွန်ပင် ဝတ္တရားကျေပြွန်သော
တပည့်ကောင်း တစ်ယောက်ဖြစ်လာသည့်ပြင် ဥပဒေကိုရိုသေသော စပါး
တားနိုင်ငံသားကောင်းတစ်ယောက်ဖြစ်လာလေသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)