လိပ်ဥဝှက်တမ်း

ဝီကီပီးဒီးယား မှ

လိပ်ဥဝှက်တမ်း ကစားနည်း[ပြင်ဆင်ရန်]

လိပ်ဥဝှက်တမ်း ကစားနည်းကိုလည်း မြန်မာကလေးများ နှစ်သက်ကြလေသည်။ ထိုကစားနည်းတွင် ကစားသူများက မြေကြီးပေါ်တွင် စည်းဝိုင်းကြီး တဝိုင်းကို တုတ်တစ်ချောင်းဖြင့် ခြစ်လိုက်ပြီးလျှင် အလယ်တွင် တစ်ဖန် စည်းဝိုင်းသေးသေး တစ်ခုကို ဆွဲ၍ ထိုစည်းဝိုင်းကလေးအတွင်း၌ ခဲလုံး လေးငါးလုံးခန့်ကို လိပ်ဥများအဖြစ် ထားပြီးလျှင် လိပ်အဖြစ်နှင့် ကစားသူက ဆောင့်ကြောင့် ထိုင်၍ သူ၏ခြေနှစ်ဘက်ကြားတွင် ထိုခဲလုံးများကို ထားရလေသည်။ ပြီးလျှင် ကျန်ကစားသူများက စည်းဝိုင်းကြီး အပြင်တွင်ဝိုင်း၍ ရပ်ကြပြီးလျှင် လိပ်ထီးလား လိပ်မလား ဟုမေးကြလေသည်။ လိပ်မဟု ဖြေမိလျှင် ကစားသူများက လိပ်ဥများကိုလုကြသောအခါတွင် လိပ်မလုပ်သူသည် သူ၏ခြေထောက်များဖြင့်သာ လိပ်ဥများကို ကာကွယ်နိုင်တော့လေသည်။ သူလက်များကို အသုံးမပြုံနိုင်တော့ချေ။ လိပ်ထီးဟု ဖြေမိလျှင် လူ၏လက်များကို အသုံးပြုနိုင်ပြီးလျှင် ခြေထောက်များကိုမူ အသုံးမပြုနိုင်ချေ။ အခြားကစားသူများက စည်းဝိုင်းအပြင်မှနေ၍ လုကြဟေ့ဟု တစ်ယောက်က အော်လိုက်သည်နှင့် တပြိုင်နက် လိပ်ဥ အဖြစ်ထားသော ခဲလုံးများကို စည်း၏ ပြင်ပမှ နေ၍ ကစားသူများက လုကြလေသည်။ ထိုသို့ လုနေကြစဉ်နှင့် လိပ်ဥများ ရှိနေစဉ်၌ ကစားသူတစ်ယောက်ယောက်ကို လိပ်လုပ်သူ၏ ခြေထောက်နှင့်ဖြစ်စေ၊ လက်နှင့်ဖြစ်စေ ထိမိလျှင် အထိခံရသူက လိပ်အဖြစ်နှင့် စ၍ ကစားကြ ရလေသည်။ အကယ်၍ လိပ်ဥများကို အားလုံးလုယူနိုင်လျှင် လိပ်လုပ်သူက မတ်တပ်ရပ်လိုက် ရသည်။ ထိုအခါ ကစားသူများအနက် တစ်ယောက်ယောက်က လိပ်လုပ်သူ၏ မျက်စိများကို မမြင်စေရန် အဝတ်တစ်ခုနှင့် ပတ်၍ ချည်ပေးလိုက်သည်။ ကျန်တစ်ယောက်ယောက်က လိပ်ဥများကို အနီးအနားရှိ တစ်နေရာရာတွင် ဝှက်ထားလိုက်လေသည်။ ပြီးသောအခါတွင် မျက်စိများတွင် စည်းထားသော အဝတ်ကို ဖယ်ရှားလိုက်၍ လိပ်လုပ်သူအား ဝိုင်းလိုက်ကြပြီးလျှင် လက်ခုပ်များတီး၍ ဖြစ်စေ၊ က၍ဖြစ်စေ လိပ်ဥပျောက်လို့ လိပ်မရှာ၊ သူ့ခမျာ ငိုမဲ့ငိုမဲ့ဟုဆိုကြကာ နောက်ပြောင်လေသည်။ လိပ်လုပ်သူကလည်း လိပ်ဥများကို ဝှက်ထားမည်ဟု ထင်ရသော နေရာများတွင် လိုက်ရှာလေသည်။ လိပ်ဥများကို ပြန်တွေ့ သောအခါတွင် လိပ်လုပ်သူက တွေ့ပြီးသည်မှာ စည်းဝိုင်းထဲတွင်ဟု အောက်ပြောလေသည်။ ထိုအခါ ကစားသူများသည် စည်းဝိုင်းအတွင်းသို့ ဝင်ကြ၍ တစ်ယောက်လက်ကို တစ်ယောက်က ကိုင်ကာ ဝိုင်း၍မတ်တပ်ရပ်နေကြလေသည်။ စည်းဝိုင်း၏ အပြင်ရှိ လိပ်လုပ်သူက လိပ်ဥများကို လက်တစ်ဘက်တွင် ကိုင်၍ ကျန်လက်တစ်ဘက်ဖြင့် စည်းဝိုင်းအတွင်းရှိ ကစားသူ တစ်ယောက်ယောက်ကို သူ၏ ခြေထောက်များ အပြင်ရောက်သည်အထိ ဆွဲထုတ်ရလေသည်။ စည်းဝိုင်းအတွင်းရှိ ကစားသူ များကလည်း သူတို့၏လူ အပြင်သို့ ပါမသွားစေရန် ဝိုင်း၍ ဆွဲထားကြလေသည်။ သို့သော် တစ်ယောက်ယောက်သာလဲလျှင် အဆွဲခံရသူသည် စည်းဝိုင်းအပြင်သို့ ပါသွားလေ့ရှိလေသည်။ ထိုအခါ လိပ်လုပ်သူက ဆွဲထုတ်မိပြီ သူ့ကိုဟု အော်ပြောသော အခါတွင် အခြားကစားသူများက ခဲလုံးနှင့်တို့ဟူ၍ ပြန်အော် ကြလေသည်။ ထိုအခါ ခဲလုံးနှင့် သူ့အား ပခုံးတွင်ဖြစ်စေ၊ ကျောတွင်ဖြစ်စေ တို့လိုက်ရသည်။ ထိုအတွင်း အဆွဲခံရသူ စည်းဝိုင်းအပြင်သို့ ရောက်မသွားစေရန် ကြိုးစားကြလေသည်။ စည်းဝိုင်း၏ အပြင်သို့ ခြေထောက်များ ရောက်သွားသူသည် နောက်တစ်လှည့် ကစားသောအခါတွင် လိပ်လုပ်ရလေသည်။ လိပ်စ၍ လုပ်သူသည် များသောအားဖြင့် အကြီးဆုံးကလေး ဖြစ်လေ့ရှိသည်။ ထိုသို့ ပထမစ၍ လုပ်မည့်သူ မပေါ် ပေါက်လျှင် ကစားမည့်သူများဝိုင်းဖွဲ့၍ ထိုင်ကြပြီးလျှင် ခဲလုံးများဖြင့် မြေကြီးတွင် ချက်ကျကျရိုက်ကာ လိပ်ဥပျောက်လို့ လိပ်မရှာ သူ့ခမျာ ငိုမဲ့ငိုမဲ့ဟူ၍ သံပြိုင်ဆို ကြလေသည်။ ထိုသို့ သံပြိုင်ဆိုကြရာ၌ အသံ နောက်ကျနေသူသည် ပထမစ၍ လိပ်လုပ်ရလေသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)