လိပ်ပြာ (ဝိညာဉ်)

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

လိပ်ပြာဟူသောစကားသည် ပါဠိဘာသာ အတ္တနှင့်ဇီဝကို မြန်မာပြန်ဆိုထားသော စကားဖြစ်၏။ လိပ်ပြာ ဝိညာဉ်၊ လိပ်ပြာအသက် စသည်ဖြင့် တွဲဖက်သုံးစွဲကြသည်ကိုထောက်လျှင် လိပ်ပြာကို ဝိညာဉ်လည်း ခေါ်သည်၊ အသက်လည်းခေါ်သည်။ ထိုကြောင့် ပါဠိဘာသာ အတ္တ၊ ဇီဝ၊ မြန်မာဘာသာလိပ်ပြာ၊ ဝိညာဉ်၊ အသက်ဟူသော စကားများသည် အနက် အဓိပ္ပါယ်တူဖြစ်ကြသည်။

လိပ်ပြာအယူဝါဒသည် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ရောက်လာ ဟန်တူသည်။ အကြောင်းကား လိပ်ပြာအယူဝါဒသည် ဗြဟ္မာကို ကိုးကွယ် သောအယူဝါဒနှင့် သက်ဆိုင်လျက်ရှိသည်။ ခန္ဓာ၌ ငါကောင်ရှိသည် ယူဆ သော အယူဝါဒနှင့်လည်းသက်ဆိုင်လျက်ရှိသည်။ မှော်ပညာ၊ ပယောဂပညာ နှင့်လည်းသက်ဆိုင်လျက်ရှိသည်။ ယင်းအယူဝါဒများနှင့် ယင်းပညာများမှာ လည်း အိန္ဒိယနိုင်ငံဗေဒင်ဖက်ဆိုင်ရာ သက္ကတကျမ်းများ၊ ဆေးဖက်ဆိုင်ရာ သက္ကတကျမ်းများနှင့် အယူဝါဒဆိုင်ရာသက္ကတကျမ်းများ၌ ပါရှိသော အယူ ဝါဒများနှင့် ပညာများဖြစ်သောကြောင့်တည်း။

လိပ်ပြာအယူဝါဒကို အနည်းငယ်ရှင်းလင်း၍ ပြဦးအံ့။ သတ္တဝါ နှင့် ကမ္ဘာလောကကြီးတစ်ခုလုံးကို ကောင်းကင်ဘုံ၌ရှိသော ဗြဟ္မာကြီးက ဖန်ဆင်းသည်။ သတ္တဝါတွေသေလွန်၍ ဗြဟ္မာပြည်သို့ရောက်သွားလျှင် ဆင်းရဲဒုက္ခမရှိ၊ အမြဲတမ်းချမ်းသာနေသည် သို့မဟုတ် နိဗ္ဗာန်ပြည်သို့ ရောက်သွားသည်ဟု အယူဝါဒရှိသောသူတို့က အတ္တသည် ဗြဟ္မာကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်၏။ ဥပမာ မီးခဲကြီးမှထွက်သွားသော မီးပွားကလေး ကဲ့သို့ဖြစ်၏ဟု ယူဆကြသည်။ ယင်းသို့ယူဆသော အတ္တကား ပရမအတ္တ ဖြစ်သည်။ တစ်နည်း၊ သတ္တဝါတို့ ခန္ဓာကိုယ်၌ ငါကောင်ခေါ်သော အစိတ် အပိုင်းတစ်ခုရှိ၏။ ယင်းအစိတ်အပိုင်းကား အတ္တဖြစ်၏။ ထိုအတ္တကား ဇီဝ အတ္တဖြစ်သည်။ ထိုအတ္တနှစ်မျိုးလုံးကိုပင် မြန်မာနိုင်ငံ၌ လိပ်ပြာဟူ၍လည်း ကောင်း၊ ဝိညာဉ်ဟူ၍လည်းကောင်း၊ အသက်ဟူ၍လည်းကောင်း ယူဆသုံးစွဲ နေကြသည်။ ထိုကြောင့် လိပ်ပြာအယူဝါဒမှာ အရင်းစစ်အမြစ်မြေက ဆို သည့်အတိုင်း ဗြဟ္မာကို ကိုးကွယ်သောအယူဝါဒနှင့် ခန္ဓာအိမ်၌ ငါကောင်ရှိ သည်ဟူသော အယူဝါဒတို့မှ ဆင်းသက်လာကြောင်းထင်ရှားသည်။

တစ်နည်း ထိုလိပ်ပြာ အယူဝါဒမှာ စုန်း၊ နတ်၊ တစေၦ၊ မြေ ဘုတ်စသည် တို့နှင့်လည်း ဆက်သွယ်နေသည်။ ယင်းတို့မှာလည်း မှော်ပညာ၊ ပယောဂပညာတို့၌ ပါရှိနေသောကြောင့် မှော်ပညာ၊ ပယောဂပညာမှ ဆင်း သက်လာကြောင်း ထင်ရှားသည်။

ထိုလိပ်ပြာခေါ် အတ္တသည် သတ္တဝါတို့၏ ခန္ဓာအိမ်အတွင်း၌ တည်နေ၏၊ နာမ်တရားလည်းမဟုတ်၊ ရုပ်တရားလည်းမဟုတ်။ ဘယ်ခါမျှ မပျက်စီးနိုင်၊ မအို၊ မသေ၊ အမြဲတည်နေရသော အနှစ်သာရ တစ်ခုဖြစ်၏။ ခန္ဓာအိမ်ပျက်စီးသွားသော်လည်း ယင်းလိပ်ပြာခေါ်အတ္တသည် မပျက်စီး၊ မသေလွန်။ ခန္ဓာအိမ်ဟောင်းပျက်စီးသွားလျှင် 'လောက်လမ်းသဖွယ် ဝိညာဉ် တွယ်' ဆိုသည့်အတိုင်း ခန္ဓာအိမ်သစ်တစ်ခုကို ရှာဖွေကူးပြောင်း၍နေသည်။ အကြီးအငယ် ပမာဏကား အချို့ကျမ်းတို့က ခန္ဓာအိမ်ငယ်လျှင်ငယ်သည်။ ခန္ဓာအိမ်ကြီးလျှင် ကြီးသည်ဟုဆိုသည်။ အချို့ကျမ်းတို့က မနှိုင်းယှဉ် မပိုင်း ခြားနိုင်လောက်အောင်ကြီးသည်။ သို့သော် ခန္ဓာအိမ်ဟောင်းကို စွန့်ခွာ၍ ခန္ဓာအိမ်သစ်ကို ရှာဖွေသောအခါ အကြောင်းအားလျော်စွာ လက်မလောက် ပမာဏ၊ အပ်နဖားထွင်းစူးဖျားပမာဏ၊ ထိုအောက်ငယ်သောပမာဏ၊ ဆံချည် ပင် အစိတ်တစ်ရာစိတ်၍ တစ်စိတ်လောက်ပမာဏရှိ၏ဟုဆိုသည်။

ထိုလိပ်ပြာခေါ် အတ္တသည် ခန္ဓာအိမ်ကို စိုးပိုင်၏။ ခန္ဓာအိမ်သည် မိမိအလိုသို့လိုက်ရ၏။ မိမိခိုင်းစေသမျှလုပ်ရ၏။ မျက်စိက မြင်ခြင်း၊ နားက ကြားခြင်း၊ နှာခေါင်က နံခြင်း၊ လျှာက လျက်ခြင်း၊ ကိုယ်က တွေ့ထိခြင်း၊ စိတ်က ကြံစည်တွေးတောခြင်း သိခြင်းကိစ္စဟူသမျှကိုု ဆောင်ရွက်၏။ မျက်စိအရသာ၊ နားအရသာ၊ နှာခေါင်းအရသာ၊ လျှာအရသာ၊ ကိုယ် အရသာ၊ စိတ်အရသာ ဟူသမျှကိုခံစား၏ဟုဆိုသည်။

အချို့ကလည်း လူသေပြီး အသက်လိပ်ပြာထွက်သွား၍ ဘဝသစ် သို့ ကူးပြောင်းသောအခါ ဘဝဟောင်းက တစ်စုံတစ်ရာပါလာသည်ဟု ယူဆ ကြသည်။ သို့အတွက် သေခါနီးတွင်၊ သို့မဟုတ် လူသေကောင်တွင် နနွင်း၊ အိုးမဲ၊ ဆီချေးစသောတစ်စုံတစ်ခုဖြင့် လက်၊ ခြေ စသည်တို့၌ အမှတ် အသားပြုလိုက်လျှင် ဘဝသစ်သို့ရောက်သောအခါ ဘဝဟောင်းက အမှတ် အသားပြုလိုက်သောနေရာမှာပင် ယင်းအမှတ်အသားပါလာသည်။ အချို့ ဓား၊ လှံ၊ သေနတ်စသော လက်နက်ဖြင့် သေသွားသော်လည်းကောင်း၊ တစ်စုံတစ်ခုဒဏ်ချက်ဖြင့် သေသွားသော်လည်းကောင်း ဘဝသစ်သို့ရောက် သောအခါလူဝင်စားဖြစ်၍ ဘဝဟောင်းက ဒဏ်ရာဒဏ်ချက်ပါလာသည်ဟု အယူရှိကြသည်။ အချို့က သေသွားပြီးနောက် အသက်လိပ်ပြာသည် မေ့ပင် မုန်းပင်အောက်သို့ဝင်သွားမိ၍ ဘဝသစ်သို့ရောက်သောအခါ ဘဝဟောင်းက အဖြစ်အပျက်ကိုမပြောနိုင် မေ့သွားသည်။ ဘဝဟောင်းတွင် အလွန်ချစ်ခင် သော မိဘ ဆွေမျိုးဉာတိများကိုလည်း မုန်းတီးသွားသည်ဟု အယူရှိကြ သည်။

သည်တွင်မကသေး စုန်း၊ နတ်၊ တစေၦ၊ မြေဘုတ် စသည်တို့၏ အကြောင်းအရာ၊ မှော်ပညာ ပယောဂပညာနှင့် စပ်သောအကြောင်းအရာ၊ အင်း၊ အိုင်၊ ခါးလှည့်၊ လက်ဖွဲ့၊ ဂါထာ၊ မန္တန်၊ မန္တရား စသည်တို့နှင့် စပ်သောအရာတို့ကို ရေးသားထားသော ကဝေသာရကျမ်းရင်းကြီး ၉ တွဲ၊ ဗားမဲ့ဆရာတော်လက်တွေ့ကျမ်း၊ အင်းအင်္ဂုတ္တိုရ်၊ ဆေးအင်္ဂုတ္တိုရ်၊ မန္တန်အင်္ဂုတ္တိုရ် စသောကျမ်းတို့၌ လိပ်ပြာအကြောင်း ရေးသားထားသည်ကို ဖတ်ရှု ရသည်။ 'လောကသစ္စံ၊ နသစ္စံ၊ လောကီအတတ်ပညာတို့ကား မှန်သည် လည်းရှိ၏။ မမှန်သည်လည်းရှိ၏။'ဟု အဆိုရှိသော်လည်း မှန်သည် မမှန် သည်ကိုထားဘိဦး၊ အလွန်ဆန်းကြယ်လျက် အံ့ဩဖွယ်ကောင်းသည်ကို တွေ့ ရသည်။

ထိုထိုကျမ်းတို့၌ လညေ်းကာင်း။ နိုင်ငံတော် အတွင်းရှိ အရပ် ဒေသတိုင်း၌လည်းကောင်း၊ မြန်မာတိုင်းရင်းသားလူမျိုးတို့သည် (၁) လိပ်ပြာ ချင်းကူး၍ ချစ်ကြိုက်သည်၊ (၂) လိပ်ပြာလှသည်၊ (၃) လိပ်ပြာစဉ်သွား သည်၊ (၄) လိပ်ပြာကိုခေါ်သွားသည်၊ လိပ်ပြာကိုနုတ်ယူသွားသည်၊ (၅) လိပ်ပြာကိုဖမ်းချုပ်ထားသည်၊ (၆) လိပ်ပြာကိုအသက်သွင်းသည်၊ (၇) လိပ် ပြာကိုခေါ်သည်၊ (၈) လိပ်ပြာခွဲသည်စသည်ဖြင့် သုံးစွဲကြသည်၊ ယုံကြည်ကြ သည့်အတိုင်းလည်း နည်းအမျိုးမျိုးရှိရာတွင် မိမိတို့နှစ်သက်ရာ ယုံကြည်ရာ နည်းကို ပြုလုပ်လေ့ရှိသည်။

လိပ်ပြာချင်းကူး၍ ချစ်ကြိုက်သည် ဆိုရာ၌ တစ်ယောက်နှင့် တစ်ယောက် မိတ်သင်္ဂဟအဖြစ်ချစ်ခင်ရာ၊ မိန်းမယောင်္ကျားတို့ တစ်ယောက် နှင့်တစ်ယောက် အကြင်လင်မယားအဖြစ် ချစ်ကြိုက်ရာတို့၌ အချင်းချင်း တစ်ယောက်လိပ်ပြာက တစ်ယောက်ထံကူးပြောင်းသဖြင့်လည်းကောင်း၊ လိပ်ပြာအချင်းချင်း ပေါင်းသင်းဆက်ဆံသဖြင့်လည်းကောင်း မိတ်ဆွေသင်္ဂဟ အဖြစ် ချစ်ခင်ကြသည်။ အကြင်လင်မယားအဖြစ် ချစ်ကြိုက်ကြသည်ဟု အယူရှိကြသည်။

အကြင်လင်မယားတို့မပေါင်းသင်းလိုတော့သဖြင့် ကွာရှင်းကြရာ၌ လိပ်ပြာကိုယ်စားထားခြင်း၊ ပြလုပ်ဖွယ်မရှိ၊ မိတ်ဆွေသင်္ဂဟအဖြစ် ချစ်ခင်ကြ ရာ သို့မဟုတ် သားသမီးကဲ့သို့ ချစ်ခင်နေကြရာ၌ လူကြီးအချင်းချင်းဖြစ် လျှင် တစ်ယောက်နှင့်တစ်ယောက် သည်းခံဖြေဖျောက်နိုင်သော အရွယ်ဖြစ် ကြ၍ ပြုလုပ်ဖွယ်မရှိ၊ လူကြီးနှင့်ကလေးဖြစ်လျှင် ခွဲခွာရတော့မည့်အခါ ကလေးဖြစ်သူက လွမ်းဆွတ်သတိရလျက် စိတ်ဆင်းရဲနေမည်ကို စိုးရိမ် သဖြင့် အချို့ပြုလုပ်ကြသည်။ ပြုလုပ်ပုံမှာ လူကြီးဖြစ်သူက ချည်မျှင်ကို မိမိ ကိုယ်နှင့် အညီအမျှတိုင်း၍ ကွင်းလုပ်ကာ ငါ့ကိုယ်စားထားခဲ့သည်ဆို၍ ကလေး၏လည်ပင်း၌၊ သို့မဟုတ်လက်ကောက်ဝတ်၌ စွပ်ပေးခဲ့ရသည်။ ဤသို့ပြုလုပ်လျှင် ကလေးအလွမ်းအဆွတ်ပြေ၍ စိတ်မဆင်းရဲတော့ပြီဟု အယူရှိကြသည်။

လိပ်ပြာလှသည်ဆိုရာ၌ လူတို့တွင် လိပ်ပြာလှသူ မလှသူဟု နှစ်မျိုးရှိိ၏။ ယင်းနှစ်မျိုးတို့အနက် စုန်း နတ် တစေၦ မြေဘုတ် စသည် တို့သည် မိမိတို့အလိုအလျောက်ပူးဝင်ရာ၌၊ သို့မဟုတ် အာဏာရှိသူ၊ အာဏာပိုင်သူ၊ မှော်ဆရာပယောဂ ဆရာတို့ကပူးဝင်ရာ၊ သွင်းရာ၌ လိပ်ပြာ လှသူကိုသာ ပူးဝင်လေ့ရှိ၏။ ပူးဝင်နိုင်၏ဟု အယူရှိကြသည်။ လိပ်ပြာစဉ်သွားသည် ဆိုရာပ အနာရောဂါ အလွန်အားကြီးသဖြင့် မေ့မျောသွားသူ၊ စုန်း နတ် တစေၦ မြေဘုတ် စသည်တို့ ခြောက်လှန့်သော ကြောင့်လည်းကောင်း၊ အလွန်ကြောက်မက်ဖွယ်ကောင်းသော အဆင်း သ!ာန် အသံ အတွေ့ အာရုံ တစ်ခုခုကြောင့်လည်းကောင်း အထိတ်အလန့် အားကြီးသဖြင့် မေ့မျောသွားသူ၊ သတိကင်းမဲ့သွားသူတို့ကို လိပ်ပြာစဉ်သွား သည်၊ ကိုယ်တွင်းမှလိပ်ပြာ ထွက်ခွာသွားသည်၊ ကိုယ်တွင်းမှ လိပ်ပြာထွက် ခွာသွား၍ တစ်နေရာမှာ ခေတ္တနေသည်ဟု အယူရှိကြသည်။

လိပ်ပြာကိုခေါ်သွား၊ လိပ်ပြာကိုနုတ်သွားသည် ဆိုရာ၌ စုန်း နတ် တစေၦ မြေဘုတ် စသည်တို့က၊ သို့မဟုတ် မှော်ဆရာ ပယောဂဆရာတို့က လူကို မေ့မျောသွားအောင်၊ သတိကင်းမဲ့သွားအောင်ပြုလပ်၍ မိမိတို့ပညာ စွမ်းဖြင့် ထိုမေ့မျောသွားသူ၏ လိပ်ပြာကိုနုတ်သွားနိုင်သည်ဟု အယူရှိကြ သည်။

ဥစ္စာစောင့်တို့ကလည်း မိမိတို့အလိုရှိသောသူ၏လိပ်ပြာကို နုတ်၍ မိမိတို့နေရာ သိုက်သို့ခေါ်ပြီးလျှင် ပစ္စည်းဥစ္စာရတနာ ရွှေငွေတို့ဖြင့်လည်း ကောင်း၊ နှစ်သက်သာယာဖွယ်ကောငေ်းသာ အာရုံတို့ဖြင့်လည်းကောင်း ဖျား ယောင်းသွေးဆောင်ကာ မိမိတို့နှင့်အတူတူနေရန် ပြောကြားလေ့ရှိသည်။ ထိုပြောကြားချက်ကို သဘောမကျ၍ ဝန်မခံဘဲ လိပ်ပြာပြန်လာလျှင် မေ့မျော နေသူသည် သတိပြန်ရကာချမ်းသာသည်။ သဘောကျ၍ ဝန်ခံလိုက်လျှင် လိပ်ပြာပြန်မလာနိုင်တော့သဖြင့် မေ့မျောနေသူ သေဆုံးသွားကာ ဥစ္စာစောင့် ဖြစ်သွားသည်ဟု အယူရှိကြသည်။

လိပ်ပြာကိုဖမ်းချုပ်ထားသည် ဆိုရာ၌ လိပ်ပြာထွက်မသွားနိုင် အောင်ဖမ်းချုပ်ထားလိုသူတစ်ယောက်ယောက်ကဖြစ်စေ၊ မှော်ဆရာ ပယောဂ ဆရာကဖြစ်စေ ချည်ခုနစ်မျှင်ကို ကြိုးကျစ်ပြီးလျှင် ပိတ်ခြင်းသီးခုနစ်လုံးထိုး ကာ မန္တန်ဖြင့်ခုနစ်အုပ်စုတ်၍ ချည်မန်းကွင်းလုပ်ပြီးလျှင် လိပ်ပြာဖမ်းချုပ်ခံရ သူ၏လည်ပင်း၌၊ သို့မဟုတ် လက်၌စွပ်ထားပါက လိပ်ပြာထွက်မသွားနိုင်ဟု အယူရှိကြသည်။

လိပ်ပြာ အသက်သွင်းသည်ဆိုရာ၌ အစောင့်အရှောက်ထားရန်၊ သို့မဟုတ် လိုရာခိုင်းစေအသုံးပြုရန် နတ်ရုပ်၊ သို့မဟုတ် အရုပ်တစ်ခုခုကို ထုလုပ်ပြီးလျှင် လိပ်ပြာအသက်သွင်းကြသည်။

သွင်းပုံမှာ လိပ်ပြာအသက်သွင်းမည့် နတ်ရုပ်၊ သို့မဟုတ် အရုပ် တစ်ခုခုကို ကောင်းမွန်စွာ ခင်းကျင်းပြင်ဆင်ပြီးနေရာချထား၍ အုန်းငှက်ပျော ပွဲစုံ ပန်းနံ့သာ စသည်တို့ဖြင့် ချည်ခုနစ်မျှင်ကို ကွင်းလုပ်ကာ ဒေဝဒေဝါ စသော ဂါထာဖြင့်ရွတ်မန်းပြီးလျှင် လိပ်ပြာအသက်သွင်းမည့် နတ်ရုပ်၌၊ သို့မဟုတ် အရုပ်တစ်ခုခု၌စွပ်ထားကြသည်။ နောက်စိန္တာမဏိဂါထာ စူဠာမ ဏိဂါထာများကို ရွတ်မန်း၍ နှိုးကြသည်။

နောက် ဥုံ ဗိဒြာ မဟာဗိဒြာ စသော ဂါထာဖြင့်ရွတ်မန်း၍ လိပ်ပြာအသက် ်သွင်းကြသည်။ ဤသို့ ပြုလုပ် လျှင် လိပ်ပြာအသက်ဝင်၍ လိုရာကိစ္စပြီးစေနိုင် သည်ဟု အယူရှိကြသည်။လိပ်ပြာကိုခေါ်သည်ဆိုရာ၌ မေ့မျောပြီးစဉ်းသွားသော လိပ်ပြာကို ပြန်လာရန်ခေါ်ရခြင်းဖြစ်သည်။ တစ်နည်း နုတ်သွားသော လိပ်ပြာက ိုပြန်လာ ရန်ခေါ်ရခြင်းဖြစ်သည်။ လိပ်ပြာပြန်မလာလျှင် လိပ်ပြာရှင်မှာ ထိတ်လန့် ခြင်း၊ မကျန်းမာခြင်း၊ နောက်ဆုံးတွင်သေဆုံးခြင်းသို့ရောက်အောင်ပင် ဖြစ် နိုင်သည်ဟု အယူရှိကြသည်။ သို့အတွက် လိပ်ပြာကိုခေါ်ရသည်။

လိပ်ပြာခေါ်ပုံမှာ အိမ်တွင်းနတ်ကို လက်ဖက်တစ်ပွဲတင်၍ 'မည် သည့်နေ့သား ကလေးမည်သူ၏လိပ်ပြာကို အိမ်သို့ဝင်ရန်ခွင့်ပြုပါ'ဆို၍ ခွင့် တောင်းရသည်။ ဒုတိယ မနဲမိကို ထမင်းတစ်ပွဲ၊ ကြက်ဥပြုတ်ပြီးနှစ်လုံး၊ သို့မဟုတ် ဝမ်းဘဲဥပြုတ်ပြီးနှစ်လုံးတင်၍ 'မည်သည့်နေ့သား ကလေး မည်သူ၏လိပ်ပြာကို စောင့်ရှောက်ပါ'ဆို၍ တောင်းပန်ရသည်။ တတိယ လိပ်ပြာခေါ်ရန် လင်ပန်းတွင်ဖြစ်စေ၊ ပန်းကန်ပြားတွင်ဖြစ်စေ ထမင်းခုနစ် ဆုပ်၊ ပြုတ်ပြီးဝမ်းဘဲဥတစ်လုံး၊ ရေတစ်ခွက်၊ တစ်တောင်ခန့် အပ်ချည် ခုနစ်ချောင်းစီနှစ်ခင်၊ ယောက်မတစ်ချောင်း အသင့်ထည့်ပြီး ပွဲပြင်ထားရ သည်။ နောက်လိပ်ပြာစဉ်နေသော ကလေး၏ လိပ်ပြာကို 'မည်သည့်နေ့သား ကလေး မည်သူ၏လိပ်ပြာလာပါ'ဟုဆို၍ အိမ်လှေကားကို ယောက်မဖြင့် ခုနစ်ချက်ခေါက်ရသည်။ နောက် အိမ်ပေါက်ကိုလည်း ယခင်အတိုင်းဆို၍ ခုနစ်ချက်ခေါက်ရသည်။ နောက်ပွဲပြင်ထားသော လင်ပန်းဖြစ်လျှင် လင်ပန်း၊ ပန်းကန်ပြားဖြစ်လျှင် ပန်းကန်ပြားကိုလည်း ယခင်အတိုင်းဆို၍ ခုနစ်ချက် ခေါက်ရသည်။ နောက် အပ်ချည်နှစ်ခင်ကိုကိုင်၍ မလန့်နှင့်ဟု ဆိုပြီး ကလေးလက်နှစ်ဖက်လုံး လက်ဖျားမှတတောင်ဆစ်အထိ အထက်သို့လှန်၍ ခုနစ်ချက်ဆွဲရသည်။ ယင်း အပ်ချည်တစ်ခင်ကို ကလေး လက်တစ်ဖက်၌ သုံးပတ်ပတ်၍ ချည်ထားရသည်။ ကျန်တစ်ခင်ကို ကျန်လက်တစ်ဖက်၌ သုံးပတ်ပတ်၍ ချည်ထားရသည်။နောက်လက်၌ ချည်ထားသော ကြိုးစက လေးကို အနညး်ငယ်ဖြတ်၍ယူ၊ ဝမ်းဘဲဥ အခွံခွာပြီး အနည်းငယ်ထည့်၊ ထမင်းတစ်ဆုပ်နှင့်စုပေါင်းပြီး ကလေးခေါင်းပေါ်မှာတင်၍ 'ကရူးလာကိုပွား ရန်'ဟုဆို၍ ခေါ်ရသည်။ နောက် ကလေးကို ဝမ်းဘဲဥထမင်းရည် အနည်း ငယ်စီ စတိတိုက်ကျွေးရသည်။ ဝမ်းဘဲဥကိုအခွံခွါသောအခါ ကြည့်ရသည်။ ဝမ်းဘဲဥတစ်နေရာ၌ အဟောက်၊ အချိုင့်ပါလျှင် ကိစ္စပြီးသည်။ မပါလျှင် ကိစ္စမပြီးသေး၊ ထပ်မံလုပ်ရသည်။ ဤကဲ့သို့ ပြုလုပ်လျှင် စဉ်သွားသောလိပ် ပြာ ပြန်လာသည်ဟု အယူရှိကြသည်။

လိပ်ပြာခွဲသည်ဆိုရာ၌ သေဆုံးသွားသောအမိနှင့် ကျန်သောက လေး သို့မဟုတ် တစ်မိမွေးကလေးနှစ်ယောက်သုံးယောက်ရှိရာ သေဆုံးသွား သောကလေးနှင့် ကျန်ရစ်သောကလေးများ၊ ယင်းတို့မှာ တစ်ယောက်နှင့် တစ်ယောက် လိပ်ပြာချင်းပူးတွဲနေသည်ဟု ယူဆကြသည်။ သို့အတွက် ပူး တွဲနေသော လိပ်ပြာကိုခွဲပစ်ရသည်။ မခွဲလျှင် ကျန်ရစ်သော ကလေးမှာ မကျန်းမမာ ဖြစ်နေတတ်သည်။ သေဆုံးသော်လည်းသွားတတ်သည်ဟု အယူ ရှိကြသည်။ သို့အတွက် ကျန်ရစ်သောကလေး ကျန်းမာအောင်၊ အသက်ရှည် အောင် လိပ်ပြာကိုခွဲကြရသည်။

လိပ်ပြာခွဲပုံမှာ သေဆုံးသွားသူအတွက် ငှက်ပျောသီးတစ်လုံး၊ ကျန်ရစ်သော ကလေးအတွက်တစ်လုံး၊ ကလေးနှစ်ယောက်ကျန်ရစ်လျှင် ကလေးအတွက်နှစ်လုံး၊ သေဆုံးသွားသူအတွက်နှစ်လုံး မီးကင်၍ ကလေးကို တစ်လုံးကျွေး၊ နှစ်ယောက်ဖြစ်လျှင် နှစ်လုံးကျွေး ကျန်ငှက်ပျောသီးတစ်လုံး ကို ကလေးနှစ်ယောက်ဖြစ်လျှင် နှစ်လုံးကို ' မိမည်သူ ကျန်ရစ်သောကလေး မည်သူမည်သူတို့ ယနေ့ကစ၍ပြတ်ပြီ' ဟုဆို၍ခေါင်းထဲသို့ထည့်ရသည်။ တစ်နည်း။ ကွမ်းဆေးလက်ဖက် စသည်ပွဲပြင်၍ ရေထည့်ထား သောဇလုံတွင် ကွမ်းသီးခြမ်းခြောက်ခုကို ဖြစ်စေ၊ ကြွေစေ့ ခြောက်စေ့ကို ဖြစ်စေ လက်ဖြင့်ဆုပ်၍ 'မည်သူနှင့် မည်သူ ယနေ့ကစ၍ ပြတ်ပြီ' ဆို၍ ပစ်ရသည်။ တစ်ချို့မှောက် တစ်ချို့လန်ဖြစ်နေလျှင် လိပ်ပြာမကွဲသေး၊ ခြောက်ခုလုံးမှောက်လျှင်မှောက်၊ လန်လျှင်လန်မှ လိပ်ပြာကွဲသွားသည်ဟု အယူရှိကြသည်။

တစ်နည်း။ အိမ်ပြင်တစ်နေရာတွင် တိုင်ကလေးတစ်တိုင်စိုက်၍ ချိန်ခွင်တစ်ခု ချိပ်ထားပြီးသေဆုံးသူ ကြိုက်တတ်သောအစာအာဟာရ တစ်ခု ခုကို ပွဲပြင်၍တင်ပြီးလျှင် ချိန်ခွင်တစ်ဖက်၌ ကလေးအဝတ်ထည့်၊ ကျန်တစ် ဖက်၌ ကလေးအဝတ်နှင့်အချိန်ညီမျှနေအောင် ဝါဂွမ်း သို့မဟုတ် ကွမ်းသီး ခြမ်းကိုထည့်၍ထား၊ သေဆုံးသူနှင့်ကလေးအမည်ကိုဖော်ကာ ယခုကလေးမှာ 'သင်နှင့်ဘာမျှမဆိုင်၊ သင်ကြီးပွားအောင် ဘာမျှမတတ်နိုင်၊ ကလေးကို တွယ်တာမနေပါနှင့်၊ ငါတို့ကိုပေးပါ၊ ငါတို့ကြီးပွားအောင် စောင့်ရှောက် ထိန်းသိမ်းမည်၊ အားလုံးတာဝန်ယူမည်၊ သင်အနှောင့်အယှက်မပြုပါနှင့်၊ သွားလိုရာသွားပါ'ဟုပြောဆို၍ တောင်းရသည်။ ပေးသည်၊ မပေးသည်ကို ချိန်ခွင်လျှာ ထွက်လာသည်နှင့်တစ်ပြိုင်နက် ကလေးကို ငါတို့ပိုင်ပြီဆို၍ ချိန်ခွင်ရှိကလေးအဝတ်ကို အမြန်ဆွဲယူရသည်။ ဤသို့ပြုလုပ်လျှင် လိပ်ပြာ ကွဲသွားသည်ဟု အယူရှိကြသည်။

မှတ်ချက်။ လိပ်ပြာအကြောင်းကို ရေးသားရာ၌ အတ္တ ဇီဝလိပ်ပြာ ဝိညာဉ်အသက်ရှိသည်ဆိုသော အယူဝါဒသည် ဗုဒ္ဓဘုရားအယူဝါဒရှိသူတို့မှ တစ်ပါးသောအယူဝါဒရှိသူတို့၏ အယူဝါဒမျှသာဖြစ်၏။ ဗုဒ္ဓဘုရားအယူဝါဒ ၌ကား သတ္တဝါတို့၌နာမ်တရား ရုပ်တရားသာရှိ၏။ အတ္တဇီဝ လိပ်ပြာ ဝိညာဉ်အသက်ဟူ၍မရှိ။ ယင်းတို့ကား ကြံစည်တွေးဆ၍ မှည့်ခေါ်ထားသော အမည်ပညတ်မျှသာဖြစ်၏။ ဥပမာ ယုန်ချို၊ လိပ်မွေး၊ ပုစွန်သွေးဆိုသော စကားကဲ့သို့တည်း။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)