လားဟူခေါ့ဂျားပွဲတော်

ဝီကီပီးဒီးယား မှ

လားဟူလူမျိုးတို့၏ နှစ်သစ်ကူးပွဲတော်ကို လားဟူခေါ့ဂျားပွဲဟု ခေါ်သည်။ နှစ်သစ်ကူးရက်မှာ ဇန်နဝါရီ လ ၁၆ ရက်နေ့ ဖြစ်ပြီး ပွဲတော်ရက်အတွင်း နေ့စဉ် လားဟူရိုးရာမြေဝိုင်းနှင့် ဘူးပလွေအက၊ အိုးစည်လင်းကွင်းအကနှင့် လားဟူတို့၏ နာမည်ကြီး အကများကို ဖျော်ဖြေလေ့ရှိကြသည်။ ညပိုင်းတွင် ခေတ်ပေါ် တေးဂီတဝိုင်းဖြင့် ဧည့်ခံလေ့ရှိပြီး ၁၆ ရက်နေ့ညတွင် မီးရှူးမီးပန်းဖောက်၍ နှစ်သစ်ကိုကြို ဆိုကြသည်။ ၂၀၁၀ခုနှစ် နှစ်သစ်မှာ ကျားနှစ်ဖြစ်ပြီး နှစ်ဟောင်းမှာ နွားနှစ်ဖြစ်သည်။

လားဟူလူမျိုးသည် ဘူးသီးမှပေါက်ဖွားလာခဲ့သည်ဟု ပုံပြင်ဆိုစမှတ်ရှိခဲ့သဖြင့် ယနေ့လားဟူလူမျိုးတိုရဲ့သင်္ကေတမှာ ဘူးသီးဖြစ်သည်။ လားဟူပြက္ခဒိန်တွင် နေ့ရက်ကို တိရစ္ဆာန် ၁၂ မျိုး၏ အမည်များဖြစ်သော မြင်း၊ သိုး၊ မျောက်၊ ကြက်၊ ခွေး၊ ဝက်၊ ကြွက်၊ နွား၊ ကျား၊ ယုန်၊ နဂါးနှင့် မြွေကိုပတ်လည်ရေတွက်ပါသည်။ တရုတ်ရေတွက်နည်းနှင့် တူသည်။ ၁၂ ရက်ကို တပြန်ဟု တွက်ပါသည်။ တလ၏နေ့ရက်ရေတွက်ပုံမှာ တရုတ်နှင့်တူသော်လည်း နှစ်သစ်ကူးရက်မှာတော့ တရုတ်နှင့် လေးနှစ်တွင်တကြိမ်သာတူသည်။ ၁၉၇၂ ခုနှစ်တွင် ကျိုင်းတုံလားဟူယဉ်ကျေးမှုအဖွဲ့က ကမကထပြုပြီး ပြုလုပ်ခဲ့သော ဆုံးဖြတ်ချက်အရ မြန်မာလ တပို့တွဲ့လဆန်း တရက်နေ့သည်ရှေးလားဟူရက် လရေတွက်ချက်နှင့်အညီ လားဟူနှစ်သစ်ကူးနေ့ဖြစ်ကြောင်း မြန်မာပြည်တွင် သတ်မှတ်ကျင်းပလာကြသည်။ နှစ်သစ်ကူးရက်ကို ထင်းရူးအဖူးသစ်ထွက်ချိန်၊ မက်မွန် မက်မန်းပွင့်ချိန်သည် လားဟူနှစ်သစ်ကူးနေ့ဖြစ်သည်ဟု ရှေးလားဟူလူကြီးပြောပြခြင်းကြောင်း အစဉ်အဆက်မှတ်သားခဲ့ကြသည်။

အချို့လားဟူတို့ကတရုတ်နှစ်သစ်ကူးကိုလားဟူနှစ်သစ်ကူးအဖြစ်ကျင်းပကြသကဲ့သို့အချို့လားဟူများက ခရစ်ပြက္ခဒိန် အတိုင်း ဇန္နဝါရီလ ၁ ရက်နေ့မှာ ကျင်းပကြသည်။ လားဟူလူမျိုးသည်နှစ်သစ်ကူးပွဲရက်ကို အများစုက ၇ ရက် ၇ ည သတ်မှတ်ကြပြီး အချို့က တစ်လတင်းတင်း ကျင်းပကြသည်။ နှစ်သစ်ကူးအကြိုတရက် (နေ့ဟောင်း) မှာ အိမ်တွင်းအိမ်ပြင် ရပ်ရွာ ထောင့်စေ့မကျန် သန့်ရှင်းရေးလုပ်ကြသည်။

နီးစပ်ရာ ချောင်းနဘေးသို့သွား၍ အိပ်ယာခင်း၊ စောင်များ ကိုလျော်ဖွတ်ကြသည်။ နှစ်သစ်ကူး ပထမနေ့မနက်စောစော ကြက်တွန်သံကြားတာနဲ့နှစ်သစ်ကိုကြိုဆိုတဲ့အနေနဲ့ အိမ်တိုင်း ကိုယ့်မှာရှိတဲ့တူမီးသေနတ် သို့မဟုတ် ဗျောက်အိုးများကိုဖောက်ကြသည်။ အိမ်တိုင်းကကောင်းညင်းထောင်းပြီး ခေါပုတ်လုပ်စားကြသည်။ တစ်အိမ် ဝက်ကောင်၊ သို့မဟုတ် မတတ်နိုင်သည့် အိမ်ထောင်စုများက စုပေါင်းပြီး ဝက်ပေါ်ကြသည်။ လားဟူ၏ယဉ်ကျေးမှုအတိုင်း ဝက်လည်းချောင်းတွေကို ရွာသူကြီးကိုဆက်သကြရသည်။ လူငယ်များက နှစ်သစ်ကူးနေ့တွင် သူ့ထက်ငါဦးအောင် ရေသန့်ဦးကို ချောင်းထဲဆင်းခပ်ကြသည်။ ရလာသည့် ရေသန့်ရေဦးကို မိမိတိုရဲ့ဆိုင်ရာ မိဘလူကြီးတွေကို လက်ဆေးကန်တော့ကြသည်။ နောက်ပြီး ကျေးရွာလူကြီး အိမ်တွေကို ကောက်ညင်းနှင့်ပြုလုပ်ထားသော ခေါပုတ်၊ ဝက်သားတတွဲ အိမ်စေ့ချပေးပြီးလက်ဆေးကန်တော့ ကုသိုလ်ယူကြသည်။ နှစ်ဟောင်းက မကျေနပ်သောအချက်တွေရှိပါက အချင်းချင်းခွင့်လွှတ်ပြီး နှစ်သစ်မှာ မေတ္တာတရားနဲ့ အေးအေးချမ်းချမ်းနေသွားကြရန် ရည်ရွယ်ပြီးလက်ရေဆေးကြခြင်း ဖြစ်သည်ဟု ဆိုသည်။ ကျန်သည့် ရက်များတွင် ကျေးရွာသားတွေရဲ့ဆန္ဒအတိုင်း ပွဲကရက်၊ ဂျင်ပေါက်ရက်နှင့်အမျိုးသမီးနှင့် ဆိုင်သည့်ပွဲတွေ သတ်မှတ်ကြသည်။ ဘူးသစ်နှင့်ပြုလုပ်ထားသည့် နှဲမှုတ်ပြီး အိုးစည် မောင်းသီးခတ်ကာ ပျော်ပျော်ပါးပါးတနေကုန်ကခုန်ကြသည်။ အုပ်စုဖွဲ့ ဂျင်ပေါက်ပွဲ၊ ပျိုရွယ်သူတွေကတော့ ပိတ်စဘောလုံးကိုစုံတွဲ ပစ်ကစားရင်း ထိုပွဲတွင် ချစ်သူရှာတတ်ကြသည်။

သတ္တမအကြိမ်မြောက် တာချီလိတ်ခရိုင် လားဟူ(စုပေါင်း)နှစ်သစ်ကူးပွဲတော် လားဟူခေါ့ဂျားပွဲကို ၂၀၁၀ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်မှ ၁၆ ရက်နေ့အထိ တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းပြင်တွင် လားဟူရိုးရာ ဝတ်စုံပြည့်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။


ကိုးကား[ပြင်ဆင်ရန်]

Weekly Eleven News Journal