လမ်းကြီးလမ်းငယ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ယခုခေတ်တွင် ကျွနုပ်တို့ တစ်မြို့မှတစ်မြို့သို့ ကူးသန်းသွားလာ ရာ၌အသုံးပြုနေကြသော လမ်းမကြီးများသည် လွန်ခဲ့သည့်နှစ်ပေါင်း ထောင် ပေါင်းများစွာက လူတို့သည်သားတိရစ္ဆာန်များကို ခြေရာခံကာ ရှာ ဖွေဖမ်း ဆီးရာမှ ဖြစ်ပေါ်လာသော လမ်းကြောင်းများ ဖြစ်ကောင်းဖြစ်နိုင်လေသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်းသည် နိုင်ငံစီးပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှု ပြန့်ပွားဖွံ့ဖြုးရေးတို့ကို အထောက်အကူပြုလေသည်။

လမ်းကြီးလမ်းငယ်[ပြင်ဆင်ရန်]

အလွန်ရှေးကျသောအခါကပင် တောကြီး မြက် မည်းထဲ၌ လူတို့အသုံးပြုခဲ့သည့် လမ်းကြောင်းများဟူ၍ရှိခဲ့၏။ ထိုလမ်း ကြောင်းများသည် လူတို့အရိုင်းဘဝတွင်ရှိစဉ်က တောနေသားရဲတိရစ္ဆာန်များ ကို ခြေရာခံကာရှာဖွေဖမ်းဆီးရာ၌ ဖြစ်ပေါ်လာသည့်လမ်းကြောင်းများဖြစ်၏။ ကာလကြာမြင့်၍ လူတို့သည် တိရစ္ဆာန်များကို အသုံးပြုလာသည့်အခါ ထို လမ်းကြောင်းများသည် ပိုမိုကျယ်ပြန့်၍လာ၏။ ဘီးတပ်ယာဉ်များ ပေါ် ပေါက်လာသည့်အခါ၌ အကျယ်ဆုံးဖြစ်ခဲ့၏။ ထိုလမ်းကြောင်းများနှင့်တကွ ရှေးအခါက ဝန်တင်ကုန်သည်စုများ အသုံးပြုခဲ့သည့်လမ်းကြောင်းများမှာ လမ်းများတွင် အကျုံးမဝင်ချေ။ အဘယ်ကြောင့်ဆိုသော် လမ်းဟူသမျှကို ပုံ ရေးဆွဲကာ ဖောက်လုပ်ရသောကြောင့်ဖြစ်၏။

ကမ္ဘာပေါ်တွင် လမ်းများ ဖောက်လုပ်ခဲ့ရာ၌ ရှေးအကျဆုံးဟု အတိအကျသိရှိရသည့် လမ်းများမှာ ရောမတို့ကောင်းစားစဉ်က ဖောက်လုပ် ခဲ့သော လမ်းများဖြစ်၏။ ထိုလမ်းများအနက် ရှေးအကျဆုံးနှင့် ဖောက်လုပ်ခဲ့ ပုံတွင် ခန့်ညားကောင်းမွန်ဆုံးဖြစ်သောလမ်းမှာ အက်ပီယန်ဝေးခေါ် လမ်းမ ကြီးဖြစ်၏။ ထိုလမ်းမကြီးသည် ၁၄ ပေ ကျယ်၍ မိုင်ပေါင်း ၃၅ဝ ခန့် ရှည်လျားပြီးလျှင် ရောမမြို့ကို ဗရန်ဒီဆီယမ်မြို့နှင့် ဆက်လျက်ရှိ၏။ လမ်းမ ကြီးတစ်လျှောက်တွင် ခရီးအကွာအဝေးကို အလွယ်တကူသိရှိအောင် မိုင်တိုင် များစိုက်ထူထားသည့်အပြင် ရောမမြင်းစီးစစ်သည်တော်များ အလွယ်တကူ မြင်းပေါ်သို့ တက်ရောက်စီးနင်းနိုင်ရန် လမ်းဘေးတွင် ကျောက်တုံးကြီးများ ချထား၏။ ရောမလူမျိုးများသည် လမ်းမကြီးများအပြင် အခြားလမ်းပေါင်း မြောက်မြားစွာကိုလည်း ဖောက်လုပ်ခဲ့ကြ၏။ ထိုလမ်းအားလုံးသည် ရောမ မြို့တော်ကြီးနှင့် ဆက်လျက်ရှိသဖြင့် ဘယ်လမ်းကသွားသွား ရောမမြို့တော် ကြီးကိုရောက်တာပဲ ဟူသော အသုံးအနှုန်းပင် ပေါ်ပေါက်ခဲ့လေသည်။ ရောမလူမျိုးများ ဖောက်လုပ်ခဲ့သောလမ်းများတွင် ထူးခြားချက်တစ်ချက်မှာ လမ်းဖောက်လုပ်ရာ၌ အတားအဆီးများ တွေ့ရှိသောအခါ အနည်းငယ် ရှောင်တိမ်းပေးရုံဖြင့် ထိုအတားအဆီးများကို လွတ်မြောက်နိုင်သော်လည်း ရှောင်တိမ်းခြင်းဟူ၍ လုံးဝမရှိဘဲ အတားအဆီးဟူသမျှကို ဖြိုဖျက်ကာ ဖောက်လုပ်လေ့ရှိကြခြင်းဖြစ်၏။ ထိုကြောင့် ထိုခေတ်က အသုံးပြုခဲ့သော လမ်းများမှာ အလွန်ညီညာဖြောင့်ဖြူးလှ၏။ ခိုင်ခံ့ရာတွင်လည်း ပြိုင်ဖက် ကင်း၏။ အချို့လမ်းများမှာ ယခုတိုင်အောင် တည်တံ့လျက်ရှိ၍ အချို့မှာမူ ကား ခေတ်သစ်လမ်းများ ဖောက်လုပ်ရာ၌ အမာခံအောက်ခြေအဖြစ်ဖြင့် အသုံးဝင်၏။ အဂ‡လန်နိုင်ငံတွင် ရောမလူမျိုးများထံမှ အမွေအနှစ်ရရှိခဲ့သော လမ်းများအနက် များစွာသောလမ်းတို့ကို ၁၉၂ဝ ပြည့်နှစ်မှစ၍ ခေတ်သစ် နည်းစနစ်ဖြင့် တစ်စတစ်စ မွမ်းမံပြင်ဆင်လာခဲ့လေသည်။

လမ်းဖောက်လုပ်ရာ၌ ရောမလူမျိုးများ အသုံးပြုခဲ့သည့်နည်းမှာ ပထမဆုံး ဖောက်လုပ်မည့်နေရာ၌ အောက်ခြေအမာခံသို့ ရောက်ရှိသည့် တိုင်အောင် မြေပွများကိုတူးပစ်၏။ လမ်းခင်းရန်နေရာကို ထိုသို့တူးဖော်ပေး ပြီးသည့်နောက် လမ်းအတွက် သင့်တော်သောပစ္စည်းများကို လောင်းထည့်၍ ထုရိုက်ခြင်းဖြင့်ဖြစ်စေ၊ အခြားနည်းများဖြင့်ဖြစ်စေ ခိုင်ခံ့တောင့်တင်းအောင် ပြုလုပ်ပေး၏။ များသောအားဖြင့် ထိုပစ္စည်းများ၏ထုမှာ သုံးပေခန့်ရှိပြီးလျှင် အလွှာလေးလွှာခန့် ပါဝင်လေ့ရှိသည်။ သို့သော် အောက်ခြေသည် ကျောက် ဖြစ်ခဲ့လျှင် အခြားပစ္စည်းများကို လောင်းထည့်မပေးတော့ဘဲ တစ်ခါတည်း လမ်းခင်းကျောက်ဖြင့် ခင်းယူလေ့ရှိကြ၏။ လမ်းတွင်လောင်းထည့်ပေးရန် ပစ္စည်းများကို အနီးအနားရှိ နေရာတစ်ဝိုက်မှ ရရှိတတ်သော်လည်း တစ်ခါ တစ်ရံ၌မူကား ဝေးလံသောအရပ်ဒေသမှ ဆောင်ယူကြရလေသည်။ အောက် ဘက်ဆုံးအလွှာတွင် ကျောက်ပြားများကိုဖြစ်စေ၊ ကျောက်ပြားများမရနိုင်ခဲ့ သော် အခြားကျောက်များကိုဖြစ်စေ အင်္ဂတေကိုင်ပြီးလျှင် နှစ်ထပ်မှ သုံးထပ် အထိ ခင်းပေးလေ့ရှိကြ၏။ ဒုတိယအလွှာတွင် ကျောက်ခဲငယ်နှင့် အဂ‡တေ ကိုရော၍ဖြစ်စေ သို့မဟုတ် အင်္ဂတေအကြမ်းသက်သက်ကိုဖြစ်စေ လောင်း ပေးကြ၏။ ထိုအလွှာပေါ်တွင် တစ်ဖနအင်္ဂတေအချောကိုလောင်း၍ တတိယ အလွှာကို ပြုလုပ်ပြီးလျှင် အထက်မှကျောက်တုံးကြီးများကို စီခင်းယူကြ လေသည်။ ကျောက်တုံးခင်းထားသည့်လမ်းများမှာ များသောအားဖြင့် ၁၄ ပေခန့်ရှိ၍ ထိုလမ်းဘေးတစ်ဖက်တစ်ချက်၌ လမ်းမကြီး၏ ထက်ဝက်မျှ ကျယ်သော ဘေးလမ်းများကို လမ်းမကြီးမှ ကျောက်တုံးများ ခင်းခြင်းမရှိ သောလမ်းများ၌ များသောအားဖြင့် လမ်း၏မျက်နှာပြင်ကို ကျောက်စရစ်ဖြင့် ဖြစ်စေ၊ မီးခတ်ကျောက်များဖြင့်ဖြစ်စေ အင်္ဂတေကိုင်ထားလေ့ရှိသည်။ တစ် ခါတစ်ရံ အဂ‡တေအစား ရွှံ့များကိုသုံး၍ အညံ့စားလမ်းမျိုးကို ခင်းယူလေ့ ရှိရာ ထိုလမ်းများသည် မြေပြင်ထက်မြင်တက်လျက်ရှိသည့်အပြင် လမ်း၏ အလယ်ပိုင်းသည် အနားတစ်ဖက်တစ်ချက်ထက် မို့တက်၍နေလေသည်။

အလယ်ခေတ်တွင် ရောမလူမျိုးများဖောက်လုပ်ခဲ့သည့် လမ်းများ မှာ တဖြည်းဖြည်းပျက်စီးခဲ့၏။ မည်သူတစ်ဦးတစ်ယောက်မျှ လမ်းများကို ပြုစုစောင့်ရှောက်ရန် တာဝန်ရှိသည်ဟု မယူဆခဲ့ချေ။ တစ်ခါတစ်ရံ အချို့ ခရစ်ယာန်ဘုန်းကြီးများသည် ကျောင်းအနီးအနားတစ်ဝိုက်၌ရှိသော လမ်းများ ကို ထိန်းသိမ်းစောင့်ရှောက်လေ့ရှိကြ၏။ တစ်ခါက တံတားဆောက်လုပ် သော ဖရိုင်ယာခေါ် ခရစ်ယာန်ဘုန်းကြီးအဖွဲ့တစ်ဖွဲ့ ပေါ်ပေါက်ခဲ့ရာ ထိုဘုန်း ကြီးတို့သည် တံတားများနှင့်တကွ လမ်းများကိုပါ မပျက်စီးရအောင် ပြုပြင် ပေးခဲ့ကြ၏။ သို့သော် လမ်းများမှာ ကြာလေဆိုးလေဖြစ်ခဲ့၏။ မာနအလွန် ကြီးသော ပထမအယ်လစ်ဇဗက် ဘုရင်မပင်လျှင် လန်ဒန်မြို့ထဲ၌ သွားသည့် အခါ မိမိ၏ရထားသစ်ကို အသုံးပြုပါက ဆောင့်မိ၍ ဒဏ်ရာရမည်စိုးသဖြင့် အခြားသူများကဲ့သို့ မြင်းဖြင့်သာ ခရီးသွားခဲ့ရ၏။ ၁၇ ရာစုနှစ်တွင် အဂ‡လန်နိုင်ငံရှိ ရောမလူမျိုးများခင်းခဲ့သော လမ်းများ၌ ရွှံ့ပွက်များ အလွန် ထူထပ်ပေါများရကား တစ်ခါက ရထားပိုင်ရှင်တစ်ဦး၏ ရထားတစ်စီးနှင့် မြင်းခြောက်ကောင်မှာ ဝပ်တလင်လမ်းရှိ ပွက်အိုင်တွင် နစ်မြုပ်သွားခဲ့ဖူး သည်။ အင်္ဂလန်နိုင်ငံတွင် ဆပ်ဆက်အရပ်သည် ပွက်ထူရာ၌ နာမည်အကျော် ဆုံးဖြစ်၏။ ဆပ်ဆက်အရပ်သူ အရပ်သားများ ခြေတံရှည်ရခြင်းအကြောင်း မှာ ခြေထောက်များ ဆန့်ထွက်လောက်အောင် ရွှံ့ပွက်မှရုန်းရခြင်းကြောင့်ဖြစ် သည်ဟု ပြောင်လှောင်၍ပင် ပြောဆိုခဲ့ကြလေသည်။

ဆယ့်ကိုးရာစုနှစ် ပထမပိုင်းတွင် တယ်လဖို့နှင့် မက္ကဒမ်ဆိုသူ ပုဂ္ဂိုလ်နှစ်ဦး ပေါ်ပေါက်လာပြီးလျှင် လမ်းခင်းမည့်နေရာတွင် မြေအောက် အမာခံအထိတူး၍ ကျောက်များကိုလောင်းထည့်ကာ လမ်းကိုခင်းယူကြသော အခါမှသာ လမ်း၏အခြေအနေသည် တိုးတက်ခဲ့၏။ ထိုလမ်းများ၌ ရေဝပ်၍ မနေရအောင်မြောင်းများကို စနစ်တကျဖောက်ထား၏။ ယခု ဥရောပတိုက် နှင့်တကွ အမေရိကန်နိုင်ငံများတွင် အသုံးပြုလျက်ရှိသည့် လမ်းများသည် ထိုပုဂ္ဂိုလ်နှစ်ဦး တီထွင်ခဲ့သည့် လမ်းဖောက်လုပ်နည်းပေါ်တွင် အခြေပြု၍ ဆောက်လုပ်ထားသော လမ်းများဖြစ်ကြသည်။ တယ်လဖို့၏အမည်ကို ယခု အခါ သိရှိသူမရှိသလောက် နည်းပါးသွားပြီဖြစ်သော်လည်း ကျောက်ခင်း လမ်းကို မက္ကဒမ်မိုက်လမ်းများဟုခေါ်သဖြင့် ထိုသို့ခေါ်သည့်အခါတိုင်း တီထွင်သူ မက္ကဒမ်အား အမြဲသတိရရှိစေလေသည်။ ( မက္ကဒမ် ဂျေ၊ အယ်။)

ရွှံ့ပွက်ထူထပ်သောလမ်းကို ခေတ်သစ်လမ်းအဖြစ်သို့ ပြောင်းလဲပြု ပြင်ယူရာ၌ ပထမဆုံး လမ်းခင်းလိုသည့်နေရာတွင် မြေထွန်စက်ဖြင့်ထွန်၍ မြေပျော့ကို ဖယ်ရှားပစ်ပြီးလျှင် မျက်နှာပြင်ကို ညီအောင်ညိ|ပေးရ၏။ ထို့ နောက် လော်ရီကြီးငယ်များဖြင့် ကျောက်စရစ်ကို သယ်ဆောင်ယူခဲ့ပြီးလျှင် မြေပြင်ညီပေါ်တွင် ခင်းပေးသည်။ ကျောက်ခင်းရာတွင် ကျောက်တုံးကြီးများ ကို အောက်မှခံပြီး ကျောက်တုံးအငယ်များကို အပေါ်မှခင်းပေးကြ၏။ ထို သို့ခင်းပေးပြီးသောအခါ ကျောက်များကို မာ၍ညီလာသည်အထိ လမ်းကြိတ် စက်ဖြင့် လှိမ့်ပေးရ၏။ ကျောက်လမ်းဖြစ်လာသောအခါ အဂ‡တေကိုင်ရန် ကိစ္စမှာ အလွန်လွယ်ကူလာသည်။ ပထမဆုံးလမ်းကြိတ်စက်ဖြင့် ကြိတ်ထား သော ကျောက်လမ်းပေါ်တွင် အင်္ဂတေလောင်းရန် ပုံများကိုပြုလုပ်ပေး၍ အဂ‡တေနယ်စက်ကြီးများမှ အင်္ဂတေကို ပုံထဲသို့လောင်းပေးသည်။ အဂ‡တေ ကိုင်ထားသောလမ်းတွင် မျက်နှာပြင်သည် အလွန်ချောလွန်းပါက မော်တော် ကားဘီးများသည် ချော်ထွက်သွားကာ လူကိုဘေးအန္တရာယ်ဖြစ်စေတတ်၏။ ထို့ကြောင့် အဂ‡တေကိုင်ရာ၌ လမ်း၏မျက်နှာပြင်ကို အနည်းငယ်ကြမ်းနေ အောင်ပြုပြင်ပေးရသည်။ ထိုသို့အင်္ဂတေကိုင်ထားသောလမ်းများကို မည်သို့မျှ မပြုမပြင်ဘဲ အခြောက်ခံပေးပါက လျင်မြန်စွာ ခြောက်သွေ့လာပြီး ကွဲအက် သွားတတ်သည်။ ထို့ကြောင့် အင်္ဂတေကိုင်၍ ပြီးစီးသောလမ်းများကို စိုထိုင်း လျက်ရှိစေရန် ကောက်ရိုးများဖြင့် ဖုံးအုပ်ပြီးလျှင် မကြာခဏ ရေဖြန်းပေးကြ ရ၏။ ရက်အနည်းငယ်ကြာ၍ ကောက်ရိုးများကို ဖယ်ရှားပစ်လိုက်သောအခါ ကြမ်းပြင်တစ်မျှ တောင့်တင်းညီညာသောလမ်းကို ရရှိလေသည်။ ကတ္တရာ စေးလမ်း ပြုလုပ်လိုသောအခါ ကျောက်လမ်းပေါ်တွင် အဂ‡တေလောင်းပေး မည့်အစား ကတ္တရာစေးလောင်းပေးရသည်။ ထိုလမ်းမျိုးသည် ဖုန်မှုန့်များ ကင်းစေပြီးလျှင် ရေဝပ်ခြင်းမရှိသဖြင့် အချို့နေရာများ၌ များစွာအသုံးဝင်၏။ သို့သော် အင်္ဂတေလမ်းများကဲ့သို့ တောင့်တင်းခိုင်မာခြင်းမရှိပေ။

ခေတ်သစ်လမ်းများတွင် ရွှံ့ပွက်များကင်းသဖြင့် ရထားဘီးကျွံသွား မည်ကိုလည်းကောင်း၊ လမ်းကြမ်း၍ဆောင့်မိခြင်းကြောင့် ရထားဝင်ရိုးကျိုး သွားမည်ကိုလည်းကောင်း အနည်းငယ်မျှ စိုးရိမ်စရာ မရှိတော့ချေ။ လမ်း များမှာ ညီညာဖြောင့်ဖြူးခြင်း၊ စောက်မတ်သောကုန်းတက်ဟူ၍ အလွန်နည်း ပါးခြင်း၊ လမ်းကွေ့များမှာ ကျယ်ပြန့်ခြင်း၊ မြေပြိုမကျအောင် ပေါင်ခတ် ထားခြင်းတို့ကြောင့် မော်တော်ကားများသည် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် မောင်းနှင်သွားလာနိုင်ကြသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)