လင်နှင့်မယား လျှာနှင့်သွား
လင်နှင့်မယား လျှာနှင့်သွား သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]
အဓိပ္ပာယ်
[ပြင်ဆင်ရန်]“လင်နှင့်မယား လျှာနှင့်သွား” ဆိုသည်မှာ “လင်နှင့်မယား” (အိမ်ထောင်သည် ဇနီးမောင်နှံ) သည် “လျှာနှင့်သွား” (ပါးစပ်အတွင်း အမြဲတမ်း အတူရှိနေသော လျှာနှင့် သွား) ကဲ့သို့ ဖြစ်သည်ဟု ဆိုလိုသည်။ လျှာနှင့် သွားသည် အလွန်နီးကပ်စွာ တည်ရှိသော်လည်း အခန့်မသင့်ပါက လျှာကို သွားနှင့် ကိုက်မိတတ်သည်။ ထို့အတူ လင်နှင့်မယားသည်လည်း အလွန်နီးကပ်စွာ အတူနေထိုင်ကြသော်လည်း စိတ်သဘောထား မတိုက်ဆိုင်ပါက ရန်ဖြစ်တတ်ကြသည်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် အိမ်ထောင်သည်များကြားတွင် အငြင်းပွားမှုများ၊ ရန်ဖြစ်မှုများ ဖြစ်ပေါ်နိုင်ကြောင်းကို ပုံဖော်သည်။ သို့သော် ယေဘုယျအားဖြင့် ပြန်လည်သင့်မြတ်သွားတတ်ကြောင်းကိုလည်း သွယ်ဝိုက်၍ ဖော်ပြသည်။ “လူ့ဘုံထင်ရှား၊ လျှာနှင့်သွားသို့၊ မယားနှင့်လင်၊ မကြင်ဖြစ်စေ၊ ကြင်ဖြစ်စေတည့်၊ ဖြေဖြေဖျောက်ဖျောက်၊ မုန်းဖွယ်ရောက်လည်း၊ တစ်ယောက် ယောက်က၊ ချော့ဖျောင်းဖျသော်၊ ပြေရစတမ်း” ဟူ၍ အငြင်းပွားမှုများ ဖြစ်ပေါ်ပါက တစ်ဦးဦးမှ ပြန်လည်ချော့မော့ပါက ပြန်လည်သင့်မြတ်နိုင်ကြောင်းကို ထပ်လောင်းဖော်ပြထားသည်။