လင်ခန်းမယားခန်း ပြတ်စဲခြင်း

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

မြန်မာဓလေ့ထုံးတမ်းဥပဒေအရ လင်နှင့်မယား၊ ကွာရှင်းပြတ်စဲရန် အကြောင်းသုံးမျိုးရှိသည်။ (က) နှစ်ဦးသဘောတူကွာရှင်းခြင်း။ (ခ) လင်ဖြစ်သူ ရဟန်းပြုခြင်းနှင့် (ဂ) အိမ်ထောင်ရေးပြစ်မူကြောင့် ကွာရှင်းခြင်းတို့ဖြစ်သည်။

(က) နှစ်ဦးသဘောတူကွာရှင်းခြင်း မြန်မာဗုဒ္ဓဘာသာဝင်များသည် လင်မယားအဖြစ် ပေါင်းသင်းရာ၌လည်းကောင်း၊ လင်မယားအဖြစ်မှ ကွာရှင်းပြတ်စဲရာ၌လည်းကောင်း၊ အခြားဘာသာဝင်များကဲ့သို့ ဘာသာရေးအတားအဆီး၊ ဥပဒေအတားအဆီးမရှိဘဲ နှစ်ဦးသဘောတူညီလျှင် လွယ်ကူစွာ ကွာရှင်းပြတ်စဲနိုင်သည်။

လင်းခန်းယားခန်းဖြစ်ခြင်းနှင့် ပျက်ခြင်းတို့သည် ထိုကာယကံရှင်နှစ်ဦးတို့၏ လွတ်လပ်သော ကတိပဋိညာဉ်အပေါ်တွင်သာ မှီတည်နေသည်။ နှစ်ဦးသဘောတူညီလျှင် အချိန်မရွေး လွယ်ကူစွာ ပေါင်းသင်းနိုင်သည်။ ကွာရှင်းနိုင်သည်။ စာချုပ်စာတမ်းမလို။ ဘာသာရေး အခမ်းအနားလည်း မလိုချေ။ (လွယ်လွန်၊ လွန်းလိုက်လေ)

အခြားဘာသာဝင်များနှင့် နိူင်းယှဉ်ကြည့်လျှင် - (က) ဟိန္ဒူများသည် ပေါင်းသင်းပြီးနောက် ကွာရှင်းခွင့်မရှိ။ လင်သေလျှင် လင်သင်္ဂြိုဟ်သည့် မီးပုံးထဲ သို့ မယားပါ ခုန်ချသေခဲ့ရဖူးသည်။

(ခ) ခရစ်ယာန်များသည် နှစ်ဦးသဘောတူညီသော်လည်း ကွာခွင့်မရ။ တရားရုံး၌ တရားစွဲဆိုရသည်။ သို့မှသာ ခွဲနေခွင့်၊ ကွာခွင့်ရနိုင်သည်။

(ဂ) မဟာမေဒင်တို့၌ လင်က မယားကို အကြောင်းမဲ့ တစ်ဖက်သတ်ကွာနိုင်သည်။ ထိုကွာထားသည့်မယားကို လင်က တိုက်ရိုက်ပြန်ယူ၍ မရချေ။ ထိုမိန်းမက ယောကျာ်းတစ်ဦးနှင့် ကြားခံယူပြီးမှ ပြန်ယူခွင့်ရှိသည်။

(ဃ) မြန်မာဗုဒ္ဓဘာသာဝင်တို့သည် အကြောင်းမဲ့၊ တစ်ဖက်သတ်ကွာရှင်းခွင့်မရှိချေ။ ကွာရှင်းလိုသူသည် မိမိ၏ဝေစုအားလုံး အဆုံးရူံးခံပါမည်။ ထိုမိန်းမကို လျော်ကြေးလည်း ပေးပါမည်။ သားသမီးများကိုလည်း စရိတ်ထောက်ပံ့ပါမည်ဆိုသော်လည်း ထိုမိန်းမ သဘောမတူလျှင် မည်သို့မျှ ကွာရှင်းခွင့်မရနိုင်။

(ခ) လင်ဖြစ်သူ ရဟန်းပြုခြင်း (၁) လင်ယောကျာ်း ရဟန်းပြုလျှင် လင်မယားအလိုလိုပြတ်စဲသည်။ (ဓမ္မသတ်များ)

(၂) ရဟန်းတော်များသည် ၂၂၇-ပါးသော သိက္ခာပုဒ်များကို ထိန်းသိမ်း၍ ဝိနည်းတော်နှင့်အညီ နေထိုင်ရသည့် ပုဂ္ဂိုလ်များဖြစ်ရာ လူ့ဘဝက မယားကို ရဟန်းအဖြစ်ရောက်သည့်အခါ မယားအဖြစ် ဆက်ဆံ၍ မဖြစ်နိုင်ပေ။ (မပုစီရင်ထုံး) အကြောင်းမှာ ဘုန်းကြီးမယား၊ ဘုန်းဘုန်းအသည်းလေး၊ ဆရာတော်ဘုရား ချစ်ချစ်လေးဟူသော အခေါ်အဝေါ်များကို ပြည်သူများနား၌ အကြားမတော်၊ နားဝင်မချို၊ မသင့်လျော်။

(၃) လင်ယောကျာ်း ရဟန်းပြုခြင်းသည် လူလောကကို စွန့်ခွာသွားခြင်းဖြစ်ရာ လင်ရဟန်းပြုပြီးနောက် ခုနှစ်ရက်လွန်လျှင် ကျန်ရစ်သည့်မယား နောက်အိမ်ထောင်ပြုနိုင်သည်။ (မနုကျယ်ဓမ္မသတ်)

(၄) ရဟန်းပြုသည်ဆိုရာ၌ ရက်အပိုင်းအခြားနှင့် ရဟန်းပြုသည့် (ဒုလ္လဘရဟန်းဝတ်သော လင်ယောကျာ်းအပေါ် မယားက အခွင့်အရေးမယူနိုင်ပါ။ (သို့သော်လင်ယောကျာ်းက မယားအား ရဟန်းဘဝ၌ ပျော်လျှင် တစ်သက်လုံး ဝတ်မည်ဟု မကြွားခဲ့ပါနှင့်)

(၅) မဖော့၏ခင်ပွန်း ကိုဆင်သည် မယားကို လုပ်ကိုင်မကျွေးနိုင်သဖြင့် ရဟန်းဘောင်ဝင်ခဲ့သည်။ မဖော့က သူ့ဒွေးလေးရွာသို့ ပြောင်းရွှေ့သွားတော့မည်ဖြစ်ကြောင်း၊ အားကိုးအားထားတွေက ဦးဇင်းကြီးက ခွင့်ပြုစေလိုကြောင်း၊ ဦးဇင်း ကိုဆင်ထံ ခွင့်တောင်းလေသည်။ ဦးဇင်းကြီးက “နင်တို့ ဒွေးလေးရွာမှာ ထန်းရည်သမားပေါတယ်ဟ၊ ငါပဲ လူထွက်ပါတော့မယ်”ဟုဆိုကာ လူထွက်လာလေတော့သည်။ (ဇော်ဂျီ၏ သူ့မယားဝတ္ထု) (မှတ်ချက်-လူထွက်စေချင်လျှင် ဤသို့ပြောပါ) (နောက်လူအားကိုးတွေ့ထားလျှင် သွားပြောမနေနဲ့)

(၆) ဖိုးသူတော်ဝတ်ခြင်း၊ မယ်သီလဝတ်ခြင်းတို့ကြောင့် လင်ခန်းမယားခန်း မပြတ်စဲချေ။

(ဂ) အိမ်ထောင်ရေးပြစ်မူကြောင့် ကွာရှင်းခွင့်ရခြင်း အိမ်ထောင်ရေးပြစ်မူတွင် သာမန်အိမ်ထောင်ရေးပြစ်မူနှင့် ကြီးလေးသော အိမ်ထောင်ရေးပြစ်မူဟု နှစ်မျိုးရှိသည်။

(၁)သာမန်အိမ်ထောင်ရေးပြစ်မူများ (ကက) လည်ဆည်မူ (ခခ) လင်၏ဖောက်ပြန်မူ (ဂဂ) နောက်မယားယူမူ (ဃဃ) စွန့်ပစ်မူ (ငင) သာမန်ရက်စက်မူ

(၂) ကြီးလေးသော အိမ်ထောင်ရေးပြစ်မူများ (ကက) မယားဖောက်ပြန်မူ (ခခ) ကြီးလေးသော ရက်စက်မူ

(၁) သာမန်အိမ်ထောင်ရေးပြစ်မူကြောင့် ကွာရှင်းခြင်း (ကက) လည်ဆည်မူ တစ်ဦးက လိမ်လည်သည်ကို ကျန်တစ်ဦးက ယုံကြည်၍ ထိမ်းမြားခဲ့လျှင် လွတ်လပ်စွာပေးသော သဘောဆန္ဒမဟုတ်သဖြင့် ထိမ်းမြားခြင်း တည်မြဲခိုင်မာမူမရှိချေ။ ဥပမာ၊ ယောကျာ်းဖြစ်သူက သားကြီးမယားကြီးရှိလျက် လူပျိုပါပြော၍ လက်ထပ်ခဲ့ခြင်း၊ ယခင်မယားနှင့် ကွာရှင်းပြီးပြီဟု လိမ်လည်ပြောဆို၍ လက်ထပ်ခဲ့ခြင်းဖြစ်လျှင် လိမ်လည်ခြင်းခံရသူ မယား၌ ထိုလင်အား ကွာရှင်းခွင့်ရှိသည်။

(ခခ) လင်၏ဖောက်ပြန်မူ လင်သည် အခြားမိန်းမတစ်ဦးနှင့် ဟိုဟာပြုလျှင် လင်၏ ဖောက်ပြန်မူဟု ခေါ်သည်။ သို့သော် မြန်မာဗုဒ္ဓဘာသာဝင် ယောကျာ်း တစ်ဦးသည် မယားတစ်ယောက်ထက်ပို၍ ယူခွင့်ရှိရာ လင်ဖောက်ပြန်မူသက်သက်နှင့် မယား၌ ကွာခွင့် မရခဲ့ချေ။ ခရစ်ယာန်ဘာသာ၌ လင်သည် ယောကျာ်းအချင်းချင်း ဟိုဟာပြုလျှင် မယား၌ ကွာခွင့်ရှိသည်။

(ဂဂ) နောက်မယားယူမူ လင်သည် ပထမ မယားကြီးရှိလျက် ဖောက်ပြန်ရုံသာမက နောက်မယားယူလိုက်ပါက “ရက်စက်မူ” ဖြစ်၍ ပထမ မယား၌ ကွာရှင်းခွင့်ရှိသည်။

(ဃဃ) စွန့်ပစ်မူ လင်က မယားအား သုံးနှစ့် မယားကလင်အား တစ်နှစ် မထောက်ပံ့ဘဲ စွန့်ပစ်ထားလျှင် စွန့်ပစ်ခံရသူ၌ ကွာရှင်းပိုင်ခွင့်ရှိသည်။ (မနုကျယ် ဓမ္မသတ်)

-၁၈၇၄ ခုနှစ် စီရင်ထုံးများ၌ စွန့်ပစ်ထားသည့် ကာလစေ့လျှင် အလိုအလျောက် ကွာရှင်းပြတ်စဲပြီး ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့သည်။

-၁၈၉၂ ခုနှစ် စီရင်ထုံးများ၌ အလိုအလျောက် မပြတ်စဲ။ တရားစွဲဆို၍ ပြတ်စဲခွင့်ရှိသည်ဟု ဆုံးဖြတ်ခဲ့သည်။

-၁၉၄၉ ခုနှစ် ဒေါက်တာသာမြနှင့် မခင်ပု စီရင်ထုံး၌ စွန့်ပစ်ခံရသူက ထိ်မ်းမြားခြင်းကို ပျက်ပြယ်လိုသောဆန္ဒကို အထင်အရှား သိသိသာသာ ထုတ်ဖော်ပြသရမည်။ ထိုဆန္ဒမပေးသရွေ့ ထိမ်းမြားခြင်း တည်မြဲသည်ဟု ထုံးဖွဲ့သည်။

(ငင) သာမန်ရက်စက်မူ ကိုယ်ကာယဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းပြုလျှင် ရက်စက်မူမြောက်သည်။ ရှေးမြန်မာဓမ္မသတ်များ၌ “မယားသခင်-လင်” ဖြစ်သည့်အတွက် မယားကို လင်က တင်ပါးကို ဝါးခြမ်းပြားနှင့် ရိုက်ဆုံးမခွင့်ရှိသည်ဟု တွေ့ရသည်။

-၁၈၉၀ အင်္ဂလိပ်လက်ထက် တရားရုံးများ၌ တစ်ကြိမ်တစ်ခါ ရိုက်နှက်ခြင်း၊ ဆံပင်ဆွဲ၍ ဆဲရေးခြင်းသည် ကွာခွင့်ပြုလောက်သည့်အိမ်ထောင်ရေး ပြစ်မူမဟုတ်ဟု ဆုံးဖြတ်သည်။ (မောင်ရွှေဖော့အမူ)

-၁၈၉၇ မကြမ်းနှင့် စုဝါအမူ၌ လင်က မယားကို ရိုက်နှက်လျှင် လင်၌ အပြစ်ရှိသည်။ တစ်ကြိမ်တစ်ခါ နှိပ်စက်လျှင်လည်း ကွာခွင့်ရှိသည်ဟု တွေ့ရသည်။

-၁၉၁၇ မောင်ကျော်ရန်နှင့် မညို အမူ၌ “လင်နှင့်မယား လျှာနှင့်သွား” အခန့်မသင့်က တစ်ခါတစ်ရံ စကားများပြီး ရန်ဖြစ်တတ်ကြရာ ရန်ဖြစ်ကာမျှနှင့် ကွာရှင်းလောက်သည့် အိမ်ထောင်ရေး ပြစ်ချက်ဖြစ်အောင် ပုံကြီးမချဲ့သင့်ဟု ဆုံးဖြတ်ခဲ့သည်။

-၁၉၆၈ ခုနှစ် ဦးမျိုးမြင့်နှင့် ဒေါက်တာခင်မေကြည် အမူ၌ “လင်ဖြစ်သူသည် မယား၏ အရှင်သခင်ဖြစ်သည် ဆိုသော ရှေးအယူအဆများသည် ခေတ်ကုန်ပြီ။ ယခုအခါ လင်နှင့် မယားတို့မှာ တန်းတူအခွင့်အရေးရှိပေသည်။ လင်သည် မယားအား ရိုက်နှက်ခွင့်ရှိကြောင်း ဓမ္မသတ်များတွင် ပြဆိုထားသော်လည်း ယခုအခါ လင်သည် မယားအား အနည်ငယ်မျှပင် ရိုက်ခွင့်မရှိတော့ပေ”ဟု ထုံးဖွဲ့ထားသည်။

(၂) ကြီးလေးသော အိမ်ထောင်ရေးပြစ်မူများ (ကက) မယားဖောက်ပြန်မူ မယားသည် မိမိလင်မဟုတ်သည့် အခြားယောကျာ်းနှင့် စပ်ယှက်မူကျူးလွန်သည်ကို မယားဖောက်ပြန်မူဟု ခေါ်သည်။ ဖောက်ပြန်မူ ကျူးလွန်ကြောင်း အလွန်ထင်ရှားသည့် သက်သေခံချက်ပြသရန်လိုသည်။ (ဒေါ်လှချစ်နှင့် ဦးစံအမူ)

ဖောက်ပြန်သည်ဟု စွပ်စွဲပြီး လင်က ပစ္စည်းများကို သိမ်းပိုက်ထားပိုင်ခွင့်မရှိပေ။ (ဦးဆင်နှင့် ဒေါ်မမလေး)

မယားဖောက်ပြန်ကြာင်း တရားရုံး၌ ကွာလိုမူစွဲဆို၍ မယားအပြစ်ကို ပြသရမည်။ မယားဖောက်ပြန်ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့လျှင် ကြီးလေးသော အိမ်ထောင်ရေးပြစ်မူဖြစ်၍ ပစ္စည်းခန်းတွင် မယား၏အခွင့်အရေး ဆုံးရူံးသည်။ သို့သော် မယား၏ပြစ်မူကို သိလျက်နှင့် မယားနှင့်အတူ အိပ်စက်လျှင် လင်သည် မယားအား ထိုအပြစ်မှ ခွင့်လွှတ်သည်ဟု လေးနက်စွာ မှတ်ယူရမည်။ (ဘီဂို့ရှ်)အမူ)

(ခခ) ကြီးလေးသော ရက်စက်မူ သာမန်ရက်စက်မူ ဒဏ်ရာထက်ကြီးလေးသော ဒဏ်ရာ (အပြင်အထန်ဒဏ်ရာ) ဖြစ်လျှင်လည်းကောင်း၊ မယားအား ကွာရှင်းခွင့် မတောင်းတောင်းအောင် ရည်ရွယ်၍ နှိပ်စက်ညှင်းပန်းလျှင်လည်းကောင်း၊ လင်က သူနှိပ်စက်ညှဉ်းပန်းခြင်းကို နောင်တမရဘဲ သူကပင် ကွာရှင်းပြတ်စဲရန် လိုလားနေလျှင်လည်းကောင်း၊ ထိုရက်စက်မူသည် ကြီးလေးသော ရက်စက်မူဖြစ်သည်။ (ဒေါ်ပုနှင့် မောင်ထွန်းခ)

မုဆိုးမဒေါ်ပု (၅၅)နှစ်နှင့် လူပျိုမောင်ထွန်းခ(၂၅)နှစ်တို့ရသည်။ မောင်ထွန်းခက အရက်ဖိုးတောင်းပြီး မရလည်း ရိုက်သည်။ ညဉ့်နက်မှ ပြန်လာ၍ ဒေါ်ပုနှင့် အိပ်လျှင်လည်း ရိုက်သည်။ ဒေါ်ပု ကြွေးတောင်းပြန်လာလျှင်လည်း ရိုက်သည်။ အိမ်မှာလည်း ရိုက်၊ ဘူတာရုံ၌လည်း ရိုက်၊ ထမီကျွတ်အောင်ရိုက်၊ ရိုက်လို့လဲလျှင် မြေမှာ ဒရွတ်တိုက်ဆွဲလေသည်။ လူများများရှေ့ရောက်လျှင် ခင်ဗျားကြီးကို ကြိုက်လို့ယူတယ်မှတ်သလား၊ သုံးရဖြုံးရအောင် ယူတာပြောပြော၍ မကွာမချင်း ရိုက်လေရာ တရားလွှတ်တော်က ကြီးလေးသော ရက်စက်မူဟုသတ်မှတ်၍ လင်မယားပိုင် ပစ္စည်းမှ ၎င်း၏ဝေစု၊ ပိုင်ဆိုင်ခွင့် ဆုံးရူံး၊ စေကာ အဝတ်အထည်၊ ကိုယ်တစ်ခုနှင့် ဆင်းစေခဲ့သည်။

အထက်ပါ တင်ပြချက်များသည် ကွာရှင်းပြတ်စဲနိုင်သည့် အကြောင်းများ ဖြစ်ပါသည်။ ကွာရှင်းပြတ်စဲကြရာ၌ တရားဝင်စေရန် လုပ်ထုံးလုပ်နည်းများကို ဆက်လက်တင်ပြပါမည်။

ယောကျာ်းနှင့် မိန်းမတို့ ထိမ်းမြားလက်ထပ်ကြစဉ်ကာလက မိမိတို့သည် “မရှိအတူ၊ ရှိအတူ၊ အေးအတူ ပူအမျှ၊ ဥမကွဲ၊ သိုက်မပျက်၊ ကောင်းတူ၊ ဆိုးဘက်၊ ရာသက်ပန်၊ ရိုးမြေကျ၊ မခွဲမခွာ၊ တွဲကာ၊ အမြဲသာနေထိုင်ပေါင်းသင်းသွားကြပါမည်”ဟု ပြောကြ၊ ဆိုကြ၊ ကတိတွေ အကြိမ်ကြိမ်ပေးခဲ့ကြလေသည်။ သူနှင့်သာ မပေါင်းရရင် ကျွန်တော့်ဘဝ “ရှင်လျက်နှင့် သေနေသကဲ့သို့” ဖြစ်နေပါသည်ဟု ပြောခဲ့သည်။ ထို့ကြောင့် တရားရုံးတက်၍ ထိမ်းမြားလက်ထပ်သည့် စာချုပ်ကို အလောသုံးဆယ်၊ အဆောတလျှင်၊ အလျှင်အမြန် ချုပ်ဆိုလက်ထပ်ပေးခဲ့ရပါသည်။

ယခု သူတို့ရောက်လာပြန်ပါသည်။ လျှာနှင့် သွားတို့ နေ့စဉ်ထိရာမှ ငြိလာကြသည်။ အချစ်တွေမမြင်၊ အပြစ်တွေမြင်လာကြသည်။ ငြင်းခုန်ပြောဆိုကြရာမှ စကားများရန်ဖြစ်ကာ စိတ်လိုက် မာန်ပါ “ကွာမယ်၊ ရှင်းမယ်” အဆင့်ထိ ရောက်လာကြသည်။ နီးစပ်ရာ မိတ်ဆွေများ၊ ရပ်ရွာလူကြီးများက ဖျန်းဖြေစေ့စပ်ပေးခြင်းကြောင့် ပြန်လည်သင့်မြတ် သွားသည်လည်းရှိသည်။ ကာယကံရှင် လင်နှင့်မယားတို့၏ စိတ်ထိခိုက်မူ၊ ရုပ်နာကျင်မူ၊ ငွေကြေးထိပါးမူ၊ ဂုဏ်သရေ နစ်နာမူအတိုင်းအတာနှင့် ထိုအပေါ်တွင်ထားရှိသော သဘောထားတို့က ကွာရှင်းပြတ်စဲစေသော အကြောင်းတရားများဖြစ်သည် ကို တွေ့ရသည်။

တစ်ခါတစ်ရံ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေ အသိုက်အဝန်း၏သဘောထားက ကာယကံရှင်၏ ခံစားချက်အပေါ် လွှမ်းမိုးသည်လည်း ရှိတတ်သည်။

ဥပမာ - (သမီးတို့အမျိုးထဲမှာ လင်ကွာမယားကွာကိစ္စ မရှိခဲ့ဘူးဖူး။)

ဒါပဲ (တစ်လင်မကောင်း တစ်လင်ပြောင်းပေါ့အေ၊ အနှစ်တစ်ရာ၊လင်တစ်ရာ၊ ပေါလိုက်တာအေ)

လက်ထပ်စဉ်က သူနှင့်သာ မပေါင်းရရင် ကျွန်တော့်ဘဝ ရှင်လျက်နှင့် သေနေသလိုပါပဲ ပြောခဲ့သူအား ယခုကွာရှင်းချင်သောအခါ၌ ဘယ်လိုခံစားရပါသလဲ မေးခဲ့ပါသည်။ ဆရာရယ် အခုပေါင်းနေရတာ “အရှင်လတ်လတ် ငရဲကျနေသလို ခံစားရပါတယ်”ဟု ပြောပြန်ပါသည်။ အမျိုးမျိုးပါကလား။

လင်နှင့်မယားပေါင်းသင်းခြင်ကို ဘောလုံးပွဲတစ်ပွဲကစားသည်နှင့်တူကြောင်း ဥပမာပေးတာလည်း ရှိသည်။ ပေါင်းသင်းနေစဉ်၊ ကစားနေစဉ်ကာလ၌ တစ်ဦက အမှားကျူးလွန်လျှင် ကျန်တစ်ဦးက ပြစ်ဒဏ်ဘောပေးတတ်သည်။ သတိပေးတတ်သည်။ အလွန်အကျွံ မှားယွင်းမူပြုလုပ်လာလျှင် (အဝါကတ်) ပြတတ်သည်။ တချို့ကမူ အသေးအဖွဲ ကိစ္စလေးများကိုလည်း (အဝါကတ်) တန်းပြတတ်သည်။ သို့သော် ထိုသူသည် (အဝါကတ်)ကို နှစ်ကြိမ်ကမ၊ ခြောက်ကြိမ်မက၊ ရှစ်ကြိမ် အကြိမ်ကြိမ်ပြသည်။ (အနီကတ်)တော့ မပြကြပါ။ တစ်ချို့ကမူ သာမန်အသေးအဖွဲဖြစ်ရပ်နှင့်ပင် (အနီကတ်) တစ်ခါတည်း တန်းပြ၍ ပွဲပြီးသွားတာလည်း ရှိသည်။ တစ်ခါက အမူတစ်ခုတွင် “ကျွတ်တော့်မိန်းမ ဆရာဝန်မကို မင်္ဂလာဆောင်မှာ ဓာတ်ပုံဆရာက သူ့တစ်ယောက်တည်း ဓာတ်ပုံတွေ အများကြီးရိုက်တယ် ကွာမယ်” ပြောသည်။ “ဒါလေးနဲ့တော့ မကွာပါနဲ့ ဒေါက်တာရယ်”ဟု တားသည်။ သူပြန်ပြောသည်မှာ “ဟင် ဒီဓာတ်ပုံဆရာက ကျုပ် မိန်းမရဲ့ ငယ်ရည်းစားဗျ” ဟူ၏။

ရှေ့နေများသည် ပေါင်းသင်းလိုသော ကွာရှင်းလိုသောသူများကို တရားရုံးတက်၍ လက်ထပ်ခြင်း၊ ကွာရှင်းခြင်း နည်းလမ်းဖြင့် အကျိုးဆောင်ပေးကြရပါသည်။ ထိုနည်းလမ်းသည် စရိတ်စက အကုန်အကျနည်းခြင်း၊ စာချုပ်စာတမ်းအထောက်အထားရရှိခြင်း၊ ကာယကံရှင်နှစ်ဦး၏ လွတ်လပ်သော သဘောဆန္ဒကို ထင်ရှားစေခြင်း၊ အသိသက်သေနှစ်ဦးနှင့် တရားသူကြီးလက်မှတ် တရားရုံးတံဆိပ်များ ပါရှိခြင်း၊ တရားရုံး၌ မှတ်တမ်းတင်ပြီးဖြစ်ခြင်းစသော အကျိုးကျေးဇူးများရရှိနိုင်သဖြင့် ယနေ့ခေတ်စနစ်နှင့်ညီသော ဓလေ့ထုံစံတစ်ခုဖြစ်နေသည်။

ယခင်က လက်ထပ်စာချုပ်၊ ကွာရှင်းစာချုပ်များ၌ တံဆိပ်တော် ခွန် ၂၅-ကျပ် ထမ်းဆောင်ကြရသည်။ မကြာမီက တံဆိပ်တော်ခွန်တန်ဖိုး(အနည်းငယ်) တိုးမြှင့်လိုက်ရာ လက်ထပ် ၂၅၀-ကျပ်၊ ကွာ ၂၅၀ဝကျပ်ထိ ၁၀ဝ-ရာခိုင်နူန်း တက်သွားသည်။

လက်ထပ်လျှင် ကွာရှင်းလျှင်လုပ်ထုံးလုပ်နည်းပြဋ္ဌာန်းချက်အရ အခန်းအနားမလို၊ စာချုပ်စာတမ်း မလိုသော်လည်း ပေါင်းသင်း ကွာရှင်းသော လင်နှင့် မယားတို့၌ အရေးအကြောင်းကြုံပါက အထောက်အထား သက်သေခံစာရွက်စာတမ်း တင်ပြရန် အခက်အခဲ ရှိကြမည်ဖြစ်ပါသည်။ ထို့ပြင် ကွာရှင်းပြီးသူ အချင်းချင်းကိုလည်း မယုံကြည်ရပါ။ ကွာရှင်းစဉ်ကတစ်မျိုး၊ နောင်ကျလျှင် တစ်မျိုးပြောတတ်၊ လုပ်တတ်ကြပါသည်။ ကွာရှင်းပြီးသည့်ယောကျာ်း နောက်မိန်းမယူသည့်အခါ လက်ထပ်မည့်အခါမျိုး၌ “ကျွန်မသာလျှင် မယားကြီးဖြစ်ပါသည်”ဟု သတင်းစာ၌ ကြေညာတတ်သည်။ မိမိနောက်ယူမည့် ယောကျာ်းကိုလည်း ယခင်လင်ဟောင်းက “ဘယ်မလဲကွာရှင်းစာချုပ် မယားခိုးမူဖြစ်သွားချင်သလား”ဟု ခြောက်စား၊ ဟောက်စား လုပ်တတ်သည်။ ပွဲဖျက်တတ်ပါသည်။ မယုံရပါ။ ထို့ကြောင့် စာချုပ်စာတမ်းနှင့် ပေါင်းကြ၊ ကွာကြစေလိုပါသည်။ အတွေ့အကြုံအရ “ရန်ငြိုးအကြီးဆုံးပြိုင်ဘက်နှစ်ယောက်”အား ပြပါဆိုလျှင် မချစ်တော့၍ ကွာရှင်း ပြတ်စဲ၊ ပစ္စည်းခွဲဝေကြသော လင်နှင့်မယားကိုပြပါမည်။ ထို့ပြင် “အမုန်းဆုံး၊ အနာကျည်းဆုံးခံစားနေရသော လူတစ်စုကို” ပြပါဆိုလျှင် အမွေမူဖြစ်နေဆဲ၊ ဖြစ်ခဲ့ပြီးသော အမွေဆိုင်ညီအစ်ကို မောင်နှမအရင်းမားကို ပြပါမည်။ အလွန်ရင်းနှီးသူအချင်းချင်း အမူအခင်းဖြစ်ကြသည့်အခါများ၌ တိုက်ပွဲသည် ပို၍ ပြင်းထန်ပြီး ထိခိုက်ဒဏ်ရာ ရမူများလှကြောင်း တွေ့ရသည်။