လက်ဝတ်လက်စား

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ကိုယ်တွင် အလှအပ အသုံးအဆောင်အဖြစ် လက်ဝတ်လက်စားများကို ဝတ်စားဆင်ယင်သော အလေ့အထသည် အလွန် ရှေးကျသော ခေတ်မှစ၍ ပြုလုပ်လာခဲ့ကြသည်။ အဝတ်အစားဆို၍ မရှိ သလောက်ဖြစ်ကြသော လူရိုင်းများသည်ပင် မိမိတို့၏ နားရွက်၊ နှုတ်ခမ်း၊ နှာခေါင်းများတွင် အရိုးများ၊ လှပသော သစ်သားစများ၊ ပြောင်လက်သော သံချောင်းများထိုး၍ အလှအပ ဆင်ယင်ကြသည်။ သွားများ၊ ကျောက်စရစ် ခဲကလေးများ၊ လှပချောမွတ်သော သစ်စေ့များ၊ ခရုခွံများကို ကြိုးကလေး များဖြင့်သီကာ လည်ဆွဲတန်ဆာနှင့် လက်ကောက်များအဖြစ် ဝတ်ဆင်ကြ သည်။ ရွှေနှင့်ငွေ လက်ဝတ်လက်စားများကိုကား ထိုသတ္တုများ တူးဖော်တွေ့ ရှိပြီးမှသာ အသုံးပြုလာကြသည်။ ရွှေကို အဓိကထား၍ လက်ဝတ်လက်စား အဖြစ် အသုံးပြုကြသည့်အကြောင်းရင်းမှာ ရွှေသည် အရောင်အသွေးကောင်း သည့်ပြင် လိုရာပုံကို အလွယ်တကူနှင့် ပြုလုပ်ယူနိုင်သောကြောင့်ဖြစ်သည်။ ရှေးခေတ်လူများသည် လက်မှုပညာ၌ ကျွမ်းကျင်မှုရှိသည်အား လျော်စွာ လက်ဝတ်လက်စားများကို လက်ဖြင့်သာ ရိုးရိုးစူးဆောက် တန်ဆာ ပလာများနှင့် အလွန်လှပစွာ ပြုလုပ်ခဲ့ကြသည်။ အီဂျစ်နိုင်ငံ ကောင်းစားစဉ် အခါက ယင်းလူမျိုးတို့၏ ဆင်ယင်ထုံးဖွဲ့မှုတွင် လက်ဝတ်လက်စားများသည် အလွန်အရေးကြီးသောအပိုင်းက ပါဝင်ခဲ့သည်ဖြစ်ရကား ယောကျာ်းရော မိန်းမများပါ ဝတ်စားဆင်ယင်ကြသည်။ ရွှေကို ပုံအမျိုးမျိုးပြုလုပ်ရာ၌ ဂရိ လူမျိုးတို့သည် အလွန်လက်မြောက်သည်ဟုဆိုသည်။ ဂရိလက်ဝတ်လက်စား သည် နုနယ်လှပသည့်အရာ၌ ထင်ရှားလှ၏။ ရောမလူမျိုးတို့၏ လက်ဝတ် လက်စားကားပို၍ ခမ်းနားပေသည်။

ပညာအရပ်ရပ်ပြန်လည် ထွန်းကားလာသည့်အချိန်တွင် လက်ဝတ် လက်စားများ၏ ပုံများသည် အလွန်သပ်ယပ် ကောင်းမွန်လာပြီးလျှင် ကျောက်မျက်ရတနာတို့ဖြင့် မွမ်းမံစီခြယ်လာကြသည်။ ကျောက်မျက်အမျိုး မျိုးရှိသည့်အနက် လူမျိုးအလိုက် အကြိုက်တစ်မျိုးစီရှိကြရာ အနောက်တိုင်း သားတို့က အမာဆုံးဖြစ်သည့် စိန်ကို ရွှေတွင်မြှုပ်၍ ဝတ်ဆင်ကြသည်။ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံရှိ ရှေးမင်းများသည် ပတ္တမြားကို တန်ဖိုးအထူး ထား၍ ရွှေဖြင့် ပတ္တမြားလက်စွပ်၊ ပတ္တမြားနားဋောင်း ပြုလုပ်ဝတ်ဆင်ကြ သည်။ ခရစ် ၁၅ဝဝ ပြည့်နှစ်လောက်တွင် စိန်ကို အလွန်လှပစွာ သွေးလာ နိုင်ကြသည်။ ဤသွေးနည်းဖြင့် စိန်များကို နှင်းဆီပန်းပွင့်သဏ္ဌာန်ဖြစ်အောင် သွေး၍ဝတ်ဆင်ကြသည်။

အလယ်နှင့် တောင်အမေရိကတိုက်၌ အင်ဒီးယန်းလူမျိုးတို့သည် ကိုလံဗပ် မရောက်လာမီ နှစ်ပေါင်းများစွာ ကတည်းကပင် အလွန်ကောင်း မွန်သေသပ်သော လက်ဝတ်လက်စားများကို ပြုလုပ်ဝတ်ဆင်လျက်ရှိကြ သည်။ မက္ကဆီကိုနိုင်ငံ၊ မွန်တီအဲလဗန်သင်္ချိုင်းဂူများတွင် လက်ဝတ်လက်စား အမြောက်အမြားကို တူးဖော်တွေ့ရှိရသည်။

ယခုခေတ် လက်ဝတ်လက်စားလုပ်ကိုင်သည့် အနုပညာအတတ် ကား အထူးကျွမ်းကျင်၍ လက်ရာကောင်းလို အပ်ပေသည်။ အချို့လက်ဝတ် လက်စား လုပ်ကိုင်သူတို့သည် စက်များကို အသုံးပြုလာကြသော်လည်း အလွန်နုသည့် လက်ရာများကိုမူ လက်ဖြင့်သာ လုပ်ကိုင်လျက်ရှိကြသည်။ လန်ဒန်၊ ပါရစ်နှင့် နယူးယော့မြို့ကြီများသည် ခေတ်ဆန်သည့် လက် ဝတ်လက်စားများ လုပ်ကိုင်ရာဌာနကြီးများဖြစ်ပေသည်။ အဖိုးတန်ကျောက် များအစစ်တို့နှင့် လုပ်ကိုင်ကြသည့်ပြင် ရွှေသက်သက် သို့မဟုတ် အခြား သတ္တုစပ်များနှင့်လည်း အမြောက်အမြား လုပ်ကိုင်ကြသည်။ မြန်မာနိုင်ငံတွင် ရှေးက ရွှေကို အတုံးလိုက်အတစ်လိုက်ကြိုး လိမ်လက်ကောက်ပြုလုပ်၍လည်းကောင်း၊ ပုလဲကိုတန်ဖိုးထားကာ ပုလဲနား ကပ်၊ ပုလဲလက်စွပ် စသည်ပြုလုပ်၍လည်းကောင်း ဝတ်ဆင်လေ့ရှိကြသည်။ ယခုခေတ်တွင်ကား စိန်ကို အထူးတန်ဖိုးထား ကာစိန်လက်ကောက်၊ စိန် လက်စွပ်၊ စိန်နားကပ်၊ စိန်ဘယက်၊ စိန်ဆံတိုး၊ စိန်ရင်ထိုးစသည်ဖြင့် ပြုလုပ်ဝတ်ဆင်လာကြသည်။ ရွှေလက်ကောက် ရွှေခြေချင်းစသော ရွှေသက် သက်ဖြင့် ပြုလုပ်ရာ၌လည်း ရွှေကိုအတုံးလိုက် အတစ်လိုက် မပြုလုပ်တော့ ဘဲ ခပ်ပါးပါးပန်းကွက်ဖော်ကာ ဝတ်ဆင်ကြသည်။

လက်ဝတ်လက်စားများပြုလုပ်ပုံ ပြုလုပ်နည်းမှာ တစ်ခေတ်နှင့် တစ်ခေတ်မတူဘဲ ပြောင်းလဲလာတတ်သော်လည်း အဝတ်အစား အဆင်များ နှင့် ဆင်ယင်ထုံးဖွဲ့ပုံများလောက် ပြောင်းလဲမှုမမြန်လှချေ။ လက်ဝတ်လက် စားများ တစ်ခါကပြုလုပ်ထားလျှင် တော်ရုံနှင့်မရိုးဘဲ နှစ်ပေါင်းများစွာ ယင်းအတိုင်း အသုံးပြုကြသည်။ အချို့သော လက်ဝတ်လက်စားသည် ရောဂါဘယကို ကုစားနိုင်သည်ဟူ၍လည်းကောင်း၊ လာဘ်လာဘ တိုးတက် စေသည်ဟူ၍လည်းကောင်း၊ အသက်အန္တရာယ်ကို ကာကွယ်စောင့်ရှောက်နိုင် သည်ဟူ၍လည်းကောင်း ယုံကြည်ချက်အမျိုးမျိုးဖြင့် ဝတ်ဆင်ကြသည်။ ဥဒါ ဟရုဏ်အားဖြင့် ပတ္တမြားလက်စွပ်သည် ဘေးရောဂါအမျိုးမျိုးကို ကာကွယ် နိုင်သည်ဟုဆိုသည်။ ပုလဲ၊ သန္တာ၊ နီလာ၊ စိန်၊ ကြောင်၊ မြ၊ ဥဿဖယား၊ ပတ္တမြား၊ ဂေါ်မုတ် ဟူသောရတနာကိုးပါး စီခြယ်ထားသော နဝရတ်လက်စွပ်သည် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံစေသည်ဟု ဆိုလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)