လက်နက်နိုင်ငံတော်မရှိတဲ့ ဧကရာဇ် (ခရစ်နှစ် ၁၅၅၇)
ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။ |
(ထီးပေါင်းကားစာအုပ်တိုက်ကထုတ်၊ ဒေါက်တာသန်းထွန်း၏ "ဂံ-ဂိုး-၀" စာအုပ်၊ ၂၀၀၅၊ ဒီဇင်ဘာ၊ ပထမအကြိမ်မှ)
ရှင်းလင်းပြောပြစရာ အများကြီးနော်။ အချိန်ကာလတိုတိုမှာ နောင်အကြာကြီး အကျိုး အပြစ်ခံရမယ့် အကြောင်းအရာတွေကတော့ အစုလိုက်အပြုံလိုက် တိုးနေတယ်။ မြန်မာအများ က ဗုဒ္ဓသာသနာဟာ အနှစ်ငါးထောင်တည်မယ်လို့ ယုံတယ်။ ဒါပေမယ့် စဉ်းစားကြည့်စမ်းပါ။ သာသနာ အဓွန့်ရှည်အောင်လုပ်ဖို့ လူအား ငွေအား အများကြီးလိုတယ်။ ဒါပေမယ့် ဘာပဲပြောပြော တခုခုကို တကယ်ယုံကြည်ပြီး လုပ်ချင်ကြပြီဆိုရင် ဟိုလိုတမျိုးလုပ်၊ ဒီလိုတမျိုး လုပ်နဲ့ ပန်းတိုင်ကို ဆိုက်သွားတာပါပဲ။ အဲဒီအားကို ငါက အသုံးချရမှာလို့ ငါယူဆပြီးသား၊ လူစွမ်းကောင်းဆိုရင် အပြောမပိုင်ဘူး။ ဒါပေမယ့် သူက အစွမ်းထက်တဲ့ ဧရာမပုဂ္ဂိုလ်ကြီး ဖြစ်လာတတ်ပါတယ်။ ငါ့ကိုယ်ငါ သီရိပရဝမမဟာရာဇာဓိရာဇ (ဘုန်းကျက်သရေကြီးတဲ့ တရားစောင့်တဲ့ မင်းတကာ့မင်း) လို့ ဆိုတယ်။
အခု ငါ ဘယ်လို မင်းတကာ့မင်း ဖြစ်လာတယ် ဆိုတာ ပြောမယ်။ ငါ့ ပတ်လည်မှာ မင်းသေးမင်းမြှောင်တွေ အများကြီး ရှိနေတယ်။ သူတို့ကို တဦးချင်းခွဲပြီး ဖြိုလှဲဖို့ လွယ်ပါတယ်။ သာသနာ ၂၀၉၄၊ သက္ကရာဇ် ၉၁၂၊ ခရစ်နှစ် ၁၅၅၀ အဲဒီတုန်းက ငါ ကေတုမတီ (တောင်ငူ) ကို သွားပြီးတိုက်တယ်။ ၁၁ ဇန်နဝါရီ ၁၅၅၁ မှာ တောင်ငူကို ငါရတယ်။ မြို့သိမ်းတယ်ဆိုရင် ဘာတွေဖြစ်မလဲ မင်းတို့ တွေးကြည့်စမ်း။ ငါပြောပါမယ်ကွာ၊ ဘုရားအို၊ ကျောင်းအိုကို ပြင်တယ်ကွာ၊ အသစ်လည်း ထပ်ဆောက်တယ်၊ ဗုဒ္ဓရှင်တော်မြတ် ဘုရားတရားတော်ကို ပြန့်ပွားအောင် ပြောမယ် ဟောမယ်၊ ဒေသအလိုက် ဘယ်ရောက်ရောက် အဲဒီမှာ သူ့နေရာနဲ့သူ ခေါင်းဆောင်ဆိုတဲ့ လူတွေရှိတယ်။ ဒီလူတွေက လူပါး လူနပ်တွေ၊ ငါ့ဆီဝင်လာပြီး အသက်မသေ စည်းစိမ်မပျက် ဆက်လက်အမှုထမ်းလိုပါ သတဲ့၊ ငါ ဘာလုပ်ရမယ်ဆိုတာ သူတို့က လာပြောတာလေ။ မြို့ဝန်ကို မြို့ဝန်ဆက်ခန့်၊ စော်ဘွားကို စော်ဘွားပဲ ဆက်နေပါစေ၊ ငါ့ကို ဘဝရှင်မင်းတရားကြီးတဲ့၊ ဒါ သူတို့ ခေါ်တာ၊ ကဲ မလွယ်ဘူးလား။ နောက် ပြည်မြို့ကို ၃၀ ဩဂုတ် ၁၅၅၁ မှာ ငါတိုက်ယူပြန်တယ်။ ငါ့ နာမည်နဲ့ အဲဒီမြို့မှာ ကောင်းမှုတွေ အထပ်ထပ် သူတို့က လုပ်ပေးကြတယ်။ ငါကတော့ လူအင်အားနဲ့ လက်နက်အင်အားထပ်ဖြည့်ပြီး ဟံသာဝတီ (ဗဂိုး) ကို ၁၂ မတ် ၁၅၅၂ မှာ သွားတိုက်တယ်။ တဘက်ရန်သူ မင်းဆိုတဲ့လူက ဆင်စီးပြီး ထွက်လာတယ်။ သူနဲ့ ဆင်စီးချင်း တယောက်ချင်း စစ်ထိုးဝံ့မလားတဲ့။ ငါ့ဆင် ဥပေါသထက သူ့ဆင်ရဲ့ အစွယ်တွေကို ချိုးပစ်နိုင်တယ်။ အဲဒါ ပြီးတော့ ပင်လယ်ဝမှာ ဒီရေတက်တာ မင်းမြင်ဖူးတယ် မဟုတ်လား၊ ငါ့ စစ်သားတွေက သူ့မြို့တွင်းကို ဒီရေတက်သလို ရောက်သွားကြပါတယ်။ ဒါနဲ့ ဆက်တိုက် ကောင်းမှုတွေ အများကြီး လုပ်ဖြစ်တယ်။ နန်းမရှေ့မှာ ခေါင်းလောင်းဆွဲထားပြီး နစ်နာချက် တခုခုရှိသူတိုင်း အတားအဆီးမရှိ ဒီ ခေါင်းလောင်း ထိုးခွင့်ပေးထားတယ်။ (ခေါင်းလောင်းသံကြားရင် ဘာဒုက္ခ လဲလို့ မေးပြီး မဖြစ်ဖြစ်အောင် ပြဿနာကို ဖြေရှင်းပေးပါတယ်။) တိုက်ရေး ခိုက်ရေးတွေ ခေတ္တဖြစ်ဖြစ် အားလုံးရပ်ခိုင်းလိုက်တယ်။ ပြီးတော့ မိဖုရားကြီး လက်ဆွဲပြီး ၁၂ ဇန်နဝါရီ ၁၅၅၄ မှာ ငါတို့ ဘိသိက်ခံတယ်။ ငါလည်း သာသနာ့ဒါယကာကြီး ဖြစ်ပြီပေါ့။
ငါ့ကို ပြောကြတယ်။ ဗုဒ္ဓကို ယုံကြည်တဲ့ ဒေသအများကြီးမှာ အုပ်ချုပ်တဲ့မင်းက ဗုဒ္ဓရဲ့ အဆုံးအမကို မနာယူကြဘူးတဲ့။ ဒီကိစ္စကို ငါ ဘယ်လိုဖြေရှင်းသလဲဆိုတော့ ငါ့မှာ ရှိသမျှ ရေအား ကြည်းအား အကုန်စုရုံးပြီး မြောက်အရပ်နဲ့ အရှေ့မြောက်အရပ်ကို ချီတက်ခဲ့တယ်။ အဝကို ၂၂ ဇန်နဝါရီ ၁၅၅၅ မှာ သိမ်းလိုက်နိုင်တယ်။ ငါ့ကို ရက်စက်ကြမ်းကြုတ်ပြီး အသတ်အဖြတ်ပဲ လုံ့လပြုနေတယ်လို့ အားလုံးက ထင်နေကြပြီ မဟုတ်လား။ အသေ အပျောက်က နည်းနိုင်သမျှ နည်းအောင် စီစဉ်ခဲ့ပါတယ်။ ငါတို့ လုပ်ရည်ကိုင်ရည် ထက်မြက် တာကို လူသိများလာတော့ မြို့တမြို့ကို ငါတို့ ချဉ်းကပ်တာနဲ့ နည်းနည်းလောက် ဟန်ရေးပြ တိုက်ခိုက်လိုက်ရုံနဲ့ (ဒါမှမဟုတ်) လုံးဝမတိုက်ရဘဲနဲ့ လက်နက်ချ အညံ့ခံကြတယ်။ ရှင်းရှင်းပြောတော့ ငါတို့ကလည်း သိပ်ပြီး ကြောက်စရာ ကောင်းလောက်အောင် အားကြီးတယ်၊ အားသာတယ် မဆိုနိုင်သလို သူတို့ကလည်း သိပ်ညံ့တယ်၊ သိပ်ဖျင်းတယ်။ တို့ စေ့စေ့ကြည့်တာကိုပဲ မခံရဲဘူးဆိုတာမျိုး မဟုတ်ပါ။ ငါက စစ်ခေါင်းဆောင်အနေနဲ့ အောင်မြင်တယ်ဆိုတဲ့ ဂုဏ်သတင်းတော့ ရှိပါရဲ့၊ သတ္တိရော၊ ဇွဲလုံ့လရော မခေဘူးလေ၊ မြို့တွေ ဝန်းကျင်က စိုက်ခင်းပျိုးခင်းတွေ ဖျက်တယ်၊ စစ်မကြာခဏ တိုက်နေရတဲ့ပေါ့။ စစ်အမြဲတိုက် နေကြရင် ငတ်သထက် ငတ်ကြမယ်၊ ဘယ်မြို့မှ တို့က အပြင်က အကြာကြီး ဝိုင်းပိတ်ဆို့ထား တာကို မခံနိုင်ပါ။ မြန်မြန် စစ်အေးစကားပြောပြီး အသနားခံလိုက်ကြတယ်။ စောစောက ပြောသလို ငါ့ကို သခင်အဖြစ် လက်ခံလိုက်ကြတယ်။ အရင်က ရတဲ့ ရာထူးဂုဏ်ထူး ဥစ္စာစီးပွား မဆုတ်ယုတ်ရင် ပြီးစတမ်းပေါ့။ ငါကလည်း ပေးတဲ့ကတိသစ္စာတည်အောင် ထိန်းပါတယ်။ စစ်အောင်သူတွေဟာ လောဘမသတ်နိုင်ဘဲ ရသမျှ နိုင်သမျှ နှိပ်စက်လုပ်ကြတဲ့ အထဲမှာ ငါမပါဘူး။ တခါက သူပုန် ရာနဲ့ထောင်နဲ့ ရှိသမျှကို ကပ်နဲ့လှောင်ပြီး အစာရေစာ မပေးဘဲ မီးတိုက်သတ်ဖို့ ထားတယ်။ ဆရာတော် သံဃာတော်တွေ ကြွလာပြီး သူတို့ ဒကာတွေကို ရွေးနှုတ်ပြီး ခေါ်သွားခွင့်လည်းပြုရော တကယ့်အကြီးအကဲ ထိပ်တန်းခေါင်းဆောင်တွေပဲ ကျန်တော့တယ်။ အဲဒီတော့ တို့မှာလည်း သတ်ရတဲ့လူ လျော့သွားတာ ကောင်းတာပေါ့။ အဝမင်း၊ အမတ်နဲ့ နောက်လိုက်တွေက ငါတို့ဆီမှာ သစ္စာရေ လာသောက်ပြီး ငါတို့ တပ်သားဖြစ်လာတော့ ငါတို့အဖို့လည်း ဆက်လက် နယ်ပယ်သိမ်းသွင်းဖို့ ခွန်အားပြည့်သွားပြန် တယ်။ ဒီလိုပဲ ပဒေသရာဇ်တိုင်းနိုင်ငံတွေမှာ လုပ်မြဲပါ။ ကုလား (ဥရောပ) ကြေးစားတပ်ကို တော့ ဒီလိုမထင်နဲ့လေ။ သူတို့ကိုလည်း သာသနာမြေကလွဲရင် ကြိုက်တာကို ကြိုက်သ လောက်ယူလို့ ခွင့်ပေးထားပါတယ်။ ငါကလည်း နေရာသစ်ကို သိမ်းပြီးရင် ကျောင်းဘုရား ပြုပြင်မယ်၊ စေတီကို ရွေးချယ်လို့ စီစဉ်မြဲ ဖြစ်ပါတယ်။ အဲဒီလိုနဲ့ တစတစ မွန်ဒေသ မြန်မာဒေသတွေက စေတီတွေမှာ ရွှေတဝင်းဝင်းနဲ့ ရွှေနိုင်ငံ ဖြစ်လာပါတယ်။ ရဟန်းတွေ ကလည်း ဝိနည်းတော်ကို လေးလေးစားစား လိုက်နာကျင့်သုံးတာကို တွေ့ရတယ်။ လူတွေကလည်း ဗုဒ္ဓသာသနာဝင်တွေလို့ ဆိုရလောက်အောင် အနေအထိုင် နူးညံ့သိမ်မွေ့ လာတယ်။ သူသူငါငါ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိကြပါတယ်။
သီရိင်္လကာမှာ ဗုဒ္ဓသာသနာ မှေးမှိန်နေတယ်လို့ ငါကြားရတော့ ရုတ်တရက် သိပ်စိတ်ထိခိုက် သွားတယ်။ ပိဋိကတ်တစုံနဲ့ ကျမ်းတတ်ဆရာတော်တချို့ကို စေလွှတ်ပါတယ်။ ဒီလို ကျမ်းတတ်ပုဂ္ဂိုလ်တွေအပြင် လက်သမားဆရာ ပန်းချီဆရာတွေလည်း ထည့်လိုက်သေး တယ်။ ဟိုမှာ ကျောင်းဆောက်ပြီး လှပတင့်တယ်အောင် ဆေးရေးရွှေချ လုပ်ခိုင်းလိုက်ပါတယ်။ လိုသမျှ ပစ္စည်းကိရိယာတွေလည်း သယ်ဆောင်သွားခိုင်းပါတယ်။ တကယ့်ကို ငါက သူတို့အပေါ်မှာ စိတ်ကောင်း စေတနာကောင်းထားကို သိအောင်၊ သူတို့ အခြေအနေကောင်း လာအောင် ဆန္ဒရှိတာကို ထင်ရှားအောင် ငါ့ဆံတော်နဲ့ မိဖုရားကြီးဆံတော်ကို ဖြတ်ပြီး တံမြက်လုပ်ပြီး စွယ်တော်တိုက်မှာ ဖုန်လှည်းဖို့ ပေးလိုက်ပါတယ်။ ငါစေလွှတ်တဲ့အဖွဲ့ဟာ အောင်ပွဲရလို့ ပြန်လာပြီး ဟိုက စွယ်တော်တုတဆူလည်း လက်ဆောင်ပေးဆက် လိုက်ပါသေး တယ်။
နေ့စဉ် ငါ့ဘာသာ ငါမေးတဲ့ မေးခွန်းကတော့ ငါဘယ်ကိုသွားပြီး ဗုဒ္ဓသာသနာ ပြုခွင့်ရမလဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ရှမ်းများဟာ ဟိုအခါက သာသနာကို လေးစားရကောင်း မှန်း မသိသေးတာ အမှန်ပါ။ မိဖုရားကြီးကိုပါ ခေါ်ခဲ့ပြီး ငါတို့ ဖောင်တော်နဲ့ အညာကို ဆန်တယ်။ ခမ်းကြီးနားကြီး သွားတာပေါ့။ စစ်အင်္ဂါခင်းကျင်းပြီး စစ်တိုက်ဖို့လည်း ပါတယ်။ အဝကို ၂၄ ဒီဇင်ဘာ ၁၅၅၆ မှာ ရောက်တယ်၊ ၈ ဇန်နဝါရီ ၁၅၅၇ မှာ ခရီးဆက်တယ်၊ ပတ္တမြားမြေဖြစ်တဲ့ မိုးမိတ်နဲ့ သီပေါက ၁၀ ဇန်နဝါရီ ၁၅၅၇ မှာ အညံ့ခံတယ်။ မိုးမိတ်ရဲ့ အနောက်မြောက်မှာ စေတီတဆူတည်ဖို့ ၈ ဖေဖော်ဝါရီ ၁၅၅၇ မှာ ဘုရား အုတ်မြစ်ချတယ်။ ၁၀ ဖေဖော်ဝါရီ ၁၅၅၇ မှာ ဌာပနာတိုက်ပိတ်တယ်။ လယ်ထွက်စပါး တနှစ်တင်း ၆၀၀ ကို သာသနာ့အထောက် အပ့ံဖြစ်ဖို့ လှူတယ်။ ဘုရားတည်တယ်ဆိုတာ ကူဘုရားပါ၊ အထွက်အဝင်အတွက် ကူ လေးမျက်နှာစလုံး အသုံးပြုလို့ ရပါတယ်။ ရတနာစေတီလို့ သမုတ်ပါတယ်။ စေတီကိုရံပြီး ဘုန်းတော်ကြီး ကျောင်းလေးကျောင်း ဆောက်တယ်။ သီပေါမှာ စေတီတဆူ ထပ်ဆောက်ပါတယ်။ စော်ဘွား ကြီးရဲ့ မြေးတော်ကို ၁၀ ဖေဖော်ဝါရီ ၁၅၅၇ မှာ အခမ်းအနားနဲ့ သီပေါစော်ဘွားအသစ် ခန့်တယ်။ အုပ်ချုပ်ရေးမှာ လိုအပ်သမျှကို ညွှန်ကြားမှာထားပြီး ၁၇ ဖေဖော်ဝါရီ ၁၅၅၇ မှာ မိုးမိတ်က ပြန်ခဲ့တယ်။ ဧရာဝတီကို ထီးချိုင့်က ဖောင်တော်နဲ့ ၂၀ ဖေဖော်ဝါရီ ၁၅၅၇ မှာ ကူးပါတယ်။ ၂၈ မတ် ၁၅၅၇ မှာ ကြည်းကြောင်း မြောက်ဘက်ကို ဆက်လက်ချီတက်လို့ မိုးညှင်းက ၂၈ မတ် ၁၅၅၇ မှာ အညံ့ခံတယ်။ မိုးကောင်းက ၂၆ မတ် ၁၅၅၇ မှာ အညံ့ခံပါတယ်။ ပဒေသရာဇ်တွေနဲ့ တွေ့တဲ့အခါ ငါလုပ်နေကျ ထုံးစံအတိုင်း သူတို့မူလနေရာ မှာပဲ စော်ဘွားပြန်ခန့်တယ်။ ဒီတော့ မိုးကောင်းစော်ဘွားလည်း ဆက်ပြီး မိုးကောင်းစော်ဘွား ဖြစ်တယ်။ အဲဒီလိုလုပ်ရတာ စွန့်လုပ်ရတာ ဖြစ်လို့ ကြားရသူတိုင်း အံ့ဩကြတယ်။ မိုးကောင်း၊ မိုးညှင်း၊ ကလေး စော်ဘွားတွေကို ဘယ်လိုအုပ်ချုပ်မှ အောင်မြင်တယ်ဆိုတာကို လမ်းညွှန် သင်ကြားပြီး ရှမ်းနယ်တွေဖြစ်တဲ့ မိုးကောင်း၊ မိုးညှင်း နဲ့ မိုးမိတ်၊ သီပေါနယ်တွေမှာ အကြီးအကဲ သေရင် အရှင်သခင်နဲ့အတူ ကျွန် ကျားမတွေ သတ်ပြီး သင်္ဂြိုဟ်တဲ့ အစဉ်အလာတခုကို တားမြစ်ပိတ်ပင်ခဲ့တယ်။ လုံးလုံးရပ်စဲစေပါတယ်။ အပြန်ခရီးကို ၉ ဧပြီ ၁၅၅၇ မှာ စတင်ထွက်ခဲ့တယ်။ ပုဂံမှာ ဝင်ပြီး ရွှေစည်းခုံကို ရွှေချတယ်။ အချိန်ပိဿာ ၂၁၀၀၀ (၇၆၆၅၀ ပေါင်) ရှိတဲ့ ကြေးခေါင်းလောင်းကို ၂၃ မေ ၁၅၅၇ မှာ သွန်းလောင်းစေတယ်။ ဧကရာဇ်ပိုင်နက်မရခင် ဧကရာဇ်ဖြစ်တဲ့ ငါဟာ အခုလို စွမ်းဆောင်ခဲ့ ပုံ ခေါင်းလောင်းမှာ ရေးသားမှတ်တမ်းတင်စေတယ်။
အညွှန်း။ ။ မွန်ဘာသာနဲ့ ရေးထိုးထားတဲ့ ရွှေစည်းခုံခေါင်းလောင်းစာ။ (မွန်ကျောက်စာညွန့်ပေါင်း၊ ချစ်သိန်း ၁၉၆၅၊ စာ ၁၀၅-၁၀၈)