လက်ဆေးခြင်း

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
လက်ကို စနစ်တကျဆေးခြင်းသည် ကူးစက်ရောဂါများကို ကာကွယ်ရန် အလွန်အရေးကြီးသည်။
ရေဘုံဘိုင်တွင် လက်ဆေးနေစဉ်

လက်ဆေးခြင်းဟူသည် လက်ကို အညစ်အကြေးများ၊ ပိုးမွှားများမှ ကင်းစင်စေရန် ဆေးကြောခြင်း ဖြစ်သည်။

လက်ကို ဆပ်ပြာဖြင့် လိုအပ်သည့်အချိန်အတိုင်း မကြာခဏ ဆေးကြောခြင်းသည် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ စသည့်ရောဂါများမှ ကာကွယ်ပေးသည်။ ထို့အပြင် မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်များကို မထိတွေ့မီ လက်ကို မဆေးမိပါက အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်သည့် တုပ်ကွေး၊ ကိုဗစ်နိုင်တင်း (COVID-19) စသည့်ရောဂါများ ကူးစက်နိုင်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အောက်ပါအရာများကို ပြုလုပ်ပြီးတိုင်း လက်ဆေးရန် တိုက်တွန်းထားသည်

  • အစားအစာများကို မချက်ပြုတ်မီ၊ ချက်ပြုတ်နေစဉ်နှင့် ချက်ပြုတ်ပြီးနောက်။
  • အစာမစားမီ။
  • လူနာကို မပြုစုမီနှင့် ပြုစုပြီးချိန်။
  • အိမ်သာတက်ပြီးနောက်။
  • ကလေးအနှီးလဲပြီးတိုင်း သို့မဟုတ် အိမ်သာအသုံးပြုပြီးသော ကလေးအား သန့်ရှင်းပေးပြီးနောက်။
  • နှပ်ညှစ်ပြီး၊ ချောင်းဆိုးပြီး၊ နှာချေပြီးနောက်။
  • တိရစ္ဆာန်အား ကိုင်တွယ်ပြီး၊ အစာကျွေးပြီး သို့မဟုတ် အညစ်အကြေးအား ထိတွေ့ပြီးနောက်။
  • အမှိုက်ကို ထိတွေ့ပြီးနောက်။

ပြည်သူ့ကျန်းမာရေး[ပြင်ဆင်ရန်]

ကျန်းမာရေးအကျိုးကျေးဇူးများ[ပြင်ဆင်ရန်]

လက်ကို ဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးကြောခြင်းသည် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူး များစွာရှိသည်။ လက်ဆေးခြင်းသည် တုပ်ကွေးရောဂါပိုး၊ ကိုရိုနာဗိုင်းရပ်စ်စသည့် ရောဂါပိုးမွှားများ ကူးစက်ခံရခြင်းမှ ကာကွယ်ပေးသည်။ ဝမ်းပျက်ဝမ်းလျှောရောဂါများမှ ကာကွယ်ပေးသည်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ကူးစက်ခံရခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။ အထူးသဖြင့် မွေးကင်းစကလေး သေနှုန်းကို လျှော့ချပေးနိုင်သည်။

၂၀၁၃ ခုနှစ်တွင် ပြုလုပ်ခဲ့သော လေ့လာမှုတစ်ခုအရ လက်ဆေးခြင်းအကျင့်ကို လေ့ကျင့်ပေးခြင်းဖြင့် ငါးနှစ်အောက်ကလေးများတွင် အရပ်အမောင်း ပိုမိုထွားကျိုင်းစေကြောင်း တွေ့ရှိခဲ့သည်။ ထို့အပြင် ဆင်းရဲသောနိုင်ငံများတွင် လက်ဆေးခြင်းဖြင့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများကြောင့် ငါးနှစ်အောက်ကလေးသေနှုန်းကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ကြောင်း လေ့လာတွေ့ရှိရသည်။ ဆင်းရဲသောဒေသများတွင် လက်ဆေးခြင်းသည် သန့်ရှင်းသောရေကို သောက်သုံးခြင်းကဲ့သို့ပင် ဝမ်းပျက်ဝမ်းလျှောရောဂါများကို သုံးပုံတစ်ပုံအထိ လျှော့ချနိုင်သည်။

လက်ကို ဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောခြင်းသည် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် နမိုးနီးယားကဲ့သို့သော ရောဂါများကို ကာကွယ်ပေးနိုင်သည့် အထိရောက်ဆုံးနှင့် ကုန်ကျစရိတ်အနည်းဆုံး နည်းလမ်းပင် ဖြစ်သည်။ ထိုရောဂါနှစ်မျိုးကြောင့် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်ကလေးပေါင်း ၃.၅ သန်း သေဆုံးနေရသည်။

UNICEF အဆိုအရ လက်ဆေးကို ဆပ်ပြာနှင့် မကြာခဏဆေးကြောတတ်ရန် လေ့ကျင့်ပေးခြင်းနည်းလမ်းသည် ကုန်ကျစရိတ်များသည့် ကာကွယ်ဆေးများ၊ ဆေးဝါးများထက် ပိုပြီး ထိုရောဂါနှစ်မျိုးကို ကာကွယ်ပေးနိုင်ကြောင်း သိရသည်။ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးနှုန်းကို ထက်ဝက်လျှော့ချနိုင်ပြီး နမိုးနီးယားကြောင့် သေဆုံးနှုန်းကို လေးပုံတစ်ပုံအထိ လျှော့ချနိုင်သည်ဟု ဆိုထားသည်။

ဘေးထွက်ဆိုးကျိုးများ[ပြင်ဆင်ရန်]

လက်ဆေးခြင်းသည်လည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိသည်။ ၎င်းမှာ လက်ကို မကြာခဏဆေးပါက လက်အရေပြားခြောက်သွေ့ကာ အရေပြားကို ထိခိုက်ခြင်းပင် ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် ပြုလုပ်သော လေ့လာမှုတစ်ခုအရ လက်ကို အလွန်အကျွံဆေးကြောခြင်းသည် လက်အရေးပြားကို ယားယံစေပြီး ကွဲအက်စေကြောင်း တွေ့ရှိခဲ့သည်။ ထိုကဲ့သို့သော အခြေအနေကို လက်ကို မကြာခဏဆေးနေရသည့် ကျန်းမာရေးဝန်ထမ်းများတွင် အတွေ့ရများသည်။ ထို့အပြင် လက်ကို မကြာခဏဆိုသလို ဆေးနေခြင်းသည် စိတ်စွဲလန်းရောဂါ (Obsessive-compulsive disorder) ၏ လက္ခဏာတစ်ခုပင် ဖြစ်သည်။

လက်ဆေးသင့်သည့်အချိန်များ[ပြင်ဆင်ရန်]

မဖြစ်မနေ လက်ကို ဆပ်ပြာနှင့် စင်ကြယ်စွာဆေးရမည့် အချိန် (၅) ချိန် ရှိသည်။ ၎င်းတို့မှာ အိမ်သာမတက်မီနှင့် တက်ပြီးချိန်၊ ကလေးအညစ်အကြေးများ သန့်စင်ပေးပြီးချိန်၊ ကလေးကို အစာမကျွေးမီချိန်၊ အစာမစားမီချိန်၊ အစားအစာများကို ပြင်ဆင်မချက်ပြုတ်ခင်နှင့် ချက်ပြုတ်ပြီးချိန်တို့ ဖြစ်သည်။

ထို့အပြင် ချောင်းဆိုး နှာချေပြီး နှပ်ညှစ်ပြီးချိန်တိုင်း၊ အနာကို ကိုင်တွယ်ပြီးသည့် အချိန်တိုင်း၊ အမှိုက်စွန့်ပစ်ပြီးချိန်တိုင်း၊ နှာခေါင်းစည်းကို စွန့်ပစ်ပြီးချိန်တိုင်း၊ တိရစ္ဆာန်များကို ကိုင်တွယ်ပြီးချိန်တိုင်း လက်ကို စနစ်တကျ ဆေးကြောရမည် ဖြစ်သည်။ အရေးကြီးဆုံးအနေဖြင့် လက်ဖြင့် မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို မကိုင်တွယ်မီ လက်ကို စနစ်တကျ သေချာစွာ ဆေးကြောရမည်။

အသုံးပြုသည့်ပစ္စည်းများ[ပြင်ဆင်ရန်]

ဆပ်ပြာနှင့် ဆပ်ပြာမှုန့်[ပြင်ဆင်ရန်]

လက်ဆေးရာတွင် ရေဖြင့် လောင်းချရုံမဟုတ်ဘဲ ဆပ်ပြာ သို့မဟုတ် ဆပ်ပြာမှုန့်ကို အသုံးပြုခြင်းသည် ရောဂါပိုးမွှားများကို ဖယ်ရှားရာတွင် ပိုမိုထိရောက်သည်။ ရေတစ်မျိုးတည်းသည် လက်ကို လုံလောက်စွာ မစင်ကြယ်စေနိုင်ပါ။ အကြောင်းမှာ ပရိုတိန်းနှင့် အဆီဓာတ်များသည် ရေတွင် လွယ်ကူစွာ မပျော်ဝင်နိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် အဆီဖြင့် တည်ဆောက်ထားသော ဗိုင်းရပ်စ်ပိုးများ၊ ဘတ်တီးရီးယားများကို ရေဖြင့် ပြောင်စင်စွာ မဆေးကြောနိုင်ပေ။ ဆပ်ပြာသည် ထိုအရာများကို ရေတွင် ပျော်ဝင်စေခြင်းဖြင့် အလွယ်တကူ စင်ကြယ်စွာ ဆေးကြောနိုင်ရန် ကူညီပေးသည်။ ထို့ကြောင့် လက်ကို စင်ကြယ်စွာဆေးကြောနိုင်ရန် ဆပ်ပြာရော ရေပါ လိုအပ်သည်။ ရေဘုံဘိုင်မှ စီးနေသည့်ရေဖြစ်လျှင် အကောင်းဆုံးဖြစ်သည်။

ဆပ်ပြာတုံး[ပြင်ဆင်ရန်]

ဆပ်ပြာတုံးသည် လက်တစ်ခါဆေးတိုင်း ကိုင်တွယ်နေရသောကြောင့် လက်မှ ပိုးမွှားများ ကပ်ငြိကျန်နေနိုင်သည်။ သို့သော် လေ့လာမှုများအရ ဆပ်ပြာတုံးမှ ဘတ်တီးရီးယားများသည် ဆေးပြီးသား လက်ကို ကူးစက်နိုင်ခြေ နည်းပါးကြောင်း တွေ့ရှိခဲ့သည်။ အကြောင်းမှာ ထိုဘတ်တီးရီးယားများသည် ရေဖြင့် ဆေးချသောအခါ အလွယ်တကူ ပါသွားသောကြောင့် ဖြစ်သည်။ သို့သော် CDC က ဆပ်ပြာတုံးအစား အလိုအလျောက် ထုတ်ပေးသည့် ဆပ်ပြာရည်ကို အသုံးပြုပါက ပိုကောင်းကြောင်း ဆိုထားသည်။

ပိုးသတ်ဆေးပါသည့်ဆပ်ပြာများ (Antibacterial Soap)[ပြင်ဆင်ရန်]

ပိုးသတ်နိုင်စွမ်း မြင့်မားသည်ဆိုသည့် ဆပ်ပြာများကို ဈေးကွက်ထဲတွင် အများအပြား တွေ့နိုင်သည်။ သို့သော် ယနေ့အချိန်ထိ ထိုဆပ်ပြာများသည် သာမန်ဆပ်ပြာများထက် ထူးကဲစွာ ပိုးသေစေနိုင်သည်ဆိုသည့် အထောက်အထားကို မတွေ့ရသေးပေ။ Oregon တက္ကသိုလ်မှ လေ့လာချက်တစ်ခုအရ သာမန်ဆပ်ပြာများသည် Triclosan ပါဝင်သည့် ပိုးသတ်ဆပ်ပြားများနည်းတူ ရောဂါပိုးများကို ကာကွယ်ရာတွင် ထိရောက်မှုရှိကြောင်း တွေ့ရှိခဲ့သည်။

ရေ[ပြင်ဆင်ရန်]

ကျေးလက်နေ မြန်မာလူမျိုးအများစုသည် ထမင်းစားခါနီး၌ ရေကြက်သီးနွေးထဲတွင် လက်ကိုနှစ်ကာ ဆေးပြီး စားလေ့ရှိသည်။ သို့သော် ထိုမျှသော အပူချိန်၌ ရောဂါပိုးမွှားများ မသေကြပေ။ ပိုးမွှားများ ပျော်ပျော်ကြီး ပေါက်ဖွားရှင်သန်နိုင်သော အပူချိန်ပင် ဖြစ်သည်။ လေ့လာမှုများကလည်း ထိုမျှလောက်သော အပူချိန်ရှိသည့်ရေသည် မည်သည့်ပိုးမွှားကိုမှ မဖယ်ရှားနိုင်ကြောင်း ဆိုထားကြသည်။ သို့သော် ပူနွေးပြီး ဆပ်ပြာပါဝင်သောရေသည် အေးပြီး ဆပ်ပြာပါဝင်သောရေထက် အညစ်အကြေးများ၊ ပိုးမွှားများကို ပိုမိုစင်ကြယ်စေနိုင်သည်။

ပိုးသတ်ဆေးရည်[ပြင်ဆင်ရန်]

လက်သန့်ဆေးရည်ဆိုသည်မှာ လက်ကို ရေမလိုအပ်ဘဲ ပိုးမွှားများမှ စင်ကြယ်စေနိုင်သော အရည်ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်များနောက်ပိုင်းနှင့် ၂၁ ရာစုအစောပိုင်းတွင် အရက်ပျံပါဝင်သော လက်သန့်ဆေးရည်များ ရေပန်းစားလာသည်။ အများစုတွင် အီသနောအရက် (Ethanol) နှင့် ဂလစ်စရင်း (Glycerin) ကဲ့သို့သော ပစ္စည်းများ ပါဝင်သည်။ Hydrogen peroxide ကို ထည့်ပါက ပိုးသတ်နိုင်စွမ်း ပိုမိုကောင်းမွန်စေသည်။

အရက်ပျံ အနည်းဆုံး ၆၀ မှ ၉၅ ရာခိုင်နှုန်း ပါဝင်သော လက်ဆေးရည်များသာ ထိရောက်မှုရှိသည်။ အရက်ပျံပါဝင်သော လက်ဆေးရည်များသည် ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်ပိုးများနှင့် မှိုများကို သတ်နိုင်သည်။ အရက်ပျံ ၇၀ ရာခိုင်နှုန်းပါဝင်သော လက်ဆေးရည်သည် စက္ကန့်သုံးဆယ်အတွင်း လက်ပေါ်မှ ဘက်တီးရီးယားပိုး ၉၉.၉၇ ရာခိုင်နှုန်း သတ်နိုင်ပြီး တစ်မိနစ်အတွင်း ၉၉.၉၉ မှ ၉၉.၉၉၉ ရာခိုင်နှုန်းအထိ သတ်နိုင်သည်။

လက်ဆေးရည်များသည် ဘက်တီးရီးယားများအပေါ် ပိုမိုထိရောက်မှုရှိသည်။ သို့သော် အချို့ဗိုင်းရပ်စ်ပိုးများကို မသတ်နိုင်ပေ။ ဥပမာအနေဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေသော Norovirus ကို မသတ်နိုင်ပေ။

လက်ဆေးရည်ဖြင့် လက်ဆေးသည့်အခါ လက်တစ်ပြင်လုံးကို နှံ့စေရန် လုံလုံလောက်လောက် အသုံးပြုရသည်။ စနစ်တကျ လက်ဆေးနည်းအတိုင်း လက်ကို စက္ကန့်သုံးဆယ်ကြာအောင် ပွတ်တိုက်ဆေးကြောရမည် ဖြစ်သည်။

အမေရိကန်နိုင်ငံ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန (CDC) က လက်များ အညစ်အကြေးများနှင့် ပေနေသည့်အခါတွင် ပုံမှန်ဆပ်ပြာနှင့် ရေကို သုံးကာ ဆေးကြောရန် တိုက်တွန်းထားသည်။ ဆပ်ပြာနှင့် ရေကို အလွယ်တကူ မရနိုင်သည့် အခြေအနေများမှလွဲ၍ ကျန်အချိန်များတွင် လက်ဆေးရည်ကို မသုံးဘဲ ဆပ်ပြာနှင့် ရေကိုသာ အဓိကထားသုံးရန်လည်း တိုက်တွန်းထားသည်။

အရက်ပျံပါဝင်သော လက်ဆေးရည်ဖြင့် လက်ကို ခဏခဏဆေးပါက လက်အရေပြား ခြောက်သွေ့စေနိုင်သည်။ ထိုသို့ မဖြစ်စေရန် လက်ဆေးရည်တွင် glycerin ကဲ့သို့သော ဓာတုပစ္စည်းများ ထည့်သွင်းနိုင်သည်။ ထို့ကြောင့်လည်း လူအများစုသည် လက်အရေပြားကို သိပ်မထိခိုက်သည့် လက်ဆေးရည်ကို ဆပ်ပြာထက် ပိုမိုနှစ်သက်ကြခြင်း ဖြစ်သည်။

လက်ဆေးရည်များသည် ထိရောက်မှုရှိသော်လည်း ရေကဲ့သို့ လက်ပေါ်မှ အညစ်အကြေးများကို စင်ကြယ်အောင် ဆေးကြောနိုင်စွမ်း မရှိပေ။ ပိုးသတ်ရုံသာ ပြုလုပ်နိုင်ပေသည်။ မသေဘဲ ကျန်ရစ်သောပိုးများကိုလည်း ရေကဲ့သို့ ဆေးကြောဖယ်ရှားနိုင်စွမ်း မရှိပေ။ ထို့ကြောင့်လည်း လက်ဆေးရည်ထက် ဆပ်ပြာနှင့် ရေကို အသုံးပြုခြင်းကို ပိုမိုအလေးပေးကြခြင်းဖြစ်ပေသည်။

မကြာသေးမီက လက်ဆေးရည်တွင် အရက်ပျံကို အသုံးပြုခြင်းထက် benzalkonium chloride ဒြပ်ပေါင်းကို အသုံးပြုခြင်းက ပိုမိုထိရောက်မှု ရှိသည်ကို တွေ့ရှိခဲ့သည်။ ထိုဒြပ်ပေါင်းသည် လက်ဆေးပြီးချိန်အထိ ပိုးသတ်နိုင်စွမ်းကို ထိန်းပေးထားနိုင်သည်။

စနစ်ကျသော လက်ဆေးနည်း[ပြင်ဆင်ရန်]

စနစ်ကျသော လက်ဆေးနည်း

လက်ဆေးသည့်အခါ စနစ်တကျ ဆေးကြောရန် အရေးကြီးသည်။ သို့မှသာ ထိရောက်မှု ရှိပေမည်။ စနစ်တကျ လက်ဆေးရန် အောက်ပါအဆင့်အတိုင်း စက္ကန့်သုံးဆယ်ကြာသည်အထိ ပြုလုပ်ရမည်။

  • စက္ကန့်အနည်းငယ်ကြာသည်အထိ လက်ကို ရေဆေးပါ။
  • လက်နှစ်ဖက်စလုံးသုံးပြီး ဆပ်ပြာကို နှံ့အောင်တိုက်ပါ။ လက်ဖဝါးရော လက်ဖမိုးပါ အပြန်အလှန်တိုက်ချွတ်ပါ။
  • လက်ဖမိုးတဖက်ကို ကျန်လက်ဖဝါးနှင့် သေချာစွာ ပွတ်တိုက်ပေးပါ။ လက်ချောင်းများကြားကို ကျန်လက်၏ လက်ချောင်းများနှင့် ပွတ်တိုက်ပေးပါ။ ဘယ်၊ ညာ လက်နှစ်ဖက်ကို အပြန်အလှန် ပွတ်တိုက်ပေးပါ။
  • လက်ဖဝါးတဖက်ထဲမှာ ကျန်လက်၏ လက်မကိုထည့်ပြီး ပတ်လည်ပွတ်တိုက်ပါ။ ဘယ်လက်ညာလက် အပြန်အလှန် ဆေးပါ။
  • လက်ဖဝါးတဖက်ထဲမှာ ကျန်လက်၏ လက်ချောင်းလေးများကို စုပြီး ပတ်လည်ပွတ်တိုက်ပေးပါ။ ဘယ်လက်ညာလက် အပြန်အလှန် ဆေးပေးပါ။
  • လက်နှစ်ဖက်စလုံးကို ရေနှင့် စင်ကြယ်အောင်ဆေးပါ။
  • လက်ကို ခြောက်သွေ့အောင် တခါသုံးလက်သုတ်ပဝါ၊ တစ်သျှူးစက္ကူ စသည်တို့ဖြင့် သုတ်ပါ။ သို့မဟုတ် အခြောက်ခံစက်ဖြင့် အခြောက်ခံပါ။

အထက်ပါ အဆင့်များအတိုင်း လက်ကို အနည်းဆုံး စက္ကန့် (၃၀) ကြာအောင် ဆေးကြောရမည်။ ယေဘုယျအားဖြင့် Happy Birthday သီချင်း နှစ်ခေါက်စာကြာချိန်အထိ လက်ကို ဆေးရမည် ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

ယူနီဆက်၏ ပံ့ပိုးမှုဖြင့် ဗဟိုကျန်းမာရေးပညာဌာန သန့်လေးသန့် စီမံချက်မှ ထုတ်ဝေသည့် လက်ကမ်းစာအုပ်ငယ်