မာတိကာသို့ ခုန်သွားရန်

လက္ခဏာရေးသုံးပါး

ဝီကီပီးဒီးယား မှ

လက္ခဏာရေးသုံးပါး (သို့မဟုတ် တိလက္ခဏာ) ဆိုသည်မှာ ဗုဒ္ဓဘာသာတရားတော်၏ အသည်းနှလုံးသဖွယ်ဖြစ်သော အခြေခံအမှန်တရားများဖြစ်ပြီး၊ အလုံးစုံသော အကြောင်းတရားတို့ကြောင့် ဖြစ်ပေါ်လာသည့် ပြုပြင်ဖန်တီးထားသောတရား (သင်္ခါရတရား) တို့၏ မုချမလွဲ ကြုံတွေ့ရမည့် သဘောသဘာဝလက္ခဏာများ ဖြစ်ကြပါသည်။ ၎င်းတို့မှာ-

လက္ခဏာရေးသုံးပါး၏ အဓိပ္ပါယ်နှင့် ရှုပွားပုံ

[ပြင်ဆင်ရန်]
  1. အနိစ္စလက္ခဏာ: မမြဲခြင်း သဘော။
  2. ဒုက္ခလက္ခဏာ: ဆင်းရဲခြင်း သဘော (သို့မဟုတ်) ကျေနပ်ဖွယ်မရှိခြင်း၊ ဖောက်ပြန်ပျက်စီးတတ်ခြင်း သဘော။
  3. အနတ္တလက္ခဏာ: အစိုးမရခြင်း၊ အနှစ်သာရမရှိခြင်း၊ "ငါ၊ ငါ့ဥစ္စာ၊ ငါ၏အတ္တ" ဟု စွဲယူစရာမရှိခြင်း သဘော။

ဤလက္ခဏာရေးသုံးပါးကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိမြင်ခြင်းသည် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်းဖြစ်သော အရိယမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တို့ကို ရရှိရန်အတွက် မရှိမဖြစ်လိုအပ်သော အခြေခံဖြစ်ပါသည်။

အနိစ္စလက္ခဏာ (မမြဲခြင်း)

[ပြင်ဆင်ရန်]

အဓိပ္ပါယ်: အလုံးစုံသော ရုပ်တရား၊ နာမ်တရား (သင်္ခါရတရား) တို့သည် ဖြစ်ပေါ်ပြီးနောက် တည်တံ့မနေဘဲ အစဉ်မပြတ် ချုပ်ပျောက်ပျက်စီးနေသည့် သဘောကို "အနိစ္စ" ဟုခေါ်သည်။ တစ်ခဏမျှပင် အသစ်အသစ် ဖြစ်ပေါ်ချုပ်ပျောက်နေခြင်းသည် အနိစ္စ၏ သရုပ်မှန်ဖြစ်သည်။

ရှုပွားပုံ:
  • အတွင်း (အဇ္ဈတ္တ) မိမိ၏ ခန္ဓာကိုယ်၊ စိတ်အစဉ်တို့၌လည်းကောင်း၊ အပြင် (ဗဟိဒ္ဓ) သူတစ်ပါးတို့၏ ခန္ဓာကိုယ်၊ စိတ်အစဉ်၊ သက်မဲ့ဝတ္ထုပစ္စည်းတို့၌လည်းကောင်း ရုပ်တရား၊ နာမ်တရားတို့၏ ဖြစ်ပေါ်လာခြင်း (ဥပါဒ်) နှင့် ချုပ်ပျောက်သွားခြင်း (ဘင်) ကို ဉာဏ်ဖြင့် အဖန်ဖန်ရှုပွားရသည်။
  • ဥပမာအားဖြင့် စက္ခုဒွါရ၌ရှိသော ပရမတ်ရုပ်တရား (၅၄) မျိုးတို့၏ ဖြစ်ပြီးလျှင် ချက်ချင်းပျက်သွားသော သဘော၊ ကုန်သွားသော သဘော၊ ပျောက်သွားသော သဘောကို "အနိစ္စ" ဟု ရှုမှတ်ရသည်။
  • ဤသို့ရှုရာ၌ ရုပ်ကလာပ်ကဲ့သို့သော ပညတ်ကိုမရှုဘဲ၊ ယင်းရုပ်ကလာပ်အတွင်းရှိ ပရမတ်ရုပ်အစစ်တို့၏ ဖြစ်ပျက်ကိုသာ အာရုံပြုရမည်။ (ရုပ်ဃနကို ဖြိုခွဲရမည်။)
  • နာမ်တရားများကို ရှုရာ၌လည်း (ဥပမာ- ဖဿဝေဒနာသညာသင်္ခါရဝိညာဏ်) အာယတနဒွါရအလိုက် ဖြစ်ပေါ်လာသော စိတ်၊ စေတသိက်တို့၏ ဖြစ်ပြီးလျှင် ချက်ချင်းပျက်စီးသွားပုံကို "အနိစ္စ" ဟု ရှုမှတ်ရသည်။ (နာမ်ဃနကို ဖြိုခွဲရမည်။)

ဒုက္ခလက္ခဏာ (ဆင်းရဲခြင်း)

[ပြင်ဆင်ရန်]

အဓိပ္ပါယ်: အနိစ္စဖြစ်သောကြောင့် အစဉ်မပြတ် ဖြစ်ခြင်း၊ ပျက်ခြင်းတို့၏ နှိပ်စက်မှုကို ခံနေရသည့်သဘော၊ ကျေနပ်နှစ်သိမ့်ဖွယ်မရှိခြင်း၊ ကြောက်မက်ဖွယ်ကောင်းခြင်း၊ ဖိစီးနှိပ်စက်တတ်သည့် သဘောကို "ဒုက္ခ" ဟုခေါ်သည်။ ဤ၌ ဒုက္ခသည် ရိုးရိုးကာယိကဒုက္ခ၊ စေတသိကဒုက္ခမျှသာမက သင်္ခါရတရားအားလုံး၏ မတည်မြဲမှုကြောင့် ဖြစ်ပေါ်ရသော မချမ်းမြေ့ဖွယ် သဘောကိုပါ ခြုံငုံသည်။

ရှုပွားပုံ:
  • အနိစ္စဟု ရှုမြင်ခဲ့သော ရုပ်တရား၊ နာမ်တရားတို့သည် အစဉ်မပြတ် ဖြစ်ခြင်း၊ ပျက်ခြင်း ဒဏ်ချက်ဖြင့် အညှဉ်းပန်းအနှိပ်စက်ခံနေရသည့် သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ "ဒုက္ခ၊ ဒုက္ခ" ဟု ရှုပွားရသည်။
  • ထိုသို့ အဖန်ဖန် ဖြစ်ပျက်နေရခြင်းကြောင့် ကြောက်လန့်ဖွယ်ကောင်းသော အနက်သဘောကိုလည်း ဉာဏ်ဖြင့်မြင်အောင်ကြည့်၍ "ဒုက္ခ" ဟု ရှုရသည်။
  • သက်ရှိ၊ သက်မဲ့၊ အတွင်း၊ အပြင် ခပ်သိမ်းသော သင်္ခါရတရားတို့သည် ဤဒုက္ခသဘောမှ မလွတ်ကင်းကြောင်း ဉာဏ်ဖြင့် ဆင်ခြင်ရသည်။

အနတ္တလက္ခဏာ (အစိုးမရ၊ အနှစ်သာရမရှိခြင်း)

[ပြင်ဆင်ရန်]

အဓိပ္ပါယ်: အနိစ္စ၊ ဒုက္ခ ဖြစ်သော သင်္ခါရတရားတို့၌ မိမိ၏ အလိုသို့လိုက်၍ အစိုးရနိုင်သော အနှစ်သာရ (အတ္တ) မရှိခြင်း၊ ခိုင်မာသော "ငါ၊ ငါ့ဥစ္စာ" ဟု စွဲလမ်းစရာ အတ္တကောင်၊ ပုဂ္ဂိုလ်သတ္တဝါအဖြစ် တည်ရှိမနေခြင်း သဘောကို "အနတ္တ" ဟုခေါ်သည်။ ဥပမာ- နိဝါသီအတ္တ (အမြဲတည်နေသောအိမ်ရှင်သဖွယ်အတ္တ)၊ ကာရကအတ္တ (ပြုလုပ်တတ်သောအတ္တ)၊ ဝေဒကအတ္တ (ခံစားတတ်သောအတ္တ)၊ သာမိအတ္တ (ပိုင်ဆိုင်သောအရှင်သဖွယ်အတ္တ) စသည်တို့ မရှိခြင်းကို ဆိုလိုသည်။

ရှုပွားပုံ:
  • အနိစ္စ၊ ဒုက္ခဟု ရှုမြင်ခဲ့သော ဖြစ်ပျက်နေသည့်၊ နှိပ်စက်ခံနေရသည့် ရုပ်တရား၊ နာမ်တရားတို့၌ "ငါ" ဟူ၍လည်းကောင်း၊ "ငါ့ဥစ္စာ" ဟူ၍လည်းကောင်း၊ "ငါ၏ အတ္တ" ဟူ၍လည်းကောင်း အစိုးရသော၊ ပိုင်ဆိုင်သော၊ အနှစ်သာရရှိသော အတ္တတစ်စုံတစ်ရာမျှ မရှိကြောင်း ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ "အနတ္တ၊ အနတ္တ" ဟု ရှုပွားရသည်။
  • "နေတံ မမ (ငါ့ဟာ မဟုတ်)၊ နေသောဟမသ္မိ (ငါ မဟုတ်)၊ န မေသော အတ္တာ (ငါ၏အတ္တ မဟုတ်)" ဟု ဆင်ခြင်သုံးသပ်ခြင်းသည် အနတ္တလက္ခဏာကို ရှုခြင်းပင်ဖြစ်သည်။
  • အနိစ္စသဘောကို ကောင်းစွာမြင်လျှင် အနတ္တသဘောကိုလည်း ကောင်းစွာမြင်လာနိုင်သည် (အနိစ္စသညိနော ဟိ မေဃိယ အနတ္တသညာ သဏ္ဌာတိ။ ဥဒါန်းပါဠိတော်၊၁၂၀။)။

လက္ခဏာရေးသုံးတန် ဆက်စပ်မှုနှင့် ရှုပွားရေးရာ အရေးကြီးသောအချက်များ

[ပြင်ဆင်ရန်]
  • အပြန်အလှန်ဆက်စပ်မှု: လက္ခဏာရေးသုံးပါးသည် တစ်ခုနှင့်တစ်ခု အကြောင်းအကျိုး ဆက်စပ်နေပါသည်။
  • "ယဒနိစ္စံ တံ ဒုက္ခံ" - မမြဲသောတရားသည် ဆင်းရဲခြင်းသဘောရှိ၏။
  • "ယံ ဒုက္ခံ တဒနတ္တာ" - ဆင်းရဲခြင်းသဘောရှိသောတရားသည် အစိုးမရ အနတ္တသဘောရှိ၏။
  • လက္ခဏာတစ်ပါးမြင်လျှင် ကျန်နှစ်ပါးကို မြင်နိုင်ခြင်း: အဋ္ဌကထာ၌ "တီသု ဟိ လက္ခဏေသု ဧကသ္မိံ ဒိဋ္ဌေ ဣတရဒွယံ ဒိဋ္ဌမေဝ ဟောတိ" (ဥဒါန၊ဋ္ဌ၊၂၁၄) ဟု ဖွင့်ဆိုထားရာ၊ လက္ခဏာတစ်ပါးကို ထင်ရှားစွာမြင်လျှင် ကျန်လက္ခဏာနှစ်ပါးကိုလည်း မြင်နိုင်စွမ်းရှိသည်ဟု ဆိုလိုသည်။ သို့သော် ဤသည်မှာ အရိယမဂ်ရရန် လက္ခဏာတစ်ပါးတည်း ရှုရုံဖြင့် လုံလောက်သည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ အားလုံးကို ထိုးထွင်းသိရန် လိုအပ်ပါသည်။
  • အရိယမဂ်အတွက် သုံးပါးလုံးလိုအပ်ခြင်း: ဝိသုဒ္ဓိမဂ် (၂၊၃၀၁) အရ လက္ခဏာတစ်ပါးတည်းကိုသာ သက်သက်ရှုရုံဖြင့် အရိယမဂ်သို့ မဆိုက်နိုင်။ ထို့ကြောင့် ရံခါ အနိစ္စ၊ ရံခါ ဒုက္ခ၊ ရံခါ အနတ္တလက္ခဏာတင်၍ တစ်လှည့်စီ ရှုပွားရန် ညွှန်ကြားထားသည်။
  • ဘုရားရှင်၏ ဒေသနာနည်း: မြတ်စွာဘုရားသည် တရားနာပုဂ္ဂိုလ်တို့၏ အလိုအဇ္ဈာသယအလိုက် လက္ခဏာတစ်ပါး၊ နှစ်ပါး၊ သုံးပါးကို ဦးစားပေးဟောကြားသော်လည်း အဆုံးစွန်သောရည်မှန်းချက်မှာ လက္ခဏာရေးသုံးတန်လုံးကို ထိုးထွင်းသိမြင်စေရန်ဖြစ်ပါသည်။ "နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ" ဟု ရှုခြင်းသည် အနိစ္စ၊ ဒုက္ခ၊ အနတ္တ သုံးပါးလုံးကို ရှုခြင်းနှင့် အတူတူဖြစ်ကြောင်း ဆန္နောဝါဒသုတ္တန်အဋ္ဌကထာက ညွှန်ပြပါသည်။
  • ဝိပဿနာရှုပွားရာ၌ အစဉ်: များသောအားဖြင့် အနိစ္စလက္ခဏာကို ဦးစွာရှုပွားပြီး၊ ထိုမှ ဒုက္ခလက္ခဏာ၊ ထိုမှ အနတ္တလက္ခဏာသို့ အစဉ်အတိုင်း ရှုပွားလေ့ရှိသည်။
လက်တွေ့ကျင့်သုံးမှု:
  • ရံခါ အဇ္ဈတ္တ (အတွင်း)၊ ရံခါ ဗဟိဒ္ဓ (အပြင်)။
  • ရံခါ ရုပ်တရား၊ ရံခါ နာမ်တရား။
  • ရံခါ အနိစ္စလက္ခဏာ၊ ရံခါ ဒုက္ခလက္ခဏာ၊ ရံခါ အနတ္တလက္ခဏာ။

ဤသို့ တစ်လှည့်စီ လှည့်၍ ဝိပဿနာရှုရမည်ဖြစ်သည်။ []

  • ဃနဝိနိဘာဂ (အတုံးအခဲကို ဖြိုခွဲခြင်း): ရုပ်တရား၊ နာမ်တရားတို့ကို အတုံးအခဲ (ရုပ်ဃန၊ နာမ်ဃန) အဖြစ် မမြင်ဘဲ၊ ယင်းတို့၏ အသေးငယ်ဆုံး အစိတ်အပိုင်းဖြစ်သော ပရမတ်တရားတို့၏ ဖြစ်ခြင်းပျက်ခြင်းကို ဉာဏ်ဖြင့် ပိုင်းခြားထွင်းဖောက် မြင်အောင်ရှုရမည်။

နိဂုံး

[ပြင်ဆင်ရန်]

လက္ခဏာရေးသုံးပါးကို မှန်ကန်စွာ သိရှိနားလည်ပြီး ဝိပဿနာဘာဝနာဖြင့် အဖန်ဖန် ရှုပွားသုံးသပ်ခြင်းသည် ခန္ဓာငါးပါး၊ အာယတနတစ်ဆယ့်နှစ်ပါး၊ ဓာတ်တစ်ဆယ့်ရှစ်ပါး စသော သင်္ခါရတရားတို့၏ အရှိကိုအရှိအတိုင်း ဟုတ်တိုင်းမှန်စွာ သိမြင်စေပြီး၊ သံသရာမှ လွတ်မြောက်ကြောင်းဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုရန် တစ်ခုတည်းသော လမ်းစဉ်ဖြစ်ပေသည်။[]

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. (အဘိ၊ဋ္ဌ၊၁၊၂၇၀-၂၇၁။ ဝိသုဒ္ဓိ၊၂၊၃၀၀။)
  2. နိဗ္ဗာနဂါမိနိပဋိပဒါ - ပဉ္စမတွဲ - ဖားအောက်တောရဆရာတော်