လက္ခဏာဗေဒ

ဝီကီပီးဒီးယား မှ
(လက္ခဏာ မှ ပြန်ညွှန်းထားသည်)

မှတ်သားအပ်လို့ လက္ခဏာ ဟု ခေါ်သည်။ လက်မှာပါလျှင် လက္ခဏာ၊ ခြေမှာပါရင် ခြေခဏာ ဟူ၍မဟုတ်ပါ။ မည်သည့်နား ပါပါ၊ အမှတ်အသားကို လက္ခဏာဟု ခေါ်သည်။ လက္ခဏာ၏ အခြားနားလည်မှုတမျိုးမှာ လက်ဖဝါးကိုကြည့်၍ ဗေဒင်ဟောခြင်းဖြစ်သည်။

လက္ခီယတီတိ လက္ခဏံ လက္ခီယတေ ဧတေနာတိ လက္ခဏံ

သင်၏လက်ဖဝါးများကိုကြည့်က အရေးအကြောင်းများစွာတို့သည် ထက်အောက်ကန့်လန့်ဖြတ်သန်းလျက် ရှိသည်ကို တွေ့ရပေလိမ့်မည်။ ဤအရေးအကြောင်းများကိုပင် လက်အမှတ်ဟု ရှေးအစဉ်အဆက်က ခေါ်ဝေါ်ခဲ့ကြသည်။ လက်ဝဲ လက်ယာ နှစ်ဖက်စလုံးကို ကြည့်လျှင် တစ်ဖက်နှင့်တစ်ဖက် မတူသည်ကို တွေ့ရလိမ့်မည်။ သင့်မိတ်ဆွေများ၏ လက်အမှတ်များနှင့် နှိုင်းယှဉ်ကြည့်က လုံးဝပင်မတူ၊ ကွဲပြားနေကြောင်းတွေ့ရလိမ့်မည်။


လက်အမှတ်အကြောင်းများသာမက လက်ချောင်းကလေးများ၏ အတို၊ အရှည်၊ အချွန်၊ အတုတ်၊ လက်ဖဝါး၏အနိမ့်၊ အမြင့်၊ အပျော့၊ အမာ၊ အပူ၊ အအေး၊ အဖြူ၊ အနီ စသည်ဖြင့် တစ်ယောက်နှင့် တစ်ယောက် မတူကြချေ။ လူတစ်ယောက်၏ လက်အမှတ်နှင့် အခြားလူတစ်ယောက်၏ လက်အမှတ်များ လုံးဝ တူညီသည် ဟူ၍ ယနေ့တိုင်မရှိခဲ့ဘူးချေ။ အမြွာပူးမွေးသူများပင် လက်အမှတ် ချင်းမတူကြပေ။ အဘယ်ကြောင့်နည်း၊ လူတစ်ဦးတစ်ယောက်၏ အကျင့်စာရိတ္တ၊ စိတ်နေသဘောထားနှင့် ထိုသူ၏ ဘဝတာတွင် အဆိုးအကောင်း မတူသောကြောင့် လက်အမှတ်တွင် မတူနိုင်ချေ။ လူတစ်ဦး၏ တစ်သက်တာတွင်အရေးအကြီးဆုံးဖြစ်သော အသက် အတိုအရှည်၊ ပညာရေး၊ စီးပွားရေး၊ အလုပ်အကိုင် အဆင့်အတန်း စသည်တို့မှာ လက်အမှတ်တွင် ထင်ရှားစွာပြလျက်ရှိသဖြင့် ရှေးကမ္ဘာဦး အစကပင် လက်အမှတ်ပညာကို လေ့လာခဲ့ကြလေသည်။


ဂေါတမမြတ်စွာဘုရား၏ အလောင်တော် သိဒ္ဓတ္ထမင်းသားဖွားမြင် ၍ ကင်ပွန်းတပ်မင်္ဂလာပြုသောအခါ လက္ခဏာဖတ် ပုဏ္ဏားရှစ်ယောက်တွင် ခုနစ်ယောက်သော ပုဏ္ဏားတို့က လက်နှစ်ချောင်းကိုထောင်၍ ဤမင်းသား သည် လူထင်ရှား ဘုရားသော်လည်းကောင်းဖြစ်ရမည်၊ သို့မဟုတ် ဇမ္ဗူဒီပါ ကျွန်းအလုံးကိုအစိုးရသော စကြဝတေးမင်းသော်လည်းကောင်း ဖြစ်ရမည်ဟု ဟောကြသည်။ ရှစ်ယောက်မြောက် အငယ်ဆုံးဖြစ်သော ကောဏ္ဍညနွယ်ဖွား သုဒတ္တပုဏ္ဏားကမူ လက်ည|ိုးတစ်ချောင်းကိုထောင်ကာ ဘုရားစင်စစ် မုချဖြစ်ရ မည်ဟု ဟောဆိုခဲ့သည့်အတိုင်း ဗုဒ္ဓဘုရားဖြစ်၍ လူနတ်ဗြဟ္မာ သတ္တဝါအများကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူခဲ့လေသည်။ လက်အမှတ်ပညာရှိ ဗုဒ္ဓဝါဒီတို့သာမဟုတ် အရှေ့တိုင်းယဉ်ကျေးမှု စတင်ခဲ့ရာ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ စသောအာရှတိုက်နိုင်ငံအားလုံးနှင့် အနောက်တိုင်းယဉ်ကျေးမှု စတင်ခဲ့ရာ အီဂျစ်၊ ဂရိ၊ ရောမ စသော နိုင်ငံ တို့တွင် အင်ပိုင်ယာကြီးများ ထွန်းကား၍ ယဉ်ကျေးမှုများစတင်ခဲ့သောအခါ ကလည်း ဤလက်အမှတ်ပညာကို လိုက်စားခဲ့ကြလေသည်။ အမှန်အားဖြင့် ရှေးကမ္ဘာဦး အစကပင် စတင်ခဲ့သည်ဟု ဆိုရပေမည်။


ကမ္ဘာပေါ်ရှိ ယဉ်ကျေးသော နိုင်ငံအားလုံးတွင် လူ့ဘဝကို သုံးသပ် ဆင်ခြင်ခဲ့သည်မှစ၍ လက်အမှတ်ပညာ ပေါ်ပေါက်ခဲ့လေသည်။ ခရစ် မပေါ်မီ အနှစ်ထောင်ပေါင်းများစွာကပင် တရုတ်လူမျိုးတို့သည် မိမိတို့၏ ဘုရားကျောင်းများ၌ လက်ဝါးပုံများတွင် လက်အမှတ်ကြောင်းများကို ထု လုပ်ထားခဲ့ကြလေသည်။ ထို့အတူပင် ဂျပန်၊ ပါးရှင်း၊ ဟိန္ဒူလူမျိုး တို့သည် လက်ပုံများကို ထုလုပ်ခဲ့ကြလေသည်။ ဂျပန်နိုင်ငံရှိ အိုဆာကာ ရဲတိုက်ကြီး တွင် ဂျပန်သူရဲကောင်း ဗိုလ်မှူးကြီးများ၏ လက်အမှတ် ပုံများနှင့် ယင်းတို့၏ ဝတ်စားတန်ဆာများကို ယနေ့တိုင် တွေ့မြင်နိုင် ပေသည်၊ ဟိန္ဒူလူမျိုး ရှေးပညာရှိကြီးများသည် လူတို့၏ ကိုယ်ခန္ဓာကြန် အင်လက္ခဏာ အချိုးအစားကိုကြည့်၍ အကျင့်စာရိတ္တ ဆင်းရဲချမ်းသာ စသည်တို့ကို ဟောပြောခဲ့ကြလေသည်၊ ဤပညာရပ်များကိုပြသော သာမု ဒြိကကျမ်းများရေးသား၍ ထားခဲ့ကြလေသည်။ ဤသို့ ကိုယ်အင်္ဂါအစိတ် အပိုင်းကို ခွဲခြားဟောဆိုရသော သာမုဒြိကကျမ်းများမှတစ်ဆင့် လက်ဝါးပြင် ကို ကြည့်ရသော ဟတ္ထရိကခေါ် လက်အမှတ်ပညာများ ပေါ်ပေါက်ခဲ့လေ သည်။ ဗေဒင်ပညာအားဖြင့် အဆိုးအကောင်းစသည်တို့ကို တွက်ချက် ကြည့်ရှု ပြီးနောက်၊ လက်ဝါးပြင်တွင် လေ့လာမှတ်သားလာခဲ့ရာ နှစ်ပေါင်းများစွာ ကြာသောအခါ လက်ဝါးပြင်ရှိ လက်အမှတ်ကို ကြည့်ခြင်းဖြင့် အဆိုးအကောင်းကို နားလည်လာကြလေသည်။ ပုံပမာ ဇာတာပြင်တွင် ကြာသပတေးဂြိုဟ်သည် ဥစ်၊ ကသစ်၊ တြိဂုဏ်းရခြင်း သို့မဟုတ် ကိန်းအိမ်၊ ဥပ္ပစ္စည်းအိမ်တွင်နေခြင်း၊ သို့မဟုတ် ဥစ်နဝင်း စီးလျက် တြိကောဏအိမ်နေခြင်း စသည်တွေ့ရက ကြာသပတေးဂြိုဟ် အားကောင်းသည့်အတိုင်း လက်ဝါးပြင်တွင်ရှိသော ကြာသပတေးကွက် သည် အထူးပင်မြင့်မောက်တက်ကြွနေ၍ နှိပ်ကြည့်လျှင် တင်းမာ၍ အားရှိကြောင်း ပြနေပေသည်။ ဤသို့လျှင် ဗေဒင်နည်းအတိုင်း တနင်္ဂနွေ၊ တနင်္လာ စသောဂြိုဟ်များ၊ မိဿ ပြိဿ စသော ရာသီကွက်များ၊ လဆန်း လဆုတ် စသော တိထီများကိုပါ လက်ဝါးပြင်တွင် ကန့်သတ် ခွဲခြားပြထားသဖြင့် ဟိန္ဒူလက်အမှတ်ပညာသည် ကမ္ဘာပေါ်တွင် အစုံ အလင်ဆုံးဖြတ်နေ၍ မှန်ကန်လှသည်။


အနောက်တိုင်း လက်အမှတ်ပညာမှာမူ မျက်မြင်လက်တွေ့ လေ့လာခဲ့ရာမှ ပေါ်ပေါက်လာခဲ့လေသည်။ ပုံစံအားဖြင့် လူသတ်မှုကျူးလွန်သူတိုင်း၏ လက်အမှတ်ကို အနှစ် ၂ဝ ခန့် လေ့လာပြီးနောက် လူသတ်သူတိုင်းတွင် ထပ်တူ တူညီသော လက်အမှတ်များစွာကို တွေ့ရှိလာလေသည်။ နောင်အခါတွင် အခြားလူတစ်ဦး၌ ထိုလက်အမှတ်မျိုးပါလာလျှင် လူသတ်မှု ကျူးလွန်လိမ့်မည်ဟု ဟောဆိုခဲ့ရာ မုချမှန်ကန်ကြောင်း သိလာကြလေသည်။


ဤသို့ တစ်ဆင့်တစ်ဆင့် ရှာဖွေတိုးတက်လာပေသည်။ သီဗြူလူမျိုးတို့၏ မူလလက်ဟောင်း သမ္မာကျမ်းစာ ဂျိုဗ (ယောဘ)ဝတ္ထု၊ အခန်း ၃၇၊ လက‡ာပိုဒ် ၇ ၌ ဤသို့ရေးပြထားပေသည်။ထာဝရဘုရားသခင်သည် လူအားလုံးတို့အား မိမိတို့၏ လုပ်ငန်းတာဝန်များကို သိနိုင်စေရန် သားသမီးများ၏ လက်ဝါးပြင်တွင် လက်အမှတ်များကို ထားပေးတော် မူသည်ဤသို့ ရှေးခေတ်က စတင်ခဲ့သော လက်အမှတ်ပညာရပ်များသည် အီဂျစ်၊ ဂရိ၊ ရောမစသော ရှေးဟောင်းနိုင်ငံကြီးများတွင် များစွာပင် ထွန်း ကားခဲ့လေသည်။


ရှေးဟောင်းသမိုင်းများကို ပြန်လည်ကြည့်ရှုခဲ့သော် ဟစ္စပါနပ် သည် ဂရိလူမျိုးတို့ ဟားမီးနတ်သားအားရည်စူး၍ ဆောက်လုပ်ထားသော ပလ္လင်ပေါ်တွင် လက်အမှတ်ပညာကို ရွှေစာလုံးများဖြင့်ရေးထားသော ကျမ်း တစ်စောင်ကိုတွေ့ရရာ မြင့်မြတ်သောပညာရှင်တို့ ဂရုတစ်စိုက် ဖတ်ရှုသင့် သော ပညာရပ်တစ်ခုအဖြစ်ဖြင့် ဧကရာဇ်ဘုရင် အယ်လက်ဇန္ဒားအား ဆက်သခဲ့လေသည်။


ရောမစစ်သူကြီး ဂျူးလယပ်ဆီဇာသည် လက်အမှတ်ပညာကို ကောင်းစွာတတ်မြောက်ခဲ့လေသည်။ တစ်ရံရောအခါ နိုင်ငံခြားမှ မင်းသား တစ်ပါး လာရောက်ခစားစဉ် ထိုမင်းသား၏ လက်အမှတ်ကိုကြည့်၍ သင် ၏လက်အမှတ်တွင် မင်းသားအစစ်ဖြစ်သော အမှတ်မပါချေ။ လူလိမ်သာဖြစ်သည် ဟုဆိုကာ နှင်ထုတ်ခဲ့လေသည်။ ခရစ် ၁၅⁠၅၉ ခုနှစ်၊ ဇန်နဝါရီလလ ၁၄ ရက်နေ့တွင် နန်းတက်ခဲ့ သော အဂ‡လန်ပြည့်ရှင် ဘုရင်မကြီး ပထမအယ်လစ်ဇဗက်သည် ၁၆၈ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် နန်းသုံးဗေဒလက္ခဏာဆရာကြီး ဒေါက်တာ ဂျွန်းဒီးအား လက်အမှတ်ကြည့်စေရာ စပိန်နိုင်ငံကရန်ပြု၍ ရေ တပ်ကြီးဖြင့် လာရောက်တိုက်ခိုက်မည့်အကြောင်း ဟောပြောခဲ့လေသည်။ ထို့ကြောင့်ပင် ဘုရင်မကြီးသည် ချက်ချင်း ရေကြောင်းဗိုလ် ရောလီအား ခေါ်ယူ၍ မီးဖောင် မီးတင် သဘေ‡ာများစွာကို ပို့စမတ်မြို့တွင် အဆင်သင့် လုပ်ထားစေလေသည်။ ထို့ကြောင့်ပင် စပိန်နိုင်ငံမှ အာမာဒါရေတပ်ကြီး ချီ တက်လာ၍ အင်္ဂလန်ကို တိုက်ခိုက်သောအခါ အင်္ဂလန်က နိုင်လိုက်လေ သည်။


လက်အမှတ်ပညာသည် ကမ္ဘာတစ်ဝန်းလုံး ပျံ့နှံ့လျက်ရှိ၍ ယင်း ပညာကို ပညာရှိကြီးများစွာတို့ လေ့လာလျက်ရှိကြသည်။ လက်အမှတ်ဟော ရန် မဟုတ်သေးသော်လည်း ကမ္ဘာအရပ်ရပ်ရှိ စုံထောက်နှင့် ရဲဌာနများသည် လူဆိုးများ၏ လက်ဗွေပုံစံကို ယူထားခြင်းဖြင့် နောင်အခါ အလွယ်တကူ ထိုလူဆိုး၏အကြောင်းကို ယခင်က လက်ဗွေပုံစံနှင့် တိုက်ကြည့်ခြင်းဖြင့် သိခဲ့ရာ ယခုအခါ တစ်ကမ္ဘာလုံးပင် အသုံးပြုလျက်ရှိကြသည်။ လူတိုးသန်း ပေါင်းများစွာရှိသော်လည်း တစ်ဦးနှင့်တစ်ဦး၏ လက်ဗွေများမှာ လုံးဝမတူ ကြချေ။


လက်မှတ်ဖတ်ရာတွင် လက်ဝါးပုံ၊ လက်ချောင်းကလေးများပုံကို ကြည့်၍ဖတ်ရသော လက်ပုံဖတ်ပညာနှင့် လက်အမှတ်အကြောင်းများကို ကြည့်၍ဖတ်ရသော လက်အမှတ်ကြောင်းဖတ်ပညာဟူ၍ နှစ်ပိုင်းခွဲထားသည်။ လက်ချောင်း လက်ဝါးပုံသဏ္ဌာန်များသည် လူတစ်ယောက်၏ မျိုးရိုးစရိုက်နှင့် ထူးခြားသည့် အရည်အချင်းများကိုပြသည်။ မြင်းတစ်ကောင် ကို မြင်လျှင်မြင်ခြင်းပင် ပြိုင်မြင်းဖြစ်မည်၊ ရထားဆွဲရသောမြင်းဖြစ်မည် စသည်ဖြင့် မြင်း၏ခြေတံ လက်တံကို မြင်ခြင်းဖြင့် ထိုးမြင်းသည် မည် သည့်အလုပ်လုပ်၍ မည်သည့်အဆင့်အတန်းတွင် နေရမည်ကို သိနိုင်သကဲ့ သို့ပင် လူတို့တွင်လည်း လက်ချောင်းများကို ကြည့်ခြင်းအားဖြင့် မည်သည့် အဆင့်အတန်း အလုပ်အကိုင်တွင် လုပ်ကိုင်ရမည်၊ အလုပ်ကြမ်းလုပ်ရမည်၊ စိတ်အလုပ်ကိုလုပ်ရမည် စသည်ကို ခွဲခြားသိမြင်နိုင်ပေသည်။ ပုံပမာ တို တောင်းတုတ်ခိုင်သော လက်ချောင်းများရှိသူမှာ ရှည်လျားလှပသော လက် ချောင်းရှိသူနှင့် လုံးဝမတူနိုင်ချေ။

ပထမပိုင်း[ပြင်ဆင်ရန်]

လက်ပုံဖတ်နည်း။ ။ လက်ပုံကို ခုနစ်မျိုးခွဲခြားထားပေသည်။

  1. အောက်တန်းစား လက်မျိုး။
  2. လေးထောင့်ပုံလက် သို့မဟုတ် အသုံးဝင်သောလက်မျိုး။
  3. ငြုတ်ကျည်ပွေ့လက်ပုံ သို့မဟုတ် လှုပ်ရှားထကြွသော လက်မျိုး။
  4. ပညာရှာဖွေသူ လက်ပုံ၊ သို့မဟုတ် အဆစ်များကြီးထွားသော လက်မျိုး။
  5. အရင်းတုတ်၍ အဖျားဖက် ချွန်းသွားသော လက်ပုံ သို့မဟုတ် လှပသော လက်မျိုး။
  6. စိတ်ကူးယဉ်သူ့ လက်ပုံ သို့မဟုတ် စိတ်ကူးနှင့်သာ ပျော်မွေ့လွမ်းဆွတ်တတ်သည့် လက်မျိုး။
  7. ရောနှောနေသော လက်ပုံ။
  • ယဉ်ကျေးသော လူမျိုးကြီးများတွင် အောက်တန်းစားလက်မျိုး အနည်းငယ်သာ တွေ့ရသည်။ များသောအားဖြင့် လက်ဖဝါးပုံနှင့် လက်ချောင်းပုံများ ရောနေသူများသည်။

(၁) အောက်တန်းစား လက်မျိုး[ပြင်ဆင်ရန်]

လက်ဝါးသည် ထူထဲ၍ လက်ချောင်းများ တုတ်တို⁠တိုရှိ၏။ အရုပ်ဆိုးပုံရသည်။ လက်သည်းများမှာလည်း အရုပ်ဆိုး လှသည်။ လက်မသည် အထူးပင်တုတ်တိုသည်။ ဤလက်မျိုးမှာ လူဖြစ်ရုံမျှသာရှိသည်။ စားသောက်အိပ်လျက် အလုပ်ကြမ်း လုပ်ကိုင်ခြင်းမှတစ်ပါး မည်သည့်ပညာကိုမျှ ဝါသနာမထုံချေ။ စဉ်းစားဉာာဏ်မရှိ၊ တိရစ္ဆာန်လောကနှင့် အနီးဆုံးပင်ဖြစ်သည်။ လက်အမှတ် ကြောင်း နှစ်ကြောင်း၊ သုံးကြောင်းပါရှိသည်။

(၂) လေးထောင့်ပုံလက် သို့မဟုတ် လက်တွေ့လုပ်ကိုင်တတ်သော လက်မျိုး[ပြင်ဆင်ရန်]

မှာ လက်ဝါးသည် လေးထောင့်ပုံဖြစ်၍ လက်ချောင်းကလေးများ၏ အရင်း နှင့် ထိပ်တို့သည်လည်းကောင်း၊ လက်သည်းများသည်လည်းကောင်း လေး ထောင့်ပုံရှိသည်။ သတိ ဝီရိယရှိ၍ လက်တွေ့လုပ်ကိုင်တတ်သူဖြစ်သည်။ စည်းကမ်းစနစ်ကြီး၍ တရားဥပဒေကို ရိုသေသူဖြစ်သည်။ အထူးသဖြင့် စီးပွားရေး အလုပ်အကိုင်တွင် လုပ်ကိုင်သူများဖြစ်သည်။

(၃) ငြုတ်ကျည်ပွေ့လက်ပုံ[ပြင်ဆင်ရန်]

မှာ လက်ချောင်းကလေးများသည် အဖျားတွင် ငြုတ်ကျည်ပွေ့ကဲ့သို့ ကား၍ထုတ်နေသည်။ လက်ဝါးသည် အရင်းဖက်ကဖြစ် စေ၊ အဖျားဖက်ကဖြစ်စေ ပို၍ကျယ်ပြန့်ကာ ကားနေသည်။ အမြဲတစေ လှုပ် ရှားထကြွခြင်း၊ အသစ်အဆန်း တီထွင်လိုခြင်း၊ ခွန်အားဗလကြီးခြင်း၊ လွတ် လပ်မှုကို ကြိုက်နှစ်သက်ခြင်းကိုပြသည်။ အင်ဂျင်နီယာကြီးများ၊ ကမ္ဘာလှည့် သူများ၊ အသစ်အဆန်း ပညာရပ်များကို တီထွင်သူများပင်ဖြစ်သည်။ မည်သည့်အလုပ်လုပ်စေကာမူ ရှေးစနစ်များကို ချိုးဖျက်၍ အသစ်အဆန်း စတင်တီထွင်သူဖြစ်လာသည်။

(၄) ပညာရှာဖွေသူ၏ လက်ပုံ[ပြင်ဆင်ရန်]

မှာ လက်ဝါးသည်ရှည်လျား၏။ လက်ချောင်း များသည် ရှည်လျား၍ အဆစ်များတွင် အရိုးများကြီးကား ထွက်နေသည့်ပြင် လက်သည်းများမှာ ရှည်လျားသည်။ လောကီစည်းစိမ်ဥစ္စာထက် ပညာရပ်များ ကိုသာ နက်နဲစွာ ရှာဖွေလိုက်စားသူဖြစ်သည်။ စီးပွားရေးသမား မဟုတ်ချေ။ ရှေးဟောင်းကမ္ပည်းကျောက်စာ ရှာဖွေသူများ၊ သဘာဝတ္ထဗေဒ (ဒဿနိက ဗေဒ) ပါမောက္ခများ၊ တက္ကသိုလ်ရှိ ပါမောက္ခကြီးများ၊ ဓာတုဗေဒ၊ ရုက္ခ ဗေဒ စသည်တွင် ထူးချွန်သူများ၊ စာကြီးပေကြီးများကို ရေးသားသူများတွင် တွေ့ရသည်။ သူတော်ကောင်း ရဟန်းတို့၏ လက်ပုံမျိုးပင်ဖြစ်သည်။

(၅) အရင်းတုတ်၍ အဖျားဖက်ချွန်သွားသော လက်ပုံမျိုး[ပြင်ဆင်ရန်]

မှာ လက်ချောင်း ကလေးများသည် အရင်းပိုင်းတွင် ပြည့်ဖြိုးတုတ်ဝလျက် လက်ဖျားအထိ သေးသွယ်သွားသည်။ လက်ဝါးသည် ပြည့်ဖြိုး၍နူးညံ့သည်။ အပေါင်း အသင်းများသည်၊ စိတ်မြန်သည်၊ ကြေလွယ်သည်။ စိတ်တွင် ရုတ်တရက် ပေါ်သလို ပြုမူတတ်သည်။ စားသောက်ပွဲ၊ ကပွဲများကိုနှစ်သက်သည်။ ပန်းချီ၊ တူရိယာ စသောပညာများကို အထူးပင် ကြိုက်နှစ်သက်သည်။ သို့ ရာတွင် ဇွဲမရှိတတ်ချေ။ အပြောကောင်းသည်။ လူချစ်လူခင်ပေါသည်။ အများနှင့် သက်ဆိုင်သည့် နာမည်ကျော် အလုပ်အကိုင်များတွင် လုပ်ကိုင် ရသူဖြစ်သည်။

(၆) စိတ်ကူးယဉ်သူ၏ လက်ပုံမှာ လက်ချောင်းကလေးများ[ပြင်ဆင်ရန်]

သည် သေးသွယ် ရှည်လျားချောမွတ်နေ၏။ လက်ဖျားကလေးများချွန်၍ လက်သည်းမှာလည်း ရှည်လျားလျက် အရင်းအဖျားဖက်တွင် ဝိုင်းချွန်နေသည်။ အလွန်လှပသည့် လက်ဖြစ်၏။ သို့ရာတွင် လောကီအလုပ်များနှင့်မသင့်တော်။ စိတ်ကူးယဉ်နေ သူများသာဖြစ်သည်။ စိတ်သဘော နူးညံ့သိမ်မွေ့၍ သည်းခံတတ်သည်။ သူ တစ်ပါးကို ယုံလွယ်သည်။ ထို့ကြောင့် သူတစ်ပါး၏ အလိမ်ကိုခံရ၍ ပျက် စီးတတ်လေသည်။ အယူဝါဒတွင် အထူးယုံကြည်၍ ကံကို ယိုးမယ်ဖွဲ့လျက် စိတ်ကူးယဉ်တတ်သဖြင့် လောကီကြီးပွားရေးတွင် တိုးတက်ပြိုင်ဆိုင် လုပ် ကိုင်လိုစိတ်မရှိချေ။ မှော်အတတ်၊ နတ်ဝင်သည်၊ မျက်လှည့် စသောပညာ များကို စွဲလမ်းတတ်သူဖြစ်သည်။ များသောအားဖြင့် မိန်းမများတွင် တွေ့ရ သည်။ လူ့ဘောင်ကို ပယ်ခွာကာ သူတော်သူမြတ်လုပ်၍ဖြစ်စေ၊ လူ့ကိစ္စကို ပယ်ခွာ၍ဖြစ်စေ လူ့ဘဝကို စွန့်ခွာတတ်သူများဖြစ်သည်။ ယခုခေတ်တွင် ဤလက်မျိုး ရှားပါးလှပေသည်။ အနီးစပ်ဆုံးတူသည့် လက်များသာ တွေ့ရ သည်။

(၇) ရောနှောနေသောလက်[ပြင်ဆင်ရန်]

မှာ အထက်ပါ လက်မျိုးအားလုံးရောစပ်နေသည့် လက်ပုံပင်ဖြစ်သည်။ လက်တစ်ချောင်းသည် အဖျားချွန်၍ တစ်ချောင်းမှာ အဖျားတုတ်လျက် ငြုတ်ကျည်ပွေ့ပုံ စသည်ဖြင့် ကွဲပြားနေသည့် လက် ပင်ဖြစ်သည်။ အစစအရာရာ တတ်မြောက်သူဖြစ်သော်လည်း အလုပ်အကိုင် မကြာခဏ ပြောင်းလွဲတတ်သဖြင့် ပျက်စီးတတ်သည်။ လူ့ဘဝ၏ ဆင်းရဲ ချမ်းသာကို ဂရုမစိုက်တတ်ချေ။ ဖြစ်သလိုနေတတ်သော သူမျိုးပင်ဖြစ်သည်။ မည်သည့်အလုပ် မည်သည့်အခြေတွင် လုပ်ကိုင်နေထိုင်ရစေကာမူ အလွယ် တကူပင် နေနိုင်သူပင်ဖြစ်သည်။ ဤသို့လျှင် လက်ခုနစ်မျိုး ခွဲခြားထားစေကာမူ လက်ဝါးသည် လေးထောင့်ဖြစ်၍ လက်ချောင်းသည် ပညာရှာသူလက်ချောင်း သို့မဟုတ် လှပသည့် လက်ချောင်းများဖြစ်နေမူ အဓိပ္ပာယ်တစ်မျိုး ပြောင်းသွားလေ သည်။ ထို့ပြင် လက်ဝါးတွင်ရှိသည့် လက်အမှတ်ကြောင်းများနှင့် ပေါင်းစပ် ယူမှသာ အမှန်ကိုရနိုင်ပေသည်။

ဒုတိယပိုင်း[ပြင်ဆင်ရန်]

လက်အမှတ်ကြောင်းဖတ်နည်း[ပြင်ဆင်ရန်]

လက်ဝါးပြင်ရှိ လက်အမှတ်ကြောင်း များမှာ လက်ပုံစံအနေအထားထက်ပင် နက်နဲကျယ်ဝန်းလှသည်။ လက် အမှတ်ကြောင်းတိုင်း၏ စပုံ၊ ဆုံးပုံ၊ ကွေ့ကောက်ပုံ၊ လမ်းကြောင်းခွဲသွားပုံ စသည်ဖြင့် အထူးပင် အဓိပ္ပာယ်ကျယ်ဝန်းလှပေသည်။ အရေးအကြီးဆုံး လက်အမှတ်ကြောင်းများမှာ -

  1. အသက်နှင့်ဆိုင်သည့် လမ်းကြောင်း၊ အာယုလေခ၊
  2. ဉာဏ်ပညာနှင့် ဆိုင်သည့် လမ်းကြောင်း၊ ဉာာဏလေခ၊
  3. နှလုံးသားမေတ္တာနှင့် ဆိုင်သော လမ်းကြောင်း၊ ဟဒယ လေခ၊
  4. ကံကြမ္မာနှင့် ဆိုင်သော လမ်းကြောင်း၊ ကမ္မလေခ၊
  5. အောင်မြင်ကြီးပွား ထွန်းကားခြင်းနှင့် ဆိုင်သော လမ်းကြောင်း၊ ဇေယျ

လေခ၊

  1. အနာရောဂါ ပြသော လမ်းကြောင်း၊ ရောဂလေခ၊
  2. လက်ထပ်ထိမ်းမြားခြင်းကိုပြသော လမ်းကြောင်း၊ ဝိဝါဟလေခ တို့ပင်

ဖြစ်သည်။

(၁) အာယုလေခသည် လက်ညှိုး၏ အောက်နားမှလက်မရင်းကို ပတ်ဝိုင်း၍ လက်ဝါးအောက်ပိုင်းဆီသို့ ဆင်းသွားသောလမ်းကြောင်းပင်ဖြစ်သည်။ လူ့ ဘဝ၏ အခြေအနေသဘောထားနှင့် ကိုယ်ခန္ဓာ၏သန်စွမ်းခြင်း၊ အားနည်း ခြင်း၊ အသက်တိုခြင်း ရှည်ခြင်းကိုပြသည်။ သာမန်အားဖြင့် လူ၏ သက် တမ်းကိုပြသည်။ သို့ရာတွင် အခြားလမ်းကြောင်းများကြောင့်လည်း သေ တတ်ပေသေးသည်။


(၂) ဉာဏလေခမှာ လက်ည|ိုးနှင့် လက်ခလယ်ကြားမှ လက်ဝါးကို ကန့် လန့်ဖြတ်၍ လက်ဖဝါး၏အလယ်တွင် ဘေးဘက်ဆီသို့သွားသော လမ်း ကြောင်းပင်ဖြစ်သည်။ လူတစ်ဦး၏ ပညာ၊ စိတ်ကူးဉာာဏ်၊ စိတ်နေသဘော ထား၊ အကျင့်စာရိတ္တ၊ လူ့ဘဝ၏ ရည်ရွယ်ချက်ကိုပြသည်။ အရေးအကြီးဆုံး လက်အမှတ်ကြောင်းပင်ဖြစ်သည်။ ထိုသူ့ဦးနှောက်၏ အသုံးချမည့် လုပ်ငန်း နှင့် အဆင့်အတန်းကို သေချာစွာပြလျက်ရှိသည်။ ဦးနှောက်နှင့်ဆိုင်သည့် တိုးတက်မှု ထိခိုက်မှုကိုပြသည်။


(၃) ဟဒယလေခမှာ လက်ည|ိုးနှင့် လက်ခလယ်ကြားမှ လက်ချောင်းများ အနီးဆုံးနေရာတွင် လက်ဝါး၏ ဘေးဘက်သို့သွားသော လမ်းကြောင်းပင် ဖြစ်သည်။ ထိုလမ်းကြောင်းသည် ကာမဂုဏ် တဏှာရာဂနှင့် မစပ်လျဉ်း သည့် သန့်ရှင်းသော ချစ်မေတ္တာစိတ်ထား၏ အနည်းအများ၊ သစ္စာရှိ မရှိ၊ လူချစ်လူခင် ပေါ မပေါ ကိုပြသည်။ နှလုံးနှင့်ဆိုင်သော ရောဂါအကြောင်း ကိုလည်းပြသည်။


(၄) ကမ္မလေခမှာ လက်ကောက်ဝတ်ဆီမှ လက်ဝါးအလယ်တွင် စတင်၍ အထက်ဘက် လက်ခလယ်ဆီသို့ တက်သွားသော လမ်းကြောင်းပင်ဖြစ် သည်။ လူတစ်ယောက်၏ စီးပွားရေး၊ စစ်ပွဲတွင် အောင်မြင်မှု၊ ဆုံရှုံးမှု၊ ကံကောင်းမှု၊ ကံဆိုးမှုများနှင့် ငါးတည်းဟူသောစိတ်ဖြင့် ကြိုးစားလုပ်ကိုင် လျက်အရာရာ တိုးတက်မှုကို ကြိုးစားလေ့ရှိသော လက်အမှတ်ကြောင်းပင် ဖြစ်သည်။ ထိုအမှတ် ပါရုံမျှဖြင့်ကား ချမ်းသာသူ တစ်ထစ်ချ မဖြစ်နိုင်ချေ။


(၅) ဗေယျလေခမှာ လက်သူကြွယ်ဆီသို့ လက်ဝါးပြင်မှတက်သွားသော လမ်းကြောင်းပငြ်ဖစ်သည်။ တချို့မှာ လက်ဝါးအရင်းကစ၍တက်သည်။ တချို့မှာ လက်ဝါးအလယ်လောက်မှပေါ်လာ၍ လက်သူကြွယ်ဆီသို့ တက် သွားသည်။ တချို့မှာ ကမ္မလေခ၊ ဟဒယလေခမှ ပေါ်ထွက်လာလျက် လက် သူကြွယ်ဆီသို့ တက်သွားသည်။ ထင်ပေါ်ကျော်စောခြင်း၊ ငွေကြေးချမ်းသာ ခြင်း၊ ရာထူးဂုဏ်ထူးနှင့် ပြည့်စုံခြင်းကိုပြသည်။ အချုပ်အားဖြင့် မိမိရည် ရွယ်သည့်ဆန္ဒအတိုင်း အကျိုးပေးခြင်းကိုပြသည်။ ဤဇေယျလေခပါခဲ့လျှင် အောက်တန်းစားတောသားပင်ဖြစ်စေ တစ်နေ့တွင် ကြီးပွားထွန်းကားလာရ မည် မုချပင်ဖြစ်သည်။


(၆) ရောဂလေခမှာ လက်ဝါးအရင်းဘက်သို့ လက်သန်းဆီမှ ဆင်းသက်သွား သော လမ်းကြောင်းပင်ဖြစ်သည်။ အနာရောဂါမျိုး အကြောင်းကိုပြ၍ စိတ် တွင်ခံစားတွေ့ကြုံရသော အာရုံကြောများအကြောင်းကိုပါပြသည်။ လူတစ် ယောက်၏ ကျန်းမာရေးနှင့် စိတ်လှုပ်ရှားမှုအတိုင်း တိုးတက်ထင်ရှားလာ ခြင်း၊ ပျောက်ကွယ်သွားခြင်း စသည်ဖြင့် လျင်မြန်စွာ ပြောင်းလွဲတတ် ဆုံးသော လက်အမှတ်ကြောင်းပင်ဖြစ်သည်။


(၇) ဝိဝါဟလေခမှာ လက်သန်းရင်းနှင့် ဟဒယလေခစပ်ကြားတွင် လက် ဖနောင့်ဘက်၌ ထင်နေသည့် လမ်းကြောင်းတိုများဖြစ်သည်။ ထိုလမ်း ကြောင်းများရှိသည့် အချိန်ကာလတွင် လက်မထပ်စေကာမူ လက်ထပ် လောက်အောင် အချစ်ကိစ္စ၊ အိမ်ထောင်ရေးကိစ္စများ ပေါ်ပေါက်ခြင်းကိုပြ သည်။ အထင်ရှားဆုံး၊ အရှည်လျားဆုံး လမ်းကြောင်းသာလျှင် အိမ်ထောင် ပြုသည့်လမ်းကြောင်းဖြစ်သည်။ အိမ်ထောင်ရေးတွင် ဤလမ်းကြောင်းအပြင် အခြားများစွာသော လမ်းကြောင်းများကိုပါ ထည့်သွင်းတွက်ချက်ယူရသည်။ ဤကဲ့သို့ အရေးကြီးလှသော လမ်းကြောင်းကြီးများအပြင် ဒုတိယ အရေးကြီးသော လမ်းကြောင်းများမှာ

  1. အသက်ရှည်ရန် အထောက်အပံ့ ပေးသော အာယူလေခကလေး၊
  2. အလွန်အမင်းချစ်ခင်တတ်၍ အနုပညာ ကို စိတ်ဝင်စားသော သောကြာခါးစီးလမ်းကြောင်း၊
  3. သူတစ်ပါးအား သတ်ဖြတ်လိုခြင်း၊ မိမိကိုယ်တိုင် သတ်သေလိုခြင်း၊ မိုက်မဲခြင်းများကိုပြ

သော စနေကွင်းလမ်းကြောင်း၊

  1. ကျန်းမာရေး အားကောင်း မကောင်းပြသော လက်ကောက်ဝတ်နေရာရှိ လက်ကောက်ပုံ လက်အမှတ်တန်းသုံး

ကြောင်း၊

  1. အာရုံငါးပါးကို လိုက်စားခုံမင်ကြောင်းကိုပြသော ကာမဂုဏ်

လမ်းကြောင်း၊

  1. တစ်စုံတစ်ခုဖြစ်မည့် ကိစ္စမှန်သမျှကို စိတ်တွင် ကြိုတင်

သိမြင်တတ်၍ နတ်မျက်စိ၊ နတ်နားရဘိသကဲ့သို့ အမှန်ကို ကြိုတင်ထင်မြင် တတ်သော နိမိတ်ပြလမ်းကြောင်း၊

  1. နက်နဲခက်ခဲသော စိတ်ပညာ၊

လက္ခဏာဗေဒင်၊ မှော်အတတ်၊ အဘိဓမ္မာစသည့် စိန္တာမယပညာများကို လေ့လာလိုက်စားလိုစိတ်ကိုပြသော စိန္တာမယကြက်ခြေ၊

  1. နက်နဲခက်ခဲ

သော စိတ်ပညာ၊ မှော်အတတ်၊ လက္ခဏာဗေဒင် စသည်များကို တကယ်ပင် လေ့လာပြီးနောက် ထူးခြားစွာ တတ်မြောက်နိုင်သည့် စိန္တာမယဂုရုလမ်း ကြောင်းများပင်ဖြစ်ပေသည်။


ဤသည်တို့အပြင် သေးငယ်သော်လည်း အဆိုးအကောင်းကို ပေး နိုင်သော လက်အမှတ်အသားများရှိသေးသည်။ ယင်းတို့မှာ သားသမီးနှင့် ဆိုင်သော လက်အမှတ်၊ ကြယ်သဏ္ဌာန်၊ လေးထောင့်သဏ္ဌာန်၊ ကျွန်း သဏ္ဌာန်၊ စက်ဝိုင်းသဏ္ဌာန်၊ မှိန်းသဏ္ဌာန်၊ သံဆန်ကာအကွက်သဏ္ဌာန်၊ ကြက်ခြေသဏ္ဌာန်၊ နိုင်ငံခြားခရီးသွားရတတ်သည့် လက်အမှတ်၊ ထိခိုက် ရှနာတတ်သည့် လက်အမှတ် စသည်ဖြင့် များစွာပင်ရှိသေးသည်။ အထက်ပါ လက်အမှတ်များကဲ့သို့ပင် အရေးပါသော အခြားလက် အမှတ်များရှိသေးသည်။ ယင်းတို့မှာ လက်ဝါးပြင်ရှိ ဂြိုဟ်ခုံများဖြစ်သည်။ လက်ဝါးပြင်ကိုကြည့်က အချို့နေရာများ ဖောင်းကြွတက်နေသော မို့မောက် သည့် နေရာများကို တွေ့ရလိမ့်မည်။ လက်အမှတ်ပညာသည် ဗေဒင်ပညာမှ ပေါက်ဖွားလာသည့်အတိုင်း ဤမို့မောက်နေသည့်နေရာများကို တနဂ‡နွေမှ စနေအထိ ဂြိုဟ်တို့အုပ်စိုးရာနေရာဟု အသိအမှတ်ပြု၍ ထိုဂြိုဟ်တို့အစိုးရရာ ဂြိုဟ်ခုံများဟု ခေါ်ဆိုပိုင်းခြားထားလေသည်။


  • (၁) လက်ည|ိုးရင်းအောက်ခြေတွင် ကြာသပတေးဂြိုဟ်ခုံရှိသည်။

ထိုနေရာ မြင့်မောက်၍အားကောင်လျှင် 0x100သဇာအာဏာအလိုရှိခြင်း၊ ခေါင်း ဆောင်နိုင်ခြင်း၊ ကြီးမြင့်ထင်ပေါ်လိုခြင်းကိုပြသည်။ ထိုနေရာ နိမ့်ခွက်၍ အားမရှိလျှင် အထက်ပါကောင်းကျိုးများ၏ ဆန့်ကျင်ဘက်ပင်ဖြစ်သည်။ ကြီးမြင့်ထင်ပေါ်လိုခြင်းမရှိ၊ ရှေ့သွားခေါင်းဆောင် မလုပ်လိုသည့် အောက် ကျစိတ်မျိုးရှိသည်။

  • (၂) စနေဂြိုဟ်ခုံမှာ လက်ခလယ်၏အောက်ခြေရှိ ဖောင်းကြွနေ

သော နေရာပင်ဖြစ်သည်။ ထိုစနေဂြိုဟ်ခုံ ဖောင်းကြွကြီးမား၍ အားရှိနေ လျှင် တစ်ကိုယ်တည်းနေလိုခြင်း၊ တိတ်ဆိတ်စွာနေတတ်ခြင်း၊ သတိရှိခြင်း၊ အလုပ်တွင် စိတ်အားထက်သန်စွာ လုပ်တတ်ခြင်း၊ အယူဝါဒဆိုင်ရာကဗျာ လက‡ာများကို နှစ်သက်ခြင်းများ ရှိကြောင်းပြသည်။ အားမရှိနိမ့်ခွက်နေလျှင် ဆန့်ကျင်ဘက် အဓိပ္ပာယ်ယူရသည်။

  • (၃) တနဂ‡နွေဂြိုဟ်ခုံမှာ လက်သူကြွယ်၏အောက်ခြေရှိ ဖောင်းကြွ

နေသောနေရာပင်ဖြစ်သည်။ ထိုဂြိုဟ်ခုံအားရှိလျှင် လှပသောအရာဟူသမျှကို ကြိုက်နှစ်သက်ခြင်း၊ ပန်းချီ၊ ပန်းပု၊ အနုပညာစာပေ စသည်တို့ကို မြတ်နိုး ခြင်း၊ စိတ်သဘောထားကြီး၍ ပျော်ပျော်နေတတ်ခြင်း၊ ချစ်ခင်သူ မိတ်ဆွေ ပေါများ၍ ကြွယ်ဝချမ်းသာခြင်းကိုပြသည်။ အားမရှိ၍ခွက်နေလျှင် ဆန့်ကျင် ဘက် အဓိပ္ပာယ်ယူရသည်။

  • (၄) ဗုဒ္ဓဟူးဂြိုဟ်ခုံမှာ လက်သန်း၏ အောက်ခြေရှိ ဖောင်းကြွနေ

သော နေရာပင်ဖြစ်သည်။ ထိုဂြိုဟ်ခုံအားရှိလျှင် ဖြတ်ထိုးဉာာဏ်ကောင်းခြင်း၊ စကားပြောကောင်းခြင်း၊ သိပ္ပံပညာ၊ ကူးသန်းရောင်းဝယ်ရေး စသည်တွင် အောင်မြင်ထွန်းကားနိုင်ခြင်း စသည်ကိုပြသည်။ ထိုဂြိုဟ်ခုံအားရှိသော်လည်း အခြားလက္ခဏာများက အကျင့်စာရိတ္တမကောင်းကြောင်းပြလျှင် လူလိမ်၊ သူခိုး၊ ခါးပိုက်နှိုက် ဖြစ်တတ်သည်။

  • (၅) သောကြာဂြိုဟ်ခုံမှာ လက်မ၏ တတိယအဆစ်နေရာပင်ဖြစ်

သည်။ အလွန်အမင်း မြင့်မောက်ခြင်းမရှိဘဲ သင့်တင့်ရုံမြင့်မောက်ပါက ချစ် ခင်တတ်ခြင်း၊ ကိုယ်ချင်းစာနာတတ်ခြင်း၊ စိတ်ထားကောင်းမြတ်ခြင်း၊ အလှ အပနှင့် တူရိယာကို နှစ်သက်မြတ်နိုးခြင်း၊ ချစ်ခင်သူပေါခြင်းကိုပြသည်။ အလွန်အမင်း အားကြီးမြင့်မောက်နေက တဏှာစိတ်ဖြင့် ပြင်းထန်စွာ စွဲလမ်းချစ်ခင်ခြင်းကိုပြသည်။ ထိုဂြိုဟ်ခုံအားနည်းက ဆန့်ကျင်ဘက် အဓိပ္ပာယ်ယူရသည်။

  • (၆) တနလ‡ာဂြိုဟ်ခုံမှာ လက်ဖနောင့်ဘက်နှင့် လက်ကောက်ဝတ်

ဆုံရာ လက်ဝါးထောင့်ပင်ဖြစ်သည်။ လက်ဖဝါးအောက်ပိုင်းတွင် သောကြာ ဂြိုဟ်ခုံနှင့် ယှဉ်လျက်ရှိသည်။ ထိုဂြိုဟ်ခုံမြင့်မောက်အားရှိလျှင် ယဉ်ကျေး သိမ်မွေ့ခြင်း၊ ရှုမျှော်ခင်းများကိုနှစ်သက်ခြင်း၊ စိတ်ကူးနှင့် လွမ်းတတ်ခြင်း၊ စိတ်ကူးကောင်းခြင်း၊ စိတ်ကူးဖြင့်ရေးထားသော ပုံပြင် ကဗျာ လက‡ာများကို နှစ်သက်ခြင်း၊ ခရီးသွားလိုခြင်းများကိုပြသည်။ ထိုဂြိုဟ်ခုံအားမရှိလျှင် ဆန့် ကျင်ဘက်အဓိပ္ပာယ်ယူရသည်။

  • (၇) အဂ‡ါဂြိုဟ်ခုံမှာ လက်ယာလက်ဝဲနှစ်မျိုးရှိသည်။ (က) လက်

ယာ အဂ‡ါဂြိုဟ်ခုံသည် လက်ည|ိုးနှင့်လက်မကြားတွင် ကြာသပတေးဂြိုဟ်ခုံ အောက်၌ရှိသည်။ ထိုဂြိုဟ်ခုံအားရှိလျှင် သတ္တိကောင်းခြင်း၊ တိုက်ခိုက်လို သောစိတ်ရှိခြင်း၊ အစစအရာရာ ခပ်ကြမ်း⁠ကြမ်းဖြင့် အောင်မြင်အောင်ပြုလုပ် လေ့ရှိသည်။ အလွန်မြင့်မောက်၍ မာနေက ရန်လိုခြင်း၊ ဒေါသကြီးခြင်းကိုပြ သည်။ အားမရှိပါက ဆန့်ကျင်ဘက်အဓိပ္ပာယ်ယူရသည်။ (ခ) လက်ဝဲအဂ‡ါ ဂြိုဟ်ခုံမှာ လက်ဖနောင့်ဘက် အလယ်တွင် ဗုဒ္ဓဟူးနှင့် တနလ‡ာဂြိုဟ်ခုံတို့ စပ်ကြား၌ရှိသည်။ မြင့်မောက်အားရှိလျှင် စိတ်ကိုနိုင်နင်းခြင်း၊ သမာဓိရှိ ခြင်း၊ ခံနိုင်ရည်ဇွဲကောင်းခြင်း၊ မတရားမှုများ သွေးဆောင်ခြင်းကို တားဆီး နေနိုင်ခြင်း စသည်တို့ကိုပြသည်။ အကယ်၍ အားမရှိက ဆန့်ကျင်ဘက် အဓိပ္ပာယ်ယူရသည်။

ထိုဂြိုဟ်ခုံများမှာ နိမ့်လျက်အားရှိပုံမရသော်လည်း ဂြိုဟ်ခုံများကို ဖြတ်၍ အထက်သို့တက်သော လမ်းကြောင်းများရှိပါက အားရှိသည်ဟု ယူဆရသည်။ လက်အမှတ်ဖတ်ရာတွင် လက်အမှတ် လမ်းကြောင်းများ၊ လက် ဝါး၏ အပျော့အမာ၊ အရောင်အဆင်း၊ လက်ဝါးပုံ၊ လက်ချောင်းပုံ၊ ဂြိုဟ်ခုံ၊ လက်သည်းများ စသည်ကိုပေါင်းစပ်ယူမှသာ မှန်ကန်နိုင်ပေသည်။ တစ်ခု တည်းကြည့်၍ မည်သည့်အခါမျှ မဆုံးဖြတ်ရ။ အစစနှိုင်းဆပြီးမှသာ အမှန် ကို ရနိုင်သည်ဟုဆိုလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)