ရှူးဗတ်၊ ဖရန့်ဇ ပီတာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဖရန့်ဇ် ပီတာ ရှူးဗတ်၏ ပုံတူ
ဖရန့်ဇ် ပီတာ ရှူးဗတ်၏ လက်မှတ်

ရှူးဗတ်၊ ဖရန့်ဇ ပီတာ (ခရစ် ၁၇၉၇-၁၈၂၈)[ပြင်​ဆင်​ရန်​]

အနောက်တိုင်း ဂီတလောကတွင် အမြင့်ဆုံးနေရာ၌ ထားရသော ဂီတအနုပညာရှင်တစ်ဦးဖြစ်သူ ဖရန်ဇပီတာရှူးဗတ် သည် ဩစတြီးယန်းလူမျိုး ဖြစ်သည်၊ ဂီတဝေဖန်ရေး ပုဂ္ဂိုလ် တို့က ရှူးဗတ်သည် ကဗျာအဆန်ဆုံးသော ဂီတပညာရှင်ဟု ဖော်ပြကြသည်။ ရှူးဗတ်အဖို့ သူတွေ့မြင်ရသမျှကို ဂီတအဖြစ် ပြောင်းလဲနိုင်စွမ်းရှိသူ ဟူ၍ပင် ဆိုကြရလောက်အောင် ဂီတ ဘက်၌ ပါရမီထူးချွန်လှသူ ဖြစ်သည်၊ သို့သော် ရှူးဗတ်၏ ဘဝသည် ဥက္ကာ၊ သို့မဟုတ် ကြယ်ပျံတစ်ခုနှင့် နှိုင်းယှဉ်ရပေ မည်။ ကြယ်ပျံသည် ကောင်းကင်၌ ရုတ်တရက် ထိန်ထိန်ညီးမျှ ပေါ်ထွက်လာပြီးလျှင် တစ်ခဏချင်း၌ ချုပ်ငြိမ်းသွားသကဲ့သို့ ရှူးဗတ်၏ဘဝသည်လည်း တစ်ခဏမျှသာ ထွန်းလင်းတောက် ပြောင်ရပြီးသော် ငယ်ငယ်ရွယ်ရွယ်နှင့် ဘဝဇာတ်သိမ်းခဲ့ရသည်၊ ရှူးဗတ်သည် ၃၁ နှစ်အရွယ်အထိသာ အသက်ရှည်ခဲ့၍ တို တောင်းလှသော သူ့ဘဝတစ်သက်တာအတွင်း တေးဂီတအပုဒ် ပေါင်း ၆ဝဝ ကျော်ကို ရေးဖွဲ့သီကုံးခဲ့ရာ ဂီတပြဇာတ်များအပြင် ဆင်ဖနီဂီတ စသောတေးကြီး ဘွဲ့ကြီးသီချင်းကြီး သီချင်းခံများ လည်း ပါဝင်လေသည်။

ဂီတပါရမီ ထူးကဲလှသော ရှူးဗတ်သည် ဆင်းရဲနွမ်းပါး သော မိဘများမှ ဆင်းသက်ပေါက်ဖွားခဲ့သည်။ ၁၇၉၇ ခုနှစ် ဇန္နဝါရီလ ၃၁ ရက်နေ့တွင် မွေးဖွားခဲ့၍ ငယ်စဉ်က ဂီတပညာ ကို ဖြစ်လို သင်ယူခဲ့ရရှာသည်။ ဖခင်ဖြစ်သူ ကျောင်းဆရာ သည် ဂီတသမားလည်းဖြစ်ပေရာ ရှူးဗတ်အား တရောနှင့် ပီယာနိုး တီးနည်းကို မိမိတတ်သမျှ သင်ကြားပေးခဲ့သဖြင့် ရှူးဗတ်သည် ငါးနှစ်သားအရွယ်၌ပင် ဂီတအခြေခံ ရှိနေခဲ့ပြီ ဖြစ်သည်၊ ကျောင်းစာသင်သည့်အရွယ်တွင်လည်း ရှူးဗတ်သည် ကျောင်းစာထက် သီချင်းရေးစပ်ရန်ကို စိတ်အားသန်နေခဲ့လေ သည်။

ရှူးဗတ်သည် ၁၁ နှစ်သားအရွယ်မှ စ၍ ဂီတဘက်၌ ထူးချွန်သည့်အရည်အသွေး ပြလာသည်။ ၁၄ နှစ် အရွယ်တွင် သီချင်းကြီး သီချင်းခံများကို စပ်ဆိုနိုင်၍ ၁၉ နှစ်သားအရွယ် တွင် စပ်ဆိုခဲ့သော သအားလကင်းနှင့် သဝမ်ဒါးရား သီချင်း နှစ်ပုဒ်သည် ရှူးဗတ်၏ အကောင်းဆုံး တေးဂီတ များတွင် ပါဝင်ခဲ့လေသည်။

တေးဂီတများကို ရေးသားစပ်ဆိုခဲ့သော်လည်း ရှူးဗတ် အတွက် အကျိုးခံစားမှု ထိုက်ထိုက်တန်တန် မရခဲ့သည်မှာ ရှူးဗတ်ကွယ်လွန်သည့်တိုင်အောင် ဖြစ်သည်။ ဂီတဝါသနာ အလွန်ထက်သန်လှသော်လည်း ဝမ်းရေးတွက် မလုံလောက် သဖြင့် ဖခင်နှင့်အတူ ကျောင်းဆရာအလုပ် ဝင်၍ လုပ်ကိုင် ရသည်။ ထိုအခါ ဂီတမြတ်နိုး၍ ငွေကြေးပြည့်စုံသူ ဖွန်ရှိုးဗား အမည်ရှိ လူငယ်တစ်ဦးသည် ရှူးဗတ်၏ တေးဂီတများကို နားဆင်ရသဖြင့် နှစ်ခြိုက်သောကြောင့် ရှူးဗတ်အား ကျောင်း ဆရာအလုပ်မှ ထွက်စေပြီးလျှင် တေးဂီတများကိုသာ ရေးသား နိုင်စေရန် ငွေကြေးထောက်ပံ့လေသည်။

ထိုအခါ ရှူးဗတ်သည် တေးဂီတများကို အားသွန်ရေးစပ် သည်။ သို့သော် ဂီတလောကမှ ပုဂ္ဂိုလ်များက ရှူးဗတ်၏ တေးဂီတများကို အားပေးထောက်ခံခြင်း မပြုကြချေ။ ရှူးဗတ် ၏ တေးဂီတများကိုလည်း တန်ရာတန်ဖိုးနှင့် ဝယ်ယူပုံနှိပ် ရောင်းချခြင်းလည်း မရှိကြချေ။ ထိုကြောင့် ရှူးဗတ်သည် မိမိ၏ တေးဂီတများကို တစ်ပုဒ်လျှင် ဆင့် ၂ဝ မျှလောက်ဖြင့် ပင် ရောင်းချခဲ့ရသည်၊ တစ်ခါတွင် မိမိ၏ကြွေးရှင်တစ်ဦးအား ငွေဖြင့် ကြွေးမဆပ်နိုင်သဖြင့် ဂီတပြဇာတ်တစ်ခု ရေးစပ်သီကုံး ၍ ကြွေးဆပ်ခဲ့ရာ ကြွေးရှင်၏အစေခံသည် ထိုဂီတ စာမူများကို မီးမွှေးရန် အသုံးချခဲ့သဖြင့် ရှူးဗတ်၏ လက်ရာကောင်း ဂီတပြ ဇာတ်တစ်ပုဒ်သည် ကမ္ဘာမြေပေါ်မှ အမှတ်မထင် ကွယ်ပျောက် ဆုံးရှုံးခဲ့ရလေသည်။

ရှူးဗတ်သည် မိမိ၏ တေးဂီတများကို ဂီတလာကမှ ထောက်ခံအားပေးခြင်းမရှိ၊ ဂီတစာမူများကို ရောင်းချ၍ တန်ရာ တန်ဖိုး မရရှိဘဲ အပေါစား ဖြစ်ခဲ့ရသည်ကို အလွန်စိတ်မချမ်း မသာ ဖြစ်ခဲ့ရှာသည်။ သို့သော် ဝါသနာကိုကား မစွန့်နိုင်ရှာ။ မိတ်ဆွေ သူငယ်ချင်းများကိုလည်း အလွန်ခင်မင်တတ်သူ ဖြစ် သည်။ သူ့အဖို့ မိမိဝါသနာသန်သော တေးဂီတများကို ရေး စပ်ခြင်း၊ ယင်းတို့ကို သူငယ်ချင်းများအား သီဆိုတီးမှုတ် ခြင်းဖြင့် မိမိ၏ စိတ်မချမ်းသာမှုကို ဖြေဖျောက်ရရှာသည်။ ၁၈၁၈ ခုနှစ်တွင် ကောင့်အက်စတာဟေဇီ၏ သားသမီး များကို ဂီတပညာသင်ကြားပေးရန် အလုပ်ရရှိ၍ ဝင်ငွေလည်း မှန်၊ ဝါသနာပါသော အလုပ်ကိုလည်း လုပ်ရသဖြင့် ရှူးဗတ် သည် အတန်ငယ်စိတ်ချမ်းသာမှု ရရှိသည်၊သို့သော် သူငယ်ချင်း များအပေါ် အလွန်ပြုစုသဖြင့် ရှူးဗတ်သည် ကြွေးမကင်းဘဲ ချောင်ချောင်လည်လည် မနေခဲ့ရရှာပေ။

၁၈၂၁ ခုနှစ်ခန့်တွင် ရှူးဗတ်၏ တေးဂီတများကို အသိ အမှတ်ပြုလာကြ၍ သူ၏ဂုဏ်သတင်း ကျော်ကြားစ ပြုလာ သည်။ ရှူးဗတ်ကား တေးဂီတများကို အပတ်တကုတ် ရေးဖွဲ့ လျက်ပင်ရှိသည်၊ သူ့အဖို့ တစ်နေ့လျှင် တေးဂီတ လေးငါး ခြောက်ပုဒ်ကို ရေးထုတ်ရန် အပန်းမကြီးလှချေ။ ရှူးဗတ် အတွက် တေးဂီတရေးစပ်ရန် တီးလုံးတီးကွက်များကို အစဉ် အမြဲ နားထဲကြားနေရဘိသကဲ့သို့ သီချင်းများကို အစဉ်အမြဲ နားထဲကြားနေ ရဘိသကဲ့သို့ သီချင်းများကို တောက်လျှောက် ရေးချသွားနိုင်သည်။ ၁၈၂၆ ခုနှစ်တွင် သူ၏တေးဂီတများကို လူကြိုက်များလာသဖြင့် ထိုနှစ်တွင် ရှူးဗတ်သည် တေးဂီတ အပုဒ်ပေါင်းများစွာကို ရေးသားခဲ့သည်။ ရှူးဗတ် ကွယ်လွန်မည့် ၁၈၂၈ ခုနှစ်တွင် ရေးသားခဲ့သည့် တေးဂီတများထဲတွင် သူ၏ အကောင်းဆုံးလက်ရာများ ပါဝင်သည်။ ရှူးဗတ်၏ အကောင်း ဆုံးလက်ရာများထဲတွင် ရှေ့၌ ဖော်ပြခဲ့သော တေးဂီတ နှစ်ပုဒ် အပြင် ဆီလဗီယာ မည်သူနည်းနားထောင် နားထောင် မိုးစွေမောင် တေးဂီတကြီးများလည်း ပါဝင်သည်။

ရှူးဗတ်သည် တေးဂီတများကိုသာ တရေးတည်း ရေးခဲ့ ရ၍ ကိုယ်ခန္ဓာပင်ပန်းသည့်ဒဏ်၊ ဂီတလောကမှ သူ့အား အသိ အမှတ်မပြုခဲ့သဖြင့် အားငယ်ဝမ်းနည်းခဲ့ရ၍ စိတ်ပင်ပန်းသည့် ဒဏ်၊ ဆင်းဆင်းရဲရဲ နေခဲ့ရသည့်ဒဏ်တို့ကြောင့် ရောဂါဖိစီး လာပြီးလျှင် ဗီယင်းနားမြို့၌ပင် ၁၈၂၈ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ကွယ်လွန်သွားလေသည်။

ရှူးဗတ်၏ ပုံပန်းသဏ္ဌာန်သည် ပုတိုက်တိုက် ဖြစ်သည်။ မျက်စိမှုန်သည်။ လူများများနှင့် တွေ့ရလျှင် ရှက်တတ်သည်။ ရိုးသားဖြောင့်မတ်၍ စိတ်ကောင်းရှိသည်။ တင်းတိမ်ရောင့်ရဲနိုင် သော သဘောရှိသည်။ အိမ်ထောင် မရှိချေ။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)