ရှင်သီလ

ဝီကီပီးဒီးယား မှ

ရှင်သီလ (၁၁၉၄ − ၁၂၆၉) သည် “တောရဘုန်းကြီး ဦးသီလ” ဟု ထင်ရှားခဲ့သည့် ဆရာတော်တစ်ပါး ဖြစ်သည်။ [၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို ၁၁၉၄ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက်နေ့တွင် ပဲခူးမြို့မြောက်ဘက် အထက်ဇိုင်းဂနိုင်းကျေးရွာတွင် ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ရွှေသာ ဖြစ်သည်။ မိဘနှစ်ပါးမှာ ဦးထွန်းအောင် − ဒေါ်ချို ဖြစ်သည်။

ငယ်စဉ်အခါက ကတော့ပြင်းရွာဘုန်းတော်ကြီးဖြစ်သည့် ဦးမှူးထံတွင် စာပေများ သင်ကြား၍ သာမဏေပြုခဲ့သည်။ “ရှင်သီလသာရ” ဟူသည့် ဘွဲ့ကို ခံယူခဲ့သည်။ အရွယ်ရောက်သည့်အခါ ကျိုက်ဒေယျုံကုန်းသိမ်တော်တွင် ထောင့်ကျောင်းဘုန်းကြီး ရှင်စန္ဒာလင်္ကာရထံတွင် ရဟန်းခံခဲ့၍ စာပေများ ဆက်လက်သင်ကြားခဲ့သည်။

ရဟန်း ၅ − ဝါ ရသည့်အခါ ရန်ကုန်မြို့၊ ပုဇွန်တောင် တောင်လုံးပြန်ရွှေကြက်ယက်ဘုန်းတော်ကြီး ဦးမေဓာထံ၌လည်းကောင်း၊ ပဲခူးကလျာဏီ တောရဘုန်းတော်ကြီး ဦးဝဏ္ဏထံ၌လည်းကောင်း၊ စစ်ကိုင်း ပိတောက်ချောင် တောင်ရိုး အရိယဝံသ ရေငုံတိုက်၊ မန္တလေးမြို့ စလင်းတိုက်များတွင် စာပေများ သင်ကြားခဲ့သည်။ ဆရာတောသည် ၁၂၂၂ ခုနှစ်တွင် နေရပ်သို့ စုန်ဆင်းခဲ့ပြီး ကျိုက်ပတိုင်၊ ကုန်းတန်း၊ ဂူကုန်းတို့တွင် တောရဆောက်တည်ခဲ့သည်။ ထို့နောက်တွင် ဆရာတော်ဦးဝဏ္ဏနှင့်အတူ လိုက်ပါ၍ တောရဆောက်တည်ခဲ့သည်။ ပဲခူးမြို့ တောရဂိုဏ်းမှ ဝိနည်းစာပြန်ပွဲများကို ၁၂၃၃ ခုနှစ်မှ စတင်ကာ ကျင်းပခဲ့သည်။ ဆရာတော်သည် နိုင်ငံအရပ်ရပ်သို့ လှည့်လည်ကာ တရားများ ဟောကြားခဲ့သည်။

ဆရာတော်သည် ဝိနည်းသိက္ခာပုဒ်ကို အထူးတင်းကြပ်စွာ စောင့်စည်းသဖြင့် ဘုန်းကြီးသည်ဟု ဆို၏။ ဆရာတော်သည် ညောင်လေးပင်တောရကျောင်းတိုက်တွင် သီတင်းသုံးတော်မူခဲ့သည်။ ညောင်တုံးမြို့ ရွှေဟင်္သာတောရတိုက်ကိုလည်း တည်ထောင်တော်မူခဲ့သည်။ [၁]

ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၂၆၉ ခုနှစ်၊ ကဆုန်လဆုတ် ၄ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၁၁၃၊ ၁၁၄။