ရှင်မျှော်တောင်စေတီတော်

ဝီကီပီးဒီးယား မှ

ရှင်မျှော်တောင်စေတီတော် (ရှင်မော်တောင်စေတီဟုလည်း ခေါ်) သည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နှင့် ၅၂ မိုင်အကွာတွင် တည်ရှိသည့် လောင်းလုံမြို့နယ်၊ ကြက်လွှတ်ရွာတွင် တည်ရှိသည်။[၁]

သမိုင်း[ပြင်ဆင်ရန်]

မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီး နှစ် ၂၂၀ အကြာတွင် ဘောဂဝတီနဂါးပြည်၌ မြတ်စွာဘုရား၏ လက်ယာအံတော်ကို ကိုးကွယ်ထား၏။ နဂါမင်း၏ တူတော်စပ်သူ ဝသုလဒေဝသည် နဂါးပြည်မှ ထိုအံတော်ကို ယူဆောင်လာခဲ့ကာ ရှင်မျှော်တောင်ရှိ လင်းလွန်းပင်ကြီးတစ်ပင်၏ ခွကြား၌ ဝှက်ထားခဲ့သည်။[၁]

မဟာဗန္ဓဝ၊ စူဠဗန္ဓဝ ရဟန္တာညီနောင်နှစ်ပါးတို့၏ စီစဉ်မှုဖြင့် တနင်္သာရီတိုင်း ကောရမ္ဘမင်း၊ ဒူရကတိုင်း အောင်သာဝတီပြည် (ကလိန်အောင်ရွာ) မှ ဓမ္မသေနမင်း၊ နဂါးမင်းကြီးတို့သည် သုံးပါးစုံညီစွာ အံတော်အား အထူးထူးအပြားအပြား ပူဇော်ပြီး အဖိုးတန်ရတနာများကို ဌာပနာကာ သက္ကရာဇ် ၂၃၈ ခုနှစ်၊ တပေါင်းလပြည့်နေ့၌ ရှင်မျှော်တောင်စေတီတော်ကို တည်ခဲ့သည်။[၁]

မှတ်တမ်းများအနေဖြင့် သက္ကရာဇ် ၅၁၇ တွင် ပုဂံပြည်မှ အလောင်းစည်သူမင်း၊ ၅၅၆ တွင် နရပတိစည်သူမင်း၊ ၈၅၀ တွင် ဒေဝီမြို့မင်းသီလတို့သည် စေတီတော်သို့လာရောက်ကာ ရွှေသင်္ကန်းကပ်လှူခြင်း၊ စေတီငယ်များတည်ခြင်း စသည့်ကုသိုလ်အဖို့အစုစုကို ပြုလုပ်ခဲ့ကြသည်။[၁]

အံ့ဖွယ် (၆) ပါး[ပြင်ဆင်ရန်]

ရှင်မျှော်တောင်စေတီတော်တွင် အံ့ဖွယ်ခြောက်ဖြာ ရှိသည်။ ၎င်းတို့မှာ -[၁]

  1. တောင်အောက်ရှိ အုတ်တင်မြောက်စခန်း၌ ရေအိုင်ငယ်တစ်ခုရှိ၏။ ထိုရေအိုင်ငယ်သည် ပင်လယ်ဒီရေတက်ချိန်၌ ရေငန်လွှမ်းသော်လည်း ဒီရေကျသည့်အခါတွင် ရေချိုအိုင် ပြန်ဖြစ်ခြင်း။
  2. တောက်အောက်ဘက်နား တောင်စွယ်၌ လေဟာထွက်ပေါက်ရှိ၏။ ထိုလေဟာထွက်ပေါက်မှ ပင်လယ်ရေလှိုင်းပုတ်ခတ်သဖြင့် လေများ အထက်သို့ တက်လာသည်။ ထိုအပေါက်သို့ ပိုက်ဆံစက္ကူများ၊ လက်ကိုင်ပဝါများ ပစ်ချပါက လေပင့်သဖြင့် အထက်သို့ တက်လာခြင်း။
  3. ပင်လယ်ကမ်းစပ်နှင့်ကွာနေသည့် ကျောက်လုံးကြီးပေါ်တွင် စေတီငယ်တစ်ဆူ ရှိ၏။ ထိုစေတီငယ်သည် စေတီကျောက်ထပ်သို့တိုင်အောင် ရေကြီးသော်လည်း စေတီပေါ်သို့ ရေလုံးဝမရောက်ပေ။ ဒယ်အိုးပုံသဏ္ဌာန် ဖြစ်နေသည်။ စေတီကို "ပေါင်မုန့်လုံးစေတီ" ဟု ခေါ်ကြသည်။
  4. စေတီတော်၏ ဌာပနာတိုက်သည် ဘောဂဝတီနဂါးများ ပြုလုပ်ထားပြီး လေယန္တရား၊ ရေယန္တရား၊ နတ်ယန္တရားများ ပါဝင်ပြုလုပ်ထားသည်။ အမျိုးသမီးများသည် အံတော်စေတီ၏ ရင်ပြင်တော်ပေါ်သို့ တက်ရောက်ပါက လေပြင်းတိုက်ပြီး ရေလှိုင်းများ ဖြစ်ပေါ်လာတတ်သည်။ ထို့ကြောင့် အမျိုးသမီးများကို တက်ရောက်ခွင့် ပိတ်ပင်ထားသည်။
  5. ဇိနမာန်အောင်ဘုရားသိမ်၏ အနောက်ဘက်၌ တောင်ကမူတစ်ခု ရှိသည်။ ထိုတောင်ကမူ၌ မြတ်စွာဘုရား၏ အံတော်ထားသည့် လင်းလွန်းပင် ရှိသည်ဖြစ်၍ တောင်ပေါ်ရှိ နတ်ကောင်းနတ်မြတ်တို့သည် စောင့်ရှောက်သည့် နေရာဖြစ်၏။ ထိုနေရာသို့ ဘုရားဖူးသူ ရဟန်းရှင်လူပြည်သူများကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသည်။ ထိုနေရာကို ဖြတ်သန်းသွားလာပါက မူးဝေခြင်း၊ အော့အန်ခြင်း၊ တက်ခြင်း၊ စကားမေးမရခြင်းများ ဖြစ်တတ်သည်။
  6. ရှင်မျှော်တောင်ဘုရားအနီးတွင် "နတ်ရေအိုင်" သို့ "နတ်ရေကန်" ဟု ခေါ်ကြသည့် ရေအိုင်တစ်ခု ရှိ၏။ အမျိုးသမီးများသည် ထိုကန်မှ ရေကိုခပ်၍ ခေါင်းမှရွက်လျှင် ကိုယ်မှရေစက်များ ကျမိပါက ထိုနတ်ရေကန်မှ ရေမထွက်ပဲ နေတတ်ခြင်း။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ "ရှင်ကိုးရှင်" ဘုရားသမိုင်းအကျဉ်းချုပ် (အဋ္ဌမအကြိမ် ed.)။ ရန်ကုန်မြို့: Quality Publishing House။ မေ ၂၀၁၈။