ရှင်တောင့်ပုံစေတီတော်

ဝီကီပီးဒီးယား မှ

ရှင်တောင့်ပုံစေတီတော် သည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့၊ မြို့လယ်အနီးတွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။[၁]

အမည်နှင့် သမိုင်း[ပြင်ဆင်ရန်]

အမည်[ပြင်ဆင်ရန်]

စေတီတော်၏ အမည်မှာ မြားပုံ၊ မြားပလုံး၊ မြားကျည်တောက်များ စုပုံရာ ဘုရားစေတီဟု အဓိပ္ပာယ်ရသည်။ စေတီတော်တည်ထားရာ တော်ငသည် အမြင့် ပေ ၂၀၀၀ ကျော်ခန့် မြင့်သည်။ အချို့သည် ပေ ၁၂၀၀ ကျော်ခန့် မြင့်သည်ဟု ဆိုကြသည်။ စေတီတော်သို့သွားရာလမ်းသည် မတ်စောက်သည်။[၁]

သမိုင်း[ပြင်ဆင်ရန်]

ဆင်ဖြူရှင်မဟာနရိန္ဒဘွဲ့ခံမင်းတရား၏ မိဖုရားကြီးသည် ရွှေဥဒေါင်းအဆင်းရှိသည့် ဥဒေါင်းကို နန်းတော်အတွင်း မွေးမြူလိုသဖြင့် မုဆိုးအကျော်အမော် မောင်နွားကို ဖမ်းစေခဲ့သည်။ မောင်နွားသည် ဥဒေါင်းကို ရှာဖွေရင်း ယခုလက်ရှိဘုရားတည်ရှိရာတောင်ပေါ်တွင် ဂီရိပစ္စယရသေ့နှင့် တွေ့၏။ ရေသ့ကြီးသည် တရားဓမ္မဟောကြားရာ မောင်နွားသည် ရသေ့ဝတ်သည်။ ငယ်မည်မှာ မောင်နွားဖြစ်သဖြင့် “ဂေါဝိန္ဒရသေ့” ဟု တွင်သည်။ မုဆိုး၏ အသုံးအဆောင်များထည့်သည့် တောင်းပလုံးတို့ကို မီးပုံ၍ ရှို့သောနေရာ၌ စေတီတည်ခဲ့သဖြင့် ရှင်တောင့်ပုံစေတီတော်ဟု တွင်ခဲ့သည်။ စေတီတော်ကို ဂေါဝိန္ဒရသေ့တည်ခဲ့သဖြင့် ပုဂံခေတ်ဦး ပျူခေတ်ကတည်းက တည်ခဲ့ဟန် ရှိသည်။ ကောဇာသက္ကရာဇ် ၉၇ ခုနှစ်၌ တည်ခဲ့သည်ဟု ခန့်မှန်းရသည်။ စေတီတော်၌ မြတ်စွာဘုရား၏ သရီရဓာတ်တော်များကိုလည်း ဌာပနာထားသည်ဟု ဆိုကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ "ရှင်ကိုးရှင်" ဘုရားသမိုင်းအကျဉ်းချုပ် (အဋ္ဌမအကြိမ် ed.)။ ရန်ကုန်မြို့: Quality Publishing House။ မေ ၂၀၁၈။