ရှင်ဉာဏ

ဝီကီပီးဒီးယား မှ

ရှင်ဉာဏ[မှတ်စု ၁] (ဆင်တဲဆရာတော်) (၁၁၀၆ − ၁၁၇၀) သည် ဘိုးတော်ဘုရားလက်ထက်က မြောက်ဘက်တိုက်ဝန် အတွင်းဝန်မင်းကြီး ကိုးကွယ်တော်မူခဲ့သည့် ဆရာတော် ဖြစ်သည်။[၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို ၁၁၀၆ ခုနှစ်၊ နယုန်လတွင် ပုခန်းကြီးမြို့၊ မိုးထူးဆင်တဲရွာတွင် ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ရွဲ ဖြစ်သည်။

အရွယ်ရောက်သည့်အခါ ရှင်ဉာဏလင်္ကာ ဟူသည့် ဘွဲ့ဖြင့် ရဟန်းဝတ်ခဲ့သည်။ ဘိုးတော်ဘုရားလက်ထက် မြောက်ဘက်တိုက်ဝန်အတွင်းဝန်မင်းကြီး မဟာသက်တော်ရှည်က ကိုးကွယ်ခဲ့သည်။ ဆရာတော်သည် မြို့တော်၏ မြောက်ဘက် ဆင်တဲတိုက်တွင် သီတင်းသုံးခဲ့သည်။ ထို့နောက်တွင် မြို့တော်၏ အရှေ့တောင်ယွန်း ရွှေတောင်ကျောင်းတိုက်အတွင်း သုံးထပ်ရွှေကျောင်းတွင် သီတင်းသုံးခဲ့သညည်။

ဆရာတော်သည် ဉာဏလင်္ကာရဘိသဒ္ဓမ္မဓဇ မဟာဓမ္မရာဇဂုရု တံဆိပ်တော်ကို ရရှိခဲ့သည်။ ဆရာတော်သည် မန်လည်ဆရာတော်၏ တပည့် ဖြစ်သည်။[၁]

ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၁၇၈ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။[၁]

ပြုစုခဲ့သည့် ကျမ်းများ[ပြင်ဆင်ရန်]

ဆရာတော် ပြုစုခဲ့သည့် ကျမ်းများမှာ အောက်ပါတို့ ဖြစ်ကြသည် −

၁။ ပရမတ္ထဝိနစ္ဆယ အဋ္ဌကထာနိသျ၊

၂။ နာမရူပပရိစ္ဆေဒ အဋ္ဌကထာနိသျ၊[မှတ်စု ၂]

၃။ ဝစီရ ဗုဒ္ဓိဋီကာနိသျ၊ (၁၁၆၆)

၄။ မုခမတ္တဒီပနီနိသျသစ်၊

၅။ စန္ဒသူရိယ ဂတိ ဒီပနီနိသျ၊

၆။ ဝိနည်းငါးကျမ်း အဋ္ဌကထာဂဏ္ဌိ၊

၇။ အသီတိနိပါတ် ဇာတ်အဋ္ဌကထာနိသျ။[၁]

မှတ်စု[ပြင်ဆင်ရန်]

  1. ပုဂံမင်းလက်ထက်တွင် ထင်ရှားသော ရှင်ဉာဏလင်္ကာရ (၁၁၆၂ − ၁၂၁*) (ဉာဏလင်္ကာရသီရိပရမဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု) တံဆိပ်တော်ရ ဆင်တဲဆရာတော်ကလေးအပြင် မင်းတုန်းမင်းလက်ထက်တွင် ထင်ရှားသော ကန္နီမြို့၊ တွင်းငယ်ရွာဇာတိ ဝိနည်းမဟာဝါပါဠိတော်နိသျနှင့် ပုဂ္ဂလပညတ်ပါဠိတော်နိသျသစ်ကျမ်းပြု ရှင်သာဂရ (သာဂရာဘိဝံသ သီရိဓဇ မဟာဓမ္မရာဇာ ဓိရာဇဂုရု) တံဆိပ်တော်ရ ဆင်တဲဆရာတော်ဟူ၍ ရှိသေးသည်။ ဆင်တဲဆရာတော် အတ္ထုပ္ပတ္တိများတွင် ဖတ်ရှုနိုင်သည်။
  2. ဤကျမ်းများပရမတ္ထဝိနစ္ဆယ အဋ္ဌကထာနိသျနှင့် နာမရူပပရိစ္ဆေဒ အဋ္ဌကထာနိသျတို့ကို အမရပူရ ဒုတိယမြို့တည် မင်းလက်ထက် ဆင်တဲရွာဇာတိ ပထမဆင်တဲဆရာတော် ဉာဏာလင်္ကာရဘိသဒ္ဓမ္မ မဟာဓမ္မရာဇဂုရု စီရင်သည်ဟု ပိဋကတ်တော်သမိုင်းတွင် ဖော်ပြသည်။ အမရပူရ ဒုတိယမြို့တည် သာယာဝတီမင်းသည် ၁၁၉၉ ခုနှစ်တွင်မှ နန်းတက်သဖြင့် ဤပထမ ဆင်တဲဆရာတော် မဖြစ်သင့်ပေ။ ပုဂံမင်းလက်ထက် ဘွဲ့ − ရှင်ဉာဏလင်္ကာ တံဆိပ်တော် ထပ်တူဖြစ်သော ကျည်းကန်ရွာဇာတိ ဒုတိယဆင်တဲ ဆရာတော်သာ ဖြစ်ဖွယ်ရှိသည်။ သို့တည်းမဟုတ် အမရပူရ ပထမမြို့တည် ဘိုးတော်ဘုရားထက်ထက်ဟု ရှိသင့်သည်။ ပိဋကတ်တော်သမိုင်းတွင် ကျမ်းစဉ် ၆၃၀ − ၇၂၉ − ၈၉၇ တို့ကို အမရပူရ ပထမမြို့တည်မင်းလက်ထက်ဟု ဖော်ပြုဂ ကျမ်းစဉ် ၈၀၆ − ၈၀၇ တို့ကို အမရပူရ ဒုတိယမြို့တည်မင်းလက်ထက်ဟု ဖော်ပြသည်။ သို့ရာတွင် ဖော်ပြချက်နှစ်ရပ်လုံး ဆင်တဲရွာဇာတိ ဉာဏလင်္ကာ ဘိသဒ္ဓမ္မမဟာဓမ္မရာဇဂုရု ပထမဆင်တဲဆရာတော်ဟူ၍သာ ရှိသည်။ ထို့ကြောင့် အမရပူရ ဒုတိယမြို့တည်ဟူသော စကားသည် မှားဖွယ်ရှိသည်။ အမရပူရပထမမြို့တည်ဟုသာ ရှိသင့်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၃၈၊ ၃၉။