ရွှေဟင်္သာတောရ စတုတ္ထစံကျောင်းဆရာတော်
ညောင်တုန်း ရွှေဟင်္သာတောရ ပထမစံကျောင်းဆရာတော်နှင့် ဒုတိယစံကျောင်းဆရာတော်တို့၏ အားထားရာ ရွှေကျင်နိကာယ ဂုဏ်ဆောင် ဆရာတော်တစ်ပါး ဖြစ်၏။ ပရိယတ္တိစာပေ ထက်မြက်သည် နှင့်အမျှ နူးညံ့သိမ်မွေ့၍ ရဟန်းပီသသော ရဟန်းတစ်ပါးအဖြစ် ထင်ရှားသည်။ ရဟန်းလေးဝါရတွင် ပခုက္ကူအရှေ့တိုက် ခေါ် မဟာဝိဇယာရာမ ဆရာတော် ရှင်ဇဝနထံ ပညာသင်အပ်နှံစဉ် ပထမစံကျောင်းဆရာတော်က ‘တပည့်တော်များ၏ တပည့်ဖြစ်သူ ဝိမလသည် နူးညံ့သိမ်မွေ့ပါသည်။ ထက်မြက်နက်သန်သော ဉာဏ်ရည်လည်း ရှိပါသည်။ ကြီးသူများကို လေးစားတတ်၍ ခက်ထန်မှုလည်း ကင်းပါသည်။ ဒေါသနည်းပါး၍ နှစ်သက်ဖွယ်ရာ ဆိုတတ်ပါသည်။ ဝိမလသည် တပည့်တော်အား နေ့ည မဟူ အနီးကပ် လုပ်ကျွေးသူဖြစ်ပါ၏။ အများနှင့် သင့်မြတ်သူလည်း ဖြစ်ပါသည်။ နှုတ်ချိုသည်သာမကဘဲ အကျင့်သီလလည်းကောင်းမွန်ပါ၏။ အရှင်ဘုရားက ဝိမလအား သားကဲ့သို့ စောင့်ရှောက်တော်မူပါ။ ပညာလည်း ပေးတော်မူပါ။ အဆုံးအမများလည်း နေ့စဉ် ပေးသနားတော်မူပါ’ဟု ယုံကြည်ကိုးစားစွာ အပ်နှံခဲ့သည်။ စံကျောင်းဆရာတော် ယုံကြည် ခဲ့သည့်အတိုင်း နောင်အခါ ရွှေဟင်္သာတောရ စတုတ္ထစံကျောင်းဆရာတော် အမည်ဖြင့် ရွှေကျင်နိကာယ ဒုတိယသာသနာပိုင်၊ နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့က ဒုတိယဥက္ကဋ္ဌ ၁ တာဝန်များ ပေးအပ် ချီးမြှင့်ခံရပါသည်။
ဝိမလ၊ ရှင်၊ ရွှေဟင်္သာတောရ စတုတ္ထစံကျောင်းဆရာတော်
[ပြင်ဆင်ရန်]၁၉၀၅ ခုနှစ် ဧပြီလ ၆-ရက် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်တော်ကူးကြီးရွာ၌ ဖွားသည်။ အဖ ဦးဘိုးထုံး၊ အမိ ဒေါ်နှင်းအိ ဖြစ်သည်။ မွေးချင်းလေးယောက်တွင် အငယ်ဆုံး ဖြစ်သည်။ အမည် မောင်အုံ ဖြစ်သည်။
ငါးနှစ်အရွယ်တွင်တော်ကူးကြီးရွာ အနောက်ပိုင်း ဆရာလေး ဦးသာလွန်း၏ မူလတန်းကျောင်း၌ စတင် ပညာဆည်းပူးသည်။ ၁၀ နှစ် အရွယ် စတုတ္ထတန်းအရောက်တော်ကူးကြီးရွာ လယ်ပေါ် ကျောင်းဘုန်းကြီး ရှင်ဝိသုဒ္ဓထံ ပြောင်း၍ လောကုတ္တရာစာပေ သင်ယူသည်။ ရှင်ဝိသုဒ္ဓမှာ မြစ်ကွေ့ ဆရာတော် ရှင်ကေတုမာလာ၏ တပည့်ရင်းဖြစ်၍ ရွှေကျင်စိတ် ထက်သန်သည်။ စည်းကမ်းကြီးသည်။ ၁၂-နှစ်တွင် မိဘနှစ်ပါးက ရှင်ဒါယကာခံ၍ သာမဏေဖြစ်၏။ ဘွဲ့ ရှင်ရာဇိန္ဒ။ ဥပဇ္ဈာယ်ဆရာမှာ ရှင်ဝိသုဒ္ဓ ဖြစ်သည်။ သာမဏေ တစ်ဝါရတွင် ရှင်လိင်ပြန်၍ ကျောင်းသား အဖြစ် ပရိယတ္တိစာပေ ဆက်လက်သင်ယူသည်။
ဆယ့်သုံးနှစ်အရွယ်၌ ဦးလေးငယ် ရှင်သိရီသီလဝံသ (၁၈၈၅— ၁၉၄၆) နှင့် အတူလိုက်ပါ၍ ရန်ကုန် ကျိုက်ဝိုင်းရိုးကြီးကျောင်း၌ သာမဏေ ဖြစ်သည်။ ဘွဲ့ ရှင်ဝိမလ ဟု ပြင်ပေးသည်။ ဝမ်းကိုက်ရောဂါကြောင့် ရှင်လိင်ပြန်၍ ဦးလေး ရှင်သိရီသုမန (၁၈၈၅—၁၉၅၀) နှင့် ရှင်သိရီသီလဝံသ တို့နှင့်အတူ စစ်ကိုင်းတောင် သုမနာရာမချောင် လိုက်ပါပြီး သာမဏေ ဝတ်သည်။ သာမဏေဝတ်ဖြင့် သုမနာရာမချောင်နှင့် သုနန္ဒာရာမချောင် ဦးလေးနှစ်ပါး၊ အရှေ့မှန်ကျောင်း စာချ ရှင်ပဏ္ဍဝထံ စာလိုက်သည်။ ၁၄-နှစ်အရွယ်တွင် ပထမပြန်စာမေးပွဲ ပထမငယ်တန်း အောင်သည်။ စာချ ရှင်ပဏ္ဍဝံသမှာ ဉာဏ်ထက်မြက်၍ တစ်နေ့ အဘိဓာန်ဂါထာ ၅၀ အလွယ်နှင့် အာဂုံရ၍ စစ်ကိုင်း မဟာဂန္ဓာရုံ ဝိနည်းစာပြန်ပွဲ ပထမကျော် အောင်သည်။ ဦးလေး ရှင်သိရီသုမနနှင့် သိရီသီလဝံသ နှစ်ပါးမှာ ပါဠိ၊ သက္ကတ၊ သီဟိုဠ်၊ အင်္ဂလိပ်ဘာသန္တရ ကျွမ်းကျင်၍ သီဟိုဠ်ပြန်ဆရာတော်များအဖြစ် ထင်ရှားသည်။ စစ်ကိုင်းတောင်တွင် ခေတ္တသီတင်းသုံးနေသော ရှင်ဉာနာ ဘိဝံသထံ ရူပသိဒ္ဓိစာဝါ သင်ယူခဲ့၏။ ရှင်ဉာနာဘိဝံသမှာ နောင်အခါ ရွှေကျင်သာသနာပိုင် မြောင်းမြဆရာတော်အဖြစ် ထင်ရှားသည်။
သာမဏေ နှစ်ဝါရတွင် ညောင်တုန်း ရွှေဟင်္သာတောရ စာသင်တိုက် ပြောင်း၍ ပရိယတ္တိစာပေ သင်ယူသည်။ ရွှေဟင်္သာတောရ ပထမစံကျောင်း ဆရာတော် ရှင်ဝါယမ (၁၈၇၄-၁၉၄၇)မှာ ဦးလေးနှစ်ပါး၏ ဆရာဖြစ်၏။ စံကျောင်းဆရာတော် သီတင်းသုံးရာ မင်းကျောင်း၌နေ၍ ပထမလတ်တန်း စာဝါများ သင်ယူသည်။ ထိုစဉ်က ရွှေဟင်္သာတောရတွင် သံဃာ ၁၀၀ ဝန်းကျင်ရှိသည်။ သာမဏေ ၂ ဝါရမှာပင် ပထမလတ်တန်း အောင်သည်။ ၃ ဝါရ ပထမကြီးတန်း ဖြေဆိုနေစဉ် ကျန်းမာရေးချို့ယွင်း၍ စာမေးပွဲ ကျရှုံးခဲ့သည်။ ထိုနှစ်မှာပင် ညောင်တုန်းမြို့ ပရိယတ္တိစာမေးပွဲ အကြီးတန်းကို တတိယအဆင့်မှ အောင်မြင်ခဲ့သည်။
၁၉၂၃ ခုနှစ် မတ်လ ၂၄-ရက် စနေနေ့တွင် ရွှေဟင်္သာတောရ ကျောင်းတိုက် ကျောင်းတော်ရာဆရာတော် ရှင်သာသန (၁၈၄၃-၁၉၂၅) ဥပဇ္ဈာယ်ယူ၍ ရဟန်းဖြစ်သည်။ ဘွဲ့ ရှင်ဝိမလ ဖြစ်သည်။ ရဟန်း ဒါယကာမှာ ညောင်တုန်းမြို့ သမာဓိမြို့ဝန် ကုန်သည်ဦးဘိုးဆင့်၊ ဒေါ်လေး ဖြစ်သည်။ ရဟန်းခံပွဲကို စံကျောင်းဆရာတော်နှစ်ပါးက အထူးဝါယမ စိုက်ထုတ် စီစဉ်ခဲ့သည်။ ရဟန်းခံပွဲနှင့်ပတ်သက်၍ ကျောင်းတော်ရာ ဆရာတော်က ရဟန်းဒါယကာများအား မောင်ဘိုးဆင့်၊ မိလေးတို့ကတို့ကို ငွေတစ်ထောင် ပေးလှူပါမယ်ဆိုတာတောင် ဒီအသက်အရွယ် ဒီကျန်းမာ ရေးနဲ့ တို့မလာဘူး။ ဒီစံကျောင်းဆရာတော်၊ တိုက်အုပ်ဆရာတော်တို့က ဒီကိုရင်ဟာ ဆရာတော်ပြုစုထားတဲ့ သာသနာကို စောင့်ရှောက်နိုင်ပါလိမ့်မယ်လို့ လျှောက်လို့သာ သာသနာတော်ကြီး အားပေးတဲ့အနေနဲ့လာတာ ဟု မိန့်ကြားခဲ့သည်။
ရဟန်း ၁ ဝါရ ၁၉၂၄ ခုနှစ်တွင် အစိုးရ ပထမပြန် ပထမကြီးတန်း အောင်မြင်ခဲ့သည်။ ရွှေဟင်္သာတောရမှ လေးပါးအောင်မြင်ခဲ့ရာ တစ်နိုင်ငံလုံးတွင် အောင်ချက်အကောင်းဆုံး ဖြစ်ခဲ့သည်။ ပထမကြီးအောင်ပြီး ရဟန်းပထမဝါမှာပင် ‘သာသနပါလ တိုက်ကျောင်းဘုန်းကြီး” ခန့်အပ်ခံရသည်။ သံဃာသုံးဆယ်ခန့်ကို အုပ်ချုပ်၍ စာပေပို့ချရသည်။ စံကျောင်း ဆရာတော်ထံ ဝိနည်းအဋ္ဌကထာကို ဆိုဝါ၊ တိုက်အုပ်ဆရာတော်ထံ သင်ရိုး သုတ္တန်အဋ္ဌကထာ၊ အဘိဓမ္မာ အဋ္ဌကထာများကို ဆိုဝါဖြင့် သင်ယူခဲ့သည်။
တိုက်အုပ်ဆရာတော်မှာ ပထမပြန်စာမေးပွဲကို အားပေးရာ ရှင်ဝိမလသည် ပထမကြီးတန်း စာမေးပွဲကို သုံးကြိမ်ဖြေ၍ သုံးကြိမ်လုံး အောင်မြင်ခဲ့သည်။
ရဟန်း ၂ ဝါရတွင် ရွှေဟင်္သာတောရတိုက်တည် ဥပဇ္ဈာယ်ဆရာ ကျောင်းတော်ရာဆရာတော် ပျံလွန်ခဲ့၏။ စံကျောင်းဆရာတော်၏ အမိန့် အရ ကျောင်းတော်ရာ ထေရုပ္ပတ္တိကထာကျမ်း ရေးသားပူဇော်ခွင့်ရခဲ့သည်။ ရဟန်း ၄ ဝါရတွင် ရဟန်းဒါယကာမကြီး ဆန္ဒအရ ပခုက္ကူအရှေ့တိုက်ခေါ် မဟာဝိဇယာရာမတိုက်ဆရာတော် ရှင်ဇဝနထံ ဝိနည်းမဟာဝါ ပါဠိ၊ အဋ္ဌကထာများ သင်ယူသည်။ အလယ်တိုက်ခေါ် မဟာဝိသုတာရာမတိုက် ဆရာတော် ရှင်ပညာထံ သီလက္ခန်ပါဠိတော် အဋ္ဌကထာ၊ စာချ ရှင်အဂ္ဂဝံသထံ ဋီကာကျော် သင်ယူ၏။ ဝါကျွတ်လျှင် စံကျောင်းဆရာတော်၏ အမိန့် အရ ညောင်တုန်း ရွှေဟင်္သာတောရပြန်၍ စာပေပို့ချသည်။ ၁၉၃၁ ခုနှစ်တွင် ရဟန်းဒါယကာများ၏ ဝံသာနုတိုက် ခေါ် သာသနဝံသာရက္ခ တိုက်ကျောင်းပြောင်း၍ ကျောင်းတိုက်တာဝန်များ ခွဲဝေထမ်းဆောင်သည်။ ဦးဝန်(မင်းသုဝဏ်) မှတစ်ဆင့် ပညာတံခွန်အသင်း အဘိဓာန်ဌာန လိုအပ်သော စာပေအကူအညီများ ပေးခဲ့သည်။
၁၉၄၇ ခုတွင် ပထမစံကျောင်းဆရာတော် ပျံလွန်၍ တိုက်ကြပ် ခန့်အပ်ခံရသည်။ တိုက်ကြပ်တာဝန်အပြင် တိုက်အုပ်တာဝန်များကိုလည်း ပူးတွဲတာဝန်ယူရသည်။ တိုက်အုပ်ဆရာတော် ရှင်ဇာဂရမှာ အလွန် သဘောကောင်း၍ အေးအေးနေလေ့ရှိသည်။ ၁၉၅၁ ခုနှစ်တွင် ဒုတိယ စံကျောင်းဆရာတော် ရှင်ကလျာဏ (၁၈၈၃—၁၉၅၁) ပျံလွန်၍ တိုက်အုပ် ဆရာတော်ဖြစ်လာသည်။ ၁၉၅၁ ခုနှစ်မှ စတင်၍ ပါဠိဘာသာ ပညာရေး အဖွဲ့ နာယကအဖွဲ့ဝင်၊ အက်ဥပဒေရေးဆွဲရေးအဖွဲ့ဝင်၊ ပါဠိတက္ကသိုလ် ဗဟိုအဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခံရသည်။ ၁၉၅၂ ခုတွင် အိန္ဒိယနိုင်ငံ မြန်မာသံအမတ်ကြီး ဦးကြင်၏ ပင့်ဖိတ် ချက်အရ အိန္ဒိယ ဗုဒ္ဓဂယာဘုရားဖူး ကြွခဲ့သည်။
၁၉၅၄-၅၆ ခု ဆဋ္ဌသင်္ဂါယနာတင်ပွဲတွင် ပဋိဝိသောဓကအဖွဲ့ဝင်၊ ပဋိသမ္ဘိဒါမဂ် ပါဠိတော် ဘာဏကအဖွဲ့ခေါင်းဆောင်အဖြစ်ပါဝင်ခဲ့၏။ ပဋိသမ္ဘိဒါမဂ် ပါဠိတော်ကိုလည်း တာဝန်ယူတည်းဖြတ်ပေးခဲ့သည်။ ၁၉၆၆ ခုနှစ် မှော်ဘီ ဂိုဏ်းပေါင်းစုံအစည်းအဝေးတွင် ရွှေကျင်နိကာယကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ညောင်တုန်း ရွှေဟင်္သာ တောရ စာသင်တိုက်ကြီး၏ စတုတ္ထမြောက် တိုက်ပိုင်ဆရာတော် ဖြစ်လာ ၁၉၈၀ ပြည့်နှစ် ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေး ကိုယ်စားလှယ်၊ ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ၆၆-ပါး အဖွဲ့ဝင်၊ အခြေခံ စည်းမျဉ်း ရေးဆွဲရေးအဖွဲ့ခေါင်းဆောင်၊ အဆိုစီစစ်ရေးအဖွဲ့ခေါင်း ဆောင်၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ၁ အဖြစ် တာဝန်ပေးအပ်ခံရ၏။ ၁၉၈၀ ပြည့်နှစ် တောင်ငူတွင်ကျင်းပသော ၁၂-ကြိမ်မြောက် ရွှေကျင်နိကာယ အစည်းအဝေးကြီးတွင် တွဲဖက်သာသနာ ပိုင်(ဥပဥက္ကဋ္ဌ လေးပါးအဖွဲ့ဝင်) အဖြစ် တင်မြှောက်ခံရသည်။
၁၈ ဝါရက “ကင်္ခါမေးခွန်းနှင့်အဖြေ ၂ တွဲ။ ဩဝါဒ၊ ကဗျာ၊ လင်္ကာ၊ လေးချိုး၊ တေးထပ်၊ ရတု၊ ရှစ်လုံးဘွဲ့၊ ဂါထာဗန္ဓ အမြောက်အမြား ရေးဖွဲ့၍ အချို့ကိုစုစည်း၍ ဩဝါဒရတနာ သုတပဒေသာအဖြစ် ပုံနှိပ်ထုတ်ဝေခဲ့သည်။
၁၉၅၇ ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့၊ ၁၉၈၅ ခုနှစ်တွင် အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့တံဆိပ်များ ဆက်ကပ်ခံရသည်။
သက်တော် ၈၄ သိက္ခာ ၆၅ ဝါရ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၆-ရက် နံနက် ၈း၂၀ နာရီတွင် ညောင်တုန်းမြို့ ရွှေဟင်္သာတောရတိုက်၌ တစ်ဘဝ တစ်ခန္ဓာ ချုပ်ငြိမ်းခဲ့ပါသည်။ [၁]