ရွှေမြောင်းရွာ
ရွှေမြောင်းရွာ ကဗျာကို အမည်မသိရှေးစာဆို ရေးသားခဲ့သည်။ ကဗျာအမျိုးအစားမှာ ကောက်စိုက်သီချင်း ဖြစ်သည်။
မနက်ဆွမ်းတော်တင်၊ ပြင်ပြီးလားမေး
ဆွမ်းတော်တင် ပျိုပြင်ပြီးပေါ့၊ မောင်ကြီးရယ်လေး။
ညဦးယံတွန်တဲ့ကြက်ကို၊ လင်းကြက်လားမေး
မသိသေးလား မလေးမောင်ရယ်၊ သန်းခေါင်ဟဲ့လေး။
ရွှေမြောင်းရွာ သာပါသေးလား၊ ရွှေမြို့နေမေး
သာပါရဲ့ ရွာနံဘေးမှာ၊ ရိုးရေကဖွေး။
မလေးလွမ်းလေအောင်၊ ငှက်ရွှေဖိုးခေါင်
လွမ်းလေအောင် ငှက်ရွှေဖိုးက၊ မြိုင်ရိုးကိုထိုး။
ရွှေမြောင်းတောင် ဆည်ပေါင်ရိုးက၊ ငှက်ရွှေဖိုးသာ
ဆည်ပေါင်ရိုးက ငှက်ဖိုးသာတယ်၊ နားနာကြလေး။
ရွှေမြောင်းရွာတောင်၊ ကျောင်းဆယ့်နှစ်ဆောင်
ဆယ့်နှစ်ဆောင် ပျဉ်ထောင်ကြားက၊ ခိုညဉ်းသံကြား။
ဘုရားဖူးချေစို့ရဲ့၊ မင်းပျို့ကိုသွေး
ဖူးချေစို့ရွှေမာလဲ၊ တောင်ထဲမှာလေး။
ဘုရားစေတီမှာ၊ ခဲချီစို့လေး။
ပျိုချီမယ် စေတီလှကို၊ မင်းကြွခဲ့လေး။
ခက်ဆစ်
၁။ လင်းကြက် = နံနက်အလင်းရောင်လာသောအချိန်တွင်တွန်သောကြက်။
၂။ ရိုးရေ = ချောင်းရေ။
၃။ ဖိုးခေါင် = ဖိုးခေါင်ဟုအော်မြည်သောငှက်ငယ်။
၄။ မြိုင်ရိုး = တောတန်း။
၅။ ထိုး = စူးရှစွာအော်သည်။
၆။ သာ = ချိုသာစွာမြည်ကြွေးသည်။
၇။ ရွှေမာလဲ = ရွှေမာလဲဘုရား။
၈။ ခဲချီ = ဘုရားရှေ့တွင်အဓိဋ္ဌာန်ပြု၍ကျောက်ခဲကိုချီမသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာကဗျာလက်ရွေးစင် − အဋ္ဌမတန်း။