ရွှေမြင်းတင်စေတီတော်

ဝီကီပီးဒီးယား မှ
ရွှေမြင်းတင်စေတီတော်

ရွှေမြင်းတင်စေတီတော် သည် အကောက်တောင်ပေါ်ရှိ ရှေးဟောင်းသမိုင်းဝင်စေတီတော် ဖြစ်သည်။[၁]

သမိုင်း[ပြင်ဆင်ရန်]

စေတီတော်ကို လွန်ခဲ့သော နှစ် ၂၀၀၀ ခန့်က သီရိဘင်္ဂလွန်မင်းကြီး၏ သားတော်ကြီး မဟာပုဉ္စမင်းသားက တည်ထားကိုးကွယ်ခဲ့သည်။

ဟိုးယခင်က ထိုနေရာသည် အလွန်စည်ကားခဲ့သည့် သီရိဘင်္ဂလွန်မြို့ တည်ရှိခဲ့သည်။ ထိုမြို့ကို သီရိဘင်္ဂလွန်မင်းကြီးသည် အုပ်ချုပ်မင်းလုပ်ကာ စိုးစံလျက် ရှိသည်။ ထိုမင်း၏ တောင်နန်းစံမိဖုရားတွင် သားတော်သုံးယောက် ရှိ၏။ ထိုသားတော်သုံးယောက်မှာ သားတော်ကြီး မဟာပုဉ္စ၊ သားတော်လတ် စူဠပုဉ္စ၊ သားတော်ငယ် သံပုဉ္စ တို့ ဖြစ်သည်။

မင်းကြီးသည် သားတော်ကြီးအား သိကြားမင်း ဆက်သခဲ့သည့် သိန္ဓောမြင်းပျံကို ပေးကာ အိမ်ရှေ့အရာ အပ်နှင်းခဲ့သည်။ မင်းကြီးသည် သားတော်သုံးပါးအား သိကြားမင်းက ဆက်သသည့် မြတ်စွာဘုရား၏ သရီယဓာတ်တော်သုံးဆူကို သားတော်သုံးပါးကို တစ်ဆူစီ ပေးကာ ဘုရားစေတီတည်ရန် အမိန့်ပေး၏။ ထိုအခါ သားတော်ကြီးသည် သိန္ဓောမြင်းပျံနှင့် ရွှေကိုတင်ကာ ရတနာပုဉ္စတောင်စွန်းတွင် စေတီတော်တည်ခဲ့သည်။ ရွှေများကို စေတီတော်တွင် ဌာပနာခဲ့သည်။ စေတီ၏ အမည်ဘွဲ့တော်ကို “ရတနာပုဉ္စ” ဟု သမုတ်ခဲ့သည်။

သားတော်လတ်သည် ရွှေတို့ကို ရထားနှင့်တင်ကာ စေတီတော်ကို တည်ခဲ့သည်။ ထိုစေတီတွင် ရွှေများကို ဌာပနာခဲ့သည်။ စေတီတော်၏ ဘွဲ့တော်ကို “ရထာပုဥဂ” ဟု သမုတ်ခဲ့သည်။ သားတော်ငယ်သည်လည်း ရွှေများကို လှည်းနှင့်အပြည့်တင်ကာ စေတီတော်တည်ခဲ့သည်။ ရွှေများကို ထိုစေတီတွင် ဌာပနာခဲ့သည်။ စေတီတော်၏ ဘွဲ့တော်ကို “သကဋာပုဉ္စာ” ဟု သမုတ်ခဲ့သည်။

ထိုကဲ့သို့ မင်းသားသုံးယောက်တို့သည် စေတီတော်သုံးဆူ တည်ခဲ့သည်။ ထိုဘုရားသုံးဆူအနက် အကြီးဆုံးမင်းသားတည်ခဲ့သည့် “ရတနာပုဉ္စစေတီတော်” သည် ရွှေကို သိန္ဓောမြင်းနှင့်တင်၍ ဌာပနာခဲ့သည်ကို အကြောင်းပြုကာ “ရွှေမြင်းတင်စေတီတော်” ဟု ခေါ်ဝေါ်ခဲ့ကြသည်။

ရွှေမြင်းတင်စေတီတော်မှ ဧရာဝတီမြစ်ကမ်းပါးယံအတိုင်း အောက်သို့ ဆင်းသက်ကာ ရှေးခေတ်ကျောက်ထွင်းဆင်းတုတော်များကို အနီးကပ် ကြည်ညိုနိုင်သည်။[၁]

ကျောက်ဖား[ပြင်ဆင်ရန်]

စေတီတော်၏ ရင်ပြင်တွင် ကျောက်ဖားရုပ်တုတစ်ခု ရှိသည်။ “ကျောက်ဖားရေလာင်း စီးပွားကောင်း” ဟု အဆိုကို ယုံကြည်မှုရှိစွာဖြင့် ရေလောင်းကာ ဆုတောင်းမှုများလည်း ပြုလုပ်နိုင်သည်။[၁]

ကျောက်ပွား[ပြင်ဆင်ရန်]

စေတီတော်၏ ရင်ပြင်တော်တွင်ပင် ကျောက်ပွားရှိ၏။ ထိုကျောက်ပွားဖြင့် ပိုက်ဆံများကို ထိကာ ဆုတောင်းများ ပြုလုပ်ပါက ပိုက်ဆံများ ပွားများလာနိုင်သည်ဟု ယုံကြည်မှုဖြင့် ဆုတောင်းမှုများလည်း ရှိသည်။[၁]

ရုပ်ပုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]