ရွှေဘုံသာစေတီတော်

ဝီကီပီးဒီးယား မှ

ရွှေဘုံသာစေတီတော် သည် မြန်အောင်မြို့ရှိ စေတီတော်တစ်ဆူ ဖြစ်သည်။ မြန်အောင်မြို့၏ တောင်ဘက် ဧရာဝတီမြစ်ကမ်းအနီးတွင် တည်ရှိသည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

သက္ကရာဇ် ၁၁၁၄ ခုနှစ်တွင် အလောင်းမင်းတရားသည် အင်းဝကို အောင်နိုင်ခဲ့၏။ ထို့နောက် ၁၁၁၆ ခုနှစ်တွင် အောက်မြန်မာနိုင်ငံကို စည်းရုံးရန် စုန်ဆင်း၏။ ထိုအချိန်တွင် မွန်တပ်များသည် ပြည်မြို့တွင် တပ်စွဲထား၏။ အလောင်းမင်းတရားကြီး၏ တပ်များသည် မွန်တို့ကို တိုက်ခိုက်သောအခါ မွန်တို့သည် ဆုတ်ခွာကုန်၏။ ထို့နောက် လွန်ဆေးခေါ် ဂူထွတ်မြို့တွင် မွန်တို့ကို တိုက်ခိုက်ရာ အလျင်အမြင်ပင် အောင်နိုင်ခဲ့၏။ ထို့ကြောင့် ထိုမြို့ကို မြန်အောင်မြို့ ဟု သမုတ်ခဲ့၏။

ထို့နောက်တွင် စစ်အောင်သောအထိမ်းအမှတ်အနေဖြင့် ဖောင်တော်ဦးအရပ်တွင် စေတီတော်ကို တည်ခဲ့သည်။ ထိုစေတီတော်ကို မြန်အောင်ဘုံသာ ဟု ဘွဲ့တော် ပေးခဲ့သည်။ နောင်အခါ စေတီတော်ကို ရွှေသင်္ကန်းကပ်ခဲ့သည့်အခါမှစကာ ရွှေဘုံသာစေတီတော် ဟု ထင်ရှားလာခဲ့သည်။

၁၁၁၆ ခုနှစ် နှောင်းတန်ခူးလပြည့်ကျော် ၁ ရက်နေ့တွင် စေတီတော်ကို ရွှေအုတ်ငွေအုတ်ခင်းကာ သတ္တဌာန၊ အဋ္ဌဝီသ၊ အဋ္ဌဇေယ စသည့် ရွှေရုပ်တုတော်များ၊ ဓာတ်တော်များ ဌာပနာခဲ့သည်။ စေတီတော်တွင် အသုံးပြုသည့် အုတ်များသည် အတွင်းကိုယ်ရံတော်သားတို့သာ ပြုလုပ်ရ၏။ ချောမွေ့နေစေရန် အုတ်ချင်းပွတ်၍ စီကာ ပြုလုပ်ခဲ့သည်။ ထို့ပြင် သရွတ်ကိုလည်း အမွှေးနံ့သာတို့ဖြင့် ဖျော်ကာ ထည့်ရသည်။[၁]

အတိုင်းအတာများ[ပြင်ဆင်ရန်]

စေတီတော်သည် ဉာဏ်တော် ၁၇ တောင် မြင့်၏။[၁]

သမိုင်းမှတ်တမ်းများ[ပြင်ဆင်ရန်]

  • သက္ကရာဇ် ၁၁၁၉ ခုနှစ်၊ ဝါခေါင်လဆန်း ၁၃ ရက်နေ့တွင် အလောင်းမင်းတရားကြီးသည် ရန်ကန်မှ အဆန်ခရီးတွင် မြန်အောင်သို့ ရောက်ခဲ့၏။ ထို့နောက် ရွှေဘုံသာစေတီတော်ကို သာဓုအနုမောဒနာ ခေါ်ခဲ့သည်။
  • ထို့ပြင် မင်းတရားကြီးသည် ဟင်္သာတနန်းတော်ရာစေတီကို ဖိနပ်တော် အတောင် ၂၀၊ ဉာဏ်တော် အတောင် ၄၀ စေတီတော်၊ ရေကင်းနန်းတော်ရာစေတီကို ဖိနပ်တော်အတောင် ၂၀၊ ဉာဏ်တော်အတောင် ၄၀ တည်ရန်၊ မြန်အောင်နန်းတော်ရာစေတီကို ဖိနပ်တော်အတောင် ၂၀၊ ဉာဏ်တော် အတောင် ၄၀ တည်ရန် ဓာတ်တော်များကို အရရပ်သူကြီးကို ပေးခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၂၂၉၊ ၂၃၀။