ရွှေဖရုံပင်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
Cucurbita moschata
Cucurbita moschata Butternut 2012 G2.jpg
Butternut squash, a variety of Cucurbita moschata
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Cucurbitales
မျိုးရင်း: Cucurbitaceae
မျိုးဇာတ်: Cucurbiteae
မျိုးစု: Cucurbita
မျိုးစိတ်:
C. moschata
ဒွိနာမ
Cucurbita moschata
Synonyms[၁]
  • Cucurbita colombiana (Zhit.) Bukasov
  • Cucurbita hippopera Ser.
  • Cucurbita macrocarpa Gasp.
  • Cucurbita meloniformis Carrière
  • Cucurbita pepo var. moschata Duchesne
  • Gymnopetalum calyculatum Miq.
  • Pepo moschata (Duchesne) Britton

ရွှေဖရုံပင်သည် နွယ်ပင်မျိုးဖြစ်သည်။ ရုက္ခဗေဒအလိုအားဖြင့် ရွှေဖရုံသည် ဘူး၊ သခွား စသော အသီးမျိုးများနှင့်အတူ ကျူကာဗီတေးစီအီး မျိုးရင်းတွင် ပါဝင်သည်။ မြန်မာနိုင်ငံ၌ စိုက်ပျိုးသော ရွှေဖရုံမျိုး များတွင် အမျိုးကွဲများရှိသည်။ ရွှေဖရုံတစ်မျိုး၏ ရုက္ခဗေဒအမည်မှာ ကျူကာဗီတာ မက်ဇီးမားဟု ခေါ်သည်။ အရွက်သည် ဘူးရွက်ကဲ့သို့ ကြီး၍ ဆူးမွေးများ ပါရှိသည်။ အပွင့်အဝါရောင် ဖြစ်သည်။ ပွင့်ဖတ်များ ကြွေသွားပြီးနောက် ယင်းမှ သီးကင်းဖြစ်လာသည်။

ရွှေဖရုံသီးသည် လုံးဝိုင်း၍ များသောအားဖြင့် ထိပ်နှစ်ဖက် ပြားသည်။ ဘေးတွင် အမွှာအမြောင်းများ ဖြစ်နေသည်။ အသီး၏ လုံးပတ်သည် တစ်ခါတစ်ရံ ခုနစ်ပေမှ ရှစ်ပေအထိ ရှိတတ်သည်။ မျိုးလုပ်ရန်ထားသော အသီးသည် တစ်ခါတစ်ရံ ပိဿာ ၆ဝ မှ ၁ဝဝ အထိ လေးတတ်ကြသည်။ အခွံသည် မာ၍ အရောင်အမျိုးမျိုး ဖြစ်သည်။ နုစဉ် အစိမ်းပေါ်၌ အစက်ပြောက်များရှိ၍ ရင့်လာသည့်အခါ ဝါညိုညိုပေါ်၌ အစက်အပြောက်များ ရှိလာသည်။ အခွံမှအသားကို ထုတ်၍ အခွံကို အခြောက် လှမ်းပြီးလျှင် ခွက်အဖြစ် သုံးစွဲကြသည်။ အတွင်းသားသည် နုသည့်အခါ ဝါဖျော့ဖျော့ဖြစ်၍ ရင့်သည့်အခါ ဝါရင့်ရင့် ရွှေရောင်ဖြစ်သည်။ အသီးနုသည့်အသား အနည်းငယ်ပွသော်လည်း အသီးရင့်သည့်အခါ ကျစ်လာသည်။ ရင့်သည့်အသားကို ချက်ပြုတ် စားသည့်အခါ အလွန်စေးသည်။ အရသာချို၍ အနဲငယ် အငန်ဓာတ်ပါသည်။ အူလယ်သားပွ၍ အစေ့ရှိသည်။ ယင်းအစေ့များကို မျိုးယူစိုက်ပျိုးရသည်။ အစေ့ကို ဆားဖြင့် လှော်၍ ယင်းအထဲမှ အဆန်ကို စားသည့်အခါ ဆိမ့်သည်။ ရွှေဖရုံသီးသည် ဗူးသီးကဲ့သို့ မဟုတ်၊ ခြောက်သွေ့သောနေရာ၌ ကြာရှည်စွာ အထားခံသည်။

ရွှေဖရုံသီး အခွံကို ဓားဖြင့်သော်လည်းကောင်း၊ လက်သည်းဖြင့်သော်လည်းကောင်း၊ လှီးဖဲ့လိုက်လျှင် အစေးများ ထွက်လာကြသည်။ ရွှေဖရုံ၏ အရသာမှာ သကြားကဲ့သို့ ချို၍ ပုစွန်အသားအစို အခြောက်တို့ဖြင့် ဟင်းချက်စားကြသည်။ သို့သော် အနောက်တိုင်းသားများသည် ရွှေဖရုံသီးချည်း ပြုတ်၍ပင် စားလေ့ရှိကြသည်။ မြန်မာနိုင်ငံ၌ ရွှေဖရုံပင်၏ အညွန့်အဖူးအပွင့်များကိုပင် ချက်ပြုတ်စားကြသည်။ ဒဗ္ဗဂုဏဆေးကျမ်းအလိုအရ ရွှေဖရုံသီးသည် ဝမ်းမီးတောက်စေ၏။ နှုတ်ကိုမြိန်စေတတ်၏။ သည်းခြေ ကို ပျက်စေတတ်၏။ စိမ်းလျှင်ကား ကြေခဲ ကျက်ခဲ၏။ အေး၏။ ဝမ်းချုပ်၏ဟု ဆိုသည်။ အိန္ဒိယဆေးကျမ်းအလိုအရမူ ရွှေဖရုံသီး အသားခြောက်သည် ချောင်းဆိုးသွေးပါ ရောဂါအတွက် ကောင်းကြောင်း၊ အသီးမှည့်နှင့် ကပ်နေသည့်အညှာကို ရေနှင့်သွေး၍ အဆိပ်ပြင်းသောသတ္တဝါများ ကိုက်သည့်နေရာ တွင် လူးလျှင် အဆိပ်ပြေကြောင်းဖြင့် ဆိုသည်။ အနောက်နိုင်ငံ အာဟာရသုတေသနပညာရှင်များ၏အဆိုအရ ရွှေဖရုံသီးတွင် ဗီတာမင် အေဓာတ်နှင့် ဗီတာမင် စီဓာတ် ကြွယ်ဝသဖြင့် အားကိုဖြစ်စေသော အစာအမျိုးဟူ၍လည်းဆိုသည်။

ရွှေဖရုံပင်မှာ နွယ်တက်တတ်သော အပင်မျိုးဖြစ်၍ စင်များကို ခိုင်ခံ့စွာ ဆောက်ပေးရသည်။ နွေရာသီ၌ စိုက်ပျိုးသော ရွှေဖရုံပင်များကို စင်ထိုးမပေးဘဲ မြေပေါ်၌ပင် လျှောက်သွားစေ၍ စိုက်ပျိုးကြသည်။ ယင်းတို့ကို ပြာသိုလမှ နယုန်လအထိ စိုက်ပျိုးကြသည်။ အစေ့မှ စိုက်လျှင် ကြီးပြင်းလာရန် နှစ်လမှ နှစ်လခွဲအထိ ကြာသည်။ အပူပိုင်းဒေသ၌ နေရာမရွေး စိုက်ပျိုး၍ရသည်။

ရွှေဖရုံအပြင် မြန်မာနိုင်ငံတွင် ကျောက်ဖရုံဟု ခေါ်ကြသော နွယ်ပင်တစ်မျိုး ရှိသေးသည်။ မျိုးရင်းအားဖြင့် ရွှေဖရုံနှင့် အတူတူပင် ဖြစ်သော်လည်း မျိုးခွဲချင်းမတူပေ။ ရုက္ခဗေဒ အမည်ဖြင့် ဗိနင်ကာဆာ စာရီဖာရာဟု ခေါ်လေသည်။ ကျောက်ဖရုံပင်တို့သည် ပူနွေးသောရာသီဥတုရှိသည့်ဒေသများတွင် ပေါက်ရောက်သည်။ အကာအကွယ်ရှိသည့် ချိုင့်ဝှမ်းဒေသများ၌ ပေလေးထောင် အမြင့်ထိအောင် ပေါက်ရောက်နိုင်လေသည်။ ထိုအပင်တို့သည် တစ်နှစ်တစ်ခါစိုက်ရသော ဟင်းသီး ဟင်းရွက်ပင်မျိုးဖြစ်၍ နွယ်တက်ပေါက်ရောက်သည်။ အရွက်များသည် အနည်းငယ်ကြမ်း၍ အတန်ငယ်ကြီး မားပြီးလျှင် အရင်းကား၍ အဖျားရှုးကာ ထောင့်ချွန်းအနည်းငယ် ပါရှိသည်။ ရွက်ညှာတံတွင် မွေးနုများ ရှိလေသည်။ အပွင့်များသည် အဝါရောင်ဖြစ်၍ အကြောစိမ်းကလေးများ ပေါ်နေသည်။ တစ်ပွင့်ချင်း ပွင့်၍ အပွင့် အတန်ငယ်ကြီးသည်။ တစ်ပင်တည်းတွင် အဖိုပွင့် အမပွင့် နှစ်မျိုးလုံး ပွင့်ရာ၊ အဖိုပွင့်၏ ဝတ်ဆံသည် စုခဲနေသည်။ အမပွင့်တွင် သီးကင်းကလေးများ ပါလာသည်။ အသီးများသည် ကြီးမား၍ ရှည်လျားလျား ဘဲဥပုံသဏ္ဌာန်ရှိသည်။ ဖယောင်းတိုက်ထားသကဲ့သို့ မာကြော၍ ချောမွတ် စိမ်းဖျော့သော အခွံမျိုးရှိပြီးလျှင် အလွန်အလေးချိန်စီးသော အသီးများ ဖြစ်ကြလေသည်။


အတွင်းသားသည် ဘူးသီးကဲ့သို့ အဖြူရောင်ဖြစ်၍ အရည်ရွှမ်းသော်လည်း ဘူးသီးအသားထက် ပို၍မာကျစ်သည်။ ရွှေဖရုံသီးနည်းတူ အူလယ်သားပွ၍ အဖြူရောင်အစေ့များ ရှိလေသည်။ မြန်မာဆေးကျမ်းများ အလိုအရ ကျောက်ဖရုံသီးနုနုသည် အေး၏။ သည်းခြေကို နိုင်၏။ မနုမရင့်သည် သလိပ်ကို ပျက်စေတတ်၏။ ရင့်လွန်းသော အသီးသည် ချိုအေးသောအရသာ ရှိ၏။ အနည်းငယ်ဖန်၏။ ဝမ်း မီးကို တောက်စေတတ်၏။ အစာကို ကြေစေတတ်၏။ ဆီးကို ရွှင်စေတတ်၏။ အသီး အရင့်မှည့်သည် မအေးလွန်း။ ချို၏။ စဉ်းငယ်ဖန်၏။ ကြေလွယ်၏။ ဝမ်းမီးကို တောက်စေတတ်၏။ ဆီးကို ရွှင်စေတတ်၏။ ဒေါသသုံးပါးလုံးကို နိုင်၏။ ရူးသောအနာကို နိုင်၏ဟူ၍ ဆိုလေသည်။

ကျောက်ဖရုံသီး၏ဂုဏ်သည်ကား စိတ်နှလုံးကို နှစ်သက်စေတတ်၏။ အသားကိုလည်း ပွားစေတတ်၏။ သတိနှလုံးကိုလည်း အေးစေတတ်၏။ သွေးနှင့် သင့်၏။ အားကိုဖြစ်စေတတ်၏။ အပေါ်ခွံသည်ကား အစာမကြေ။ အိန္ဒိယဆေးကျမ်းများအလိုမှာမူ ကျောက်ဖရုံသီးသည် အာဟာရကို ဖြစ်စေသည်။ အားသစ်ကို ဖြစ်စေသည်။ ဆီးဝမ်း ကောင်းစေသည်။ သွေးကိုလည်း တိတ်စေနိုင်၍ ပြဒါးတောက်ခြင်းမှလည်း ကာကွယ်နိုင်သည်။ အပေါ်ခွံခွာပြီးသောအစေ့၏ အတွင်းမှ အဆံကို သန်ချဆေး၊ ဆီးရွှင်ဝမ်းနုတ်ဆေးတို့အတွက် အသုံးပြုရသည်။ ယင်းတို့ဖြင့် ဖော်ထားသော တေဆေးသည် အားသစ်ကို ဖြစ်စေ၍ ဆီးရွှင်ဝမ်းမှန်စေလေသည်။

ကျောက်ဖရုံသီးတွင်ကို ဆွတ်ခူးပြီးနောက် မခွဲမစိတ်ဘဲ ထားလျှင် နှစ်ပေါက်အောင် ခံသည်။ ကျောက် ဖရုံသီးကို အိမ်အဆောက်အအုံများ၌ ဆောင်ထားလျှင် မိုးကြိုး ကွင်းသည် ဟူ၍လည်းကောင်း၊ လူသေအလောင်းအောက်၌ ခေါင်းရင်းတစ်လုံး၊ ခြေရင်းတစ်လုံး ထားပေးလျှင် လူသေပုပ်စော်မနံဟူ၍လည်းကောင်း မြန်မာတို့ အယူရှိကြသည်။ အိန္ဒိယနိုင်ငံတွင် ကျောက်ဖရုံသီးနှင့် စပ်လျဉ်း၍ အယူဝါဒနှင့် သက်ဆိုင်သော အစွဲအလန်းရှိကြသဖြင့် ယင်းတို့ကို ပိုင်ရှင်မသိဘဲ ခိုးယူခြင်း မပြုကြဟု ဆိုလေသည်။ ကျောက်ဖရုံ ရွက်သည်လည်း ဆီးများစေသည်ဟု ဆိုကြသည်။ ကျောက်ဖရုံအရွက်နု၊ အသီးနု၊ အရိုးနုများကို ဟင်းချို၊ ကြော်ချက် စသည်ဖြင့် ချက်၍စားနိုင်သည်။ မရင့်သော အသီးများကိုလည်း ထိုနည်းတူ ချက်ပြုတ်စားသုံးနိုင်သည်။ ထို့ပြင် ကျောက်ဖရုံသီးကို ယိုထိုး၍လည်း ရောင်းချကြလေသည်။ ကျောက်ဖရုံပင်ကို အစေ့ပျိုး၍ စိုက်ကြသည်။ မိုးဥတု၌ အစေ့ကြဲထားလျှင် နောက်နှစ်လအကြာ၌ အသီးများ စားရစပြုသည်။ ကျေးလက်များ၌ လယ်တောတဲအိမ် အမိုးများပေါ်တွင် ကျောက်ဖရုံပင်များ နွယ်တက်၍ အသီးများ တုံးလုံးပက်လက် သီးနေသည်ကို တွေ့ရတတ်လေသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. The Plant List, Cucurbita moschata
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)