ရွှေပေါ်ကျွန်းစေတီတော်

ဝီကီပီးဒီးယား မှ

ရွှေပေါ်ကျွန်းစေတီတော် သည် ရွှေကူမြို့တွင် တည်ရှိသည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးချိန်တွင် ဖြစ်၏။ မြတ်စွာဘုရား၏ ဓာတ်တော်များကို မိစ္ဆာအယူရှိသူတို့က ဖျက်ဆီးမည်ကို စိုးရိမ်သဖြင့် အဇာတသတ်မင်းနှင့် ရှင်မဟာကဿပထေရ်တို့သည် ရာမရွာရှိ ဓာတ်တော် ၄ စရွတ်မှတပါး၊ ကျန်သည့် ဓာတ်တော်များကို ကိုးကွယ်ရုံ ပြန်လည်ဆောင်ယူ၍ အရှေ့မြောက်အရပ်တွင် မြှုပ်နှံခဲ့သည်။

ထိုဓာတ်တော်များကို အသောကမင်းကြီးသည် ပင့်ဆောင်ကာ ရှစ်သောင်းလေးထောင်သော ဓာတ်တော်များကို စေတီတော်တည်ခဲ့သည်။ ကျန်ရှိသည့် ဓာတ်တော် ၁၃၃၀ ကို မည်ကဲသို့ ပြုရမည်ကို ရှင်မောဂ္ဂလိပုတ္တိဿထေရ်ကို မေးလေ၏။

ထိုအခါ ထေရ်က မြတ်စွာဘုရား ဘုရားလောင်းဘဝက ငုံးမင်း၊ ငါးရံ့မင်း၊ ပွေးမင်း၊ ရွှေသမင်မင်း စသည့်ဘဝများတွင် ကျင်လည်နေထိုင်ခဲ့သည့် ဧရာဝတီမြစ်လယ်ရှိ ဇေယျဘူမိအရပ်တွင် ဌာပနာရန် ပြောခဲ့သည်။

၂၄၈ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် ဇေယျာဘူမိကျွန်း (ရွှေကူမြို့) သို့ ဓာတ်တော်များကို ဌာပနာ၍ စေတီတော် တည်ထားခဲ့သည်။ ဉာဏ်တော် ၁၄ တောင်၊ လုံ:ပတ် ၂၈ တောင် ရှိသည်။ ဓာတ်တော် ၁၃၂၆ ဆူကို ဌာပနာခဲ့သည်။ ကျန်သည့် ဓာတ်တော်လေးဆူကိုမူ မိကျောင်း၊ သမင်၊ ကျား၊ ဆင်အရုပ်များတွင် ဌာပနာခဲ့သည်။[၁]

ပြုပြင်မွမ်းမံမှုများ[ပြင်ဆင်ရန်]

  • သက္ကရာဇ် ၄၀၆ ခုနှစ်တွင် မိုးညှင်းစားနှင့် မိုးကောင်းစားတို့ စစ်ဖြစ်ကြသည်။ မိုးညှင်းစားသည် မိုးမိတ်စားကို စစ်ကူတောင်း၏။ မိုးမိတ်စားသည် ချီတက်ရာ ဇေယျာဘူမိကျွန်းသို့ ရောက်လျှင် စေတီတော်ကို ပူဇာ်အဓိဋ္ဌာန်ပြု၍ အရေးအောင်ခဲ့သဖြင့် အပြန်တွင် စေတီတော်ကို အမြင့် ၂၃ တောင်၊ လုံးပတ် ၁၀၄ တောင်ရှိအောင် မွမ်းမံခဲ့သည်။
  • နောင်အခါတွင် နှစ်ကာလကြာမြင့်လာ၍ ပျက်စီးလာသည့်အတွက် ဗန်းမော်မြို့စား သီဆိုင်ဘွားသည် ထပ်မံပြုပြင်ခဲ့သည်။
  • အလောင်းမင်းတရားသည် သက္ကရာဇ် ၁၁၁၅ ခုနှစ် ဆီဘိုမှန်ကင်းသို့ ချီတက်ခဲ့သည်။ ထိုနှစ် တပေါင်းလပြည့်ကျော် ၈ ရက်နေ့တွင် ဘုရားရင်ပြင်ပေါ်၌ မိုးမိတ်စော်ဘွား၊ ဗန်းမော်စော်ဘွားတို့ကို သစ္စာပေးတော်မူ၏။ တန်ခူးလဆန်း ၈ ရက်နေ့အပြန်တွင် စေတီတော်ရှိ ဇရပ်တွင် ရွှေမှန်ကင်းရှစ်ဆူ လှူခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၂၂၇၊ ၂၂၈။