ရွှေပန်းထိမ်

ဝီကီပီးဒီးယား မှ
Baqdadi မှရွှေပန်းထိမ်သမား။ ရိုက်ကူးသူ Kamal-ol-molk

ရွှေပန်းထိမ်သည် ရွှေနှင့် အခြားတန်ဖိုးကြီး သတ္တုများဖြင့် လူ့အသုံးအဆောင်များ ပြုလုပ်သည့် ပန်းထိမ်အတတ် ဖြစ်သည်။ ယနေ့ခေတ်တွင် ကျောက်မျက်ရတနာ လက်ဝတ်လက်စား ပြုလုပ်ခြင်းကို အထူးအလေးပေးကြသော်လည်း သမိုင်းကြောင်းအရမူ ရွှေပန်းထိမ်သမားများက ငွေထည်ပစ္စည်း၊ ပန်းကန်များ၊ ခွက်များ၊ အလှဆင်မှုဆိုင်ရာနှင့် ဝန်ဆောင်မှုပေးနိုင်သော အသုံးအဆောင်ပစ္စည်းများ၊ ပွဲတော်များ သို့မဟုတ် ဘာသာရေးအခမ်းအနားနှင့်ဆိုင်သည့် ပစ္စည်းများကိုလည်း ပြုလုပ်ခဲ့ကြသည်။ ရွှေပန်းထိမ်သမားများသည် သတ္တုစပ်ခြင်း၊ ဂဟေဆော်ခြင်း၊ ဖြတ်တောက်ခြင်း၊ ထုရိုက်ပုံဖော်ခြင်း၊ ပုံသွန်းလောင်းခြင်းနှင့် တိုက်ချွတ်ခြင်းတို့၌ ကျွမ်းကျင်တတ်မြောက်ရသည်။ ငွေထည်ပြုလုပ်ခြင်းစွမ်းရည်များအပြင် လက်ဝတ်ရတနာပြုလုပ်သော စွမ်းရည်များကိုပါ တတ်ကျွမ်းရ၏။ အစဉ်အဆက်အားဖြင့် ပညာသင်နေစဉ်ကာလပတ်လုံး ကျွမ်းကျင်မှုရှိရန် လေ့ကျင့်လုပ်ဆောင်ကျော်ဖြတ်လာခဲ့ကြသော်လည်း ရွှေပန်းထိမ်အတတ်ကို အထူးပြုသင်ကြားပေးသည့် အနုပညာသင်တန်းကျောင်းများက လက်ဝတ်ရတနာ ထီးခက်ဖြာအောက် ကျရောက်သော ဘာသာရပ်တို့၌ပါ တတ်မြောက်ကျွမ်းကျင်အောင်လေ့ကျင့်သင်ကြားပေးသည်။ များစွာသော တက္ကသိုလ်များနှင့် သက်တမ်းရှည်ကောလိပ်ကျောင်းများက ရွှေပန်းထိမ်၊ ငွေပန်းထိမ်နှင့် သတ္တုဖြင့်အနုပညာဖန်တီးပုံဖော်မှုအတတ်ကို ၎င်းတို့၏ သင်ရိုးညွန်တမ်းတစ်ခုအဖြစ် ထည့်သွင်းသင်ကြားပေးသည်။

ရွှေ[ပြင်ဆင်ရန်]

ဆွီဒင်ပြည် အေဒီ ၄၀၀-၅၀၀ ဝန်းကျင်၊ ရာသီအလိုက် ပြောင်းရွေ့နေထိုင်သည့်ခေတ်ကာလက ငွေပေးချေမှုအတွက် သို့မဟုတ် ကျောက်ထည်လက်ဝတ်လက်စား ပြုလုပ်ရန် ကုန်ကြမ်းအဖြစ် သုံးသော ရွှေ

အခြားသော သတ္တုများနှင့် နှိုင်းယှဉ်ပါက ရွှေသည် ပျော့ပျောင်းခြင်း၊ နန်းဆွဲဒဏ်ခံနိုင်ခြင်း၊ ရှားပါးခြင်းနှင့် အဝါရောင်အစိုင်အခဲဖြင့်ဖြစ်တည်နေသည့် သတ္တုဖြစ်ခြင်း စသည့်အင်္ဂါရပ်နှင့် ပြည့်စုံသည်။ ရွှေသည် အလွယ်တကူ အရည်ပျော်နိုင်၊ ပေါင်းစပ်နိုင်ခြင်း၊ အခြားသော သတ္တုများ ဥပမာ ကြေးညိုကဲ့သို့ အောက်ဆိုက်ဒ်နှင့် ဓာတ်ငွေ့ပြဿနာမရှိပဲ လွယ်ကူစွာ ပုံသွန်းလောင်းနိုင်သည်။ ၎င်းသည် ရွှံ့ဗွက်နှင့်အလားတူ သေးငယ်သော အပိုင်းနှစ်ပိုင်းကို ထိပ်စနှစ်ဖက်အား ဖိအားပေးအရည်ပျော်ဝင်စေခြင်းဖြင့် ပိုကြီးသည့်အစိတ်အပိုင်းတစ်ခုအဖြစ်သို့ အတန်အသင့် လွယ်ကူစွာ အတူတကွ ပေါင်းစပ်နိုင်စွမ်းသည်။ ဒြပ်စင်အများစုနှင့် ဓာတ်ပြုလေ့မရှိခြင်းကြောင့် ရွှေကို နိုဘယ်လ်ဒြပ်စင်တစ်ခုအဖြစ် အတန်းအစားသတ်မှတ်ထားသည်။ ၎င်းကို အများအားဖြင့် သဘာဝအတိုင်း တွေ့ရှိနိုင်ပြီး အရောင်ပျက်ပြယ်ခြင်း၊ ဓာတ်တိုးခြင်းမဖြစ်ပဲ သက်တမ်းရှည်ကြာ တည်နေနိုင်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၇ ရာစုအလယ်က ရွှေပန်းထိမ်ဖိုလုပ်ငန်းခွင်တစ်ခု

ဒေသအတွင်းထွက်ရှိ၍ဖြစ်စေ၊ တင်သွင်းလာခြင်းဖြင့်ဖြစ်စေ ယဉ်ကျေးမှုအရပ်ရပ်၌ လူသားတို့က ရွှေလုပ်ငန်းကို လုပ်ကိုင်လာနှင့်ခဲ့ပြီးဖြစ်ကာ ထိုလုပ်ဆောင်ချက်များ၏ သမိုင်းကြောင်းမှာ နေရာဒေသအနှံ့ ကျယ်ပြန့်သည်။ အာဖရိက၊ အာရှ၊ ဥရောပ၊ အိန္ဒိယ၊ မြောက်အမေရိက၊ အလယ်ပိုင်းအမေရိကနှင့် တောင်အမေရိကရှိ ကျက်သရေဆောင် ပြတိုက်များနှင့် ကမ္ဘာတလွှားတွင် အလွန်ကောင်းမွန်စွာ ပြုလုပ်ထားခဲ့သော ရှေးခေတ် ရွှေပန်းထိမ်လက်ရာများကို စုဆောင်းထားရှိသည်။ အချို့မှာ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိပြီး ယခုခေတ်ရွှေပန်းထိမ်သမားများ အသုံးချနေဆဲ များစွာသော နည်းစနစ်များကိုသုံးပြီး ပြုလုပ်ထားခဲ့ကြခြင်းဖြစ်သည်။[၁][၂] အဆိုပါနည်းစနစ်များကိုရှေ့ဆောင်ပြုလုပ်ခဲ့သည့် အချို့သော ရွှေပန်းထိမ်သမားများသည် ပညာအမွေဆက်ခံသူများလက်ထက်အရောက်တွင် တိမ်မြုပ်ပျောက်ကွယ်သွားသော ကျွမ်းကျင်မှုအဆင့်တစ်ခုအထိ ရောက်ရှိခဲ့ဖူးကြ၏။[၃][၄]"ရှေးအခါက ထိုထက်ပိုမကောင်းနိုင်သော၊ ယခုခေတ်ကဲ့သို့လည်း လက်ရာမမြောက်လှသေးသော အနုပညာဆိုင်ရာ အရည်အသွေးကောင်းပစ္စည်းများကို ထုတ်လုပ်ခဲ့ကြသူ၊ မြင့်မားသော အဆင့်အတန်းသို့ ရောက်ခဲ့သည့် ထိုရှေးခေတ်အနုပညာရှင်များနှင့် လက်မှုပညာသည်များ"က အသုံးပြုခဲ့သော ဓာတုနည်းစနစ်များအား ဖော်ထုတ်နိုင်ရေး သုတေသနပညာရှင်များက ကြိုးပမ်းလျှက်ရှိသည်။ အလယ်ခေတ်တွင် ဥရောပရွှေပန်းထိမ်သမားများက အသင်းအဖွဲ့များ ဖွဲ့လာခဲ့ကြသည်။ ရွှေပန်းထိမ်အသင်းသည် အများအားဖြင့် မြို့ကြီးတစ်မြို့ရှိ အသင်းများထဲတွင် အချမ်းသာဆုံးနှင့် အရေးပါဆုံးသော အသင်းအဖွဲ့ဖြစ်သည်။ အသင်းက အဖွဲ့ဝင်များနှင့် ၎င်းအဖွဲ့ဝင်တို့၏ ထုတ်ကုန်ပစ္စည်းများ၌ အသုံးပြုသော အမှတ်အသား တံဆိပ်တုံးများကို မှတ်တမ်းတင် သိမ်းဆည်းထားရှိခဲ့သည်။ ထိုမှ မပျက်မဆီး ကျန်ရှိသည့် မှတ်တမ်းမှတ်ရာများမှာ သမိုင်းပညာရှင်များအတွက် အလွန်အသုံးဝင်၏။ တန်ဖိုးကို သိုလှောင်ပေးသည့် ရွှေကို ကိုင်တွယ်စီမံနေရခြင်းကြောင့် ရွှေပန်းထိမ်များမှာ ဘဏ်ပိုင်ရှင်များအဖြစ်ပါ လုပ်ကိုင်ခဲ့ကြသည်၊ ငွေတိုးချေးသည့်အလုပ်ကိုပါ လုပ်ကိုင်ကြခြင်းဖြစ်၏။ အလယ်ခေတ်က ရွှေပန်းထိမ်နှင့် ငွေပန်းထိမ်လုပ်ငန်းမှာ တွဲနေခဲ့သော်လည်း ကြေးဝါလုပ်သားများနှင့် အခြားတန်ဖိုးနိမ့် သတ္တုလုပ်သားများမှာ အခြားသော အဖွဲ့များ၏ အသင်းဝင်များသာ ဖြစ်ခဲ့ကြသည်။ လက်ဝတ်ရတနာလုပ်ငန်းအများမှာလည်း ရွှေပန်းထိမ်ပင်ဖြစ်သည်။

ဂိုအာမှ ဘရာမင် ရွှေပန်းထိမ်လုပ်သူတစ်ဦး၊ ၁၆ ရာစုနှစ် အိန္ဒိယပြည်
Lucknow မှ ရွှေနှင့် ငွေပန်းထိမ်၊ ၁၈၉၀ ခုနှစ် အိန္ဒိယပြည်

၁၈၅၁ ခုနှစ် လန်ဒန်ပြပွဲကြီး၌ ခင်းကျင်းပြသခဲ့သည့် အလွန်လက်ရာမြောက်သော အနုပညာပစ္စည်းများ ပြုလုပ်ခဲ့ကြသူ ဆူနာဇာတ်ဝင်များမှာ အိန္ဒိယတွင် ရှေးအကျဆုံးသော ရွေပန်းထိမ်လုပ်သူ အသိုက်အဝန်းများထဲမှ တစ်အုပ်စုဖြစ်သည်။ ဒေဝနိယဘရာမင်၊ ဝိသဝါဘရာမင်တို့မှာ အိန္ဒိယနိုင်ငံ၌ ရွှေပန်းထိမ်လုပ်သည့် ဇာတ်ဝင်များဖြစ်၏။ ပန်းထုနည်းအတတ်ကို ၁၄၃၀ ဝန်းကျင်တွင် ဂျမနီပြည်၌ အဆိုပါနည်းစနစ်အား သတ္တုကိုယ်ထည်ပေါ် ကာလရှည်ကြာ အသုံးချလာခဲ့သူများက စတင်လုပ်ကိုင်ခဲ့သည်။ ၁၅ ရာစု၏ ထင်ရှားသော ပန်းထုပညာရှင် ရွှေပန်းထိမ်ဆရာများမှာ Master E.S. သို့မဟုတ် Martin Schongauer နှင့် Albrecht Dürer တို့ဖြစ်သည်။

ခေတ်ပြိုင်ရွှေပန်းထိမ်လုပ်ငန်းများ[ပြင်ဆင်ရန်]

လုပ်ငန်းခွင်မှ ယခုခေတ်ရွှေပန်းထိမ်သမား

ရွှေပန်းထိမ်သမားတစ်ဦးသည် လက်ဝတ်လက်စားအထည်စုံ ပြုလုပ်ခြင်းအစွမ်းနှင့် ၎င်းတို့အား ရောင်းထုတ်ခြင်းအသိသညာကို သိထားရသည်။ သတ္တုအားလုံးထဲ၌ ပုံသွင်းရအလွယ်ကူဆုံးဖြစ်သည့် ရွှေမှာ လုပ်သားများအား တမူထူးသော အခွင့်အလမ်းများကို ပေးစွမ်းသည်။ ယနေ့ကမ္ဘာတွင် အခြားသော သတ္တုအမျိုးအစားများ၊ အထူးသဖြင့် ပလက်တီနမ်သတ္တုစပ်များကိုလည်း မကြာခဏ အသုံးပြုကြ၏။ ၂၄ ကာရက်ရွှေသည် သန့်စင်သောရွှေဖြစ်ပြီး သမိုင်းကြောင်းအရ ဇမ္ဗူရာဇ်ရွှေ၊ အခေါက်ရွှေဟု ခေါ်သည်။ ပျော့ပျောင်းခြင်းကြောင့် ၂၄ ကာရက်ရွှေကို ကျောက်ထည်၌ အသုံးနည်း၏။ ပိုမိုကြံ့ခိုင်ရန်နှင့် အမျိုးမျိုးသော အရောင်အသွေးများဖန်တီးရန် အများအားဖြင့် သတ္တုစပ်ခြင်းပြုရသည်။ သတ္တုစပ်ပြုလုပ်ရာတွင် သုံးသောသတ္တုအပေါ်မူတည်၍ အရောင်ပြောင်းနိုင်သည်။ ထို့နောက် သတ္တုစပ်ထားသော ရွှေကို ရောင်းတမ်းအတွက် သတ္တုစပ်၌ ရွှေပါဝင်မှုအချိုးအစားအား ကိုယ်စားပြုရန် ၇၂၅ အမှတ်အသားဖြင့် တံဆိပ်ရိုက်ရသည်။ ကျောက်မျက်ရတနာအထည်ဈေး ပိုသက်သာစေရန် အနည်းစုက ရွှေပါဝင်မှုနည်းသော သတ္တုစပ်များကိုသုံးပြီး ကျောက်ထည်အများစုမှာ ဤ ၇၂၅ အမှတ်အသား သတ္တုစပ်ဖြင့် ပြုလုပ်ထား၏။ ပြီးလျှင် ရွှေကို ပုံစံတစ်မျိုးမျိုးအဖြစ် ပုံသွန်းလောင်းမှု၊ အထူးသဖြင့် Lost-wax casting ခေါ်ဖယောင်းဖောက်မိုလောင်းခြင်း သို့မဟုတ် သတ္တုတွင် တိုက်ရိုက်ဖန်တီးခြင်း ပြုရသည်။ နောက်ပိုင်းအဆင့်တွင် ရွှေပန်းထိမ်သမားက သတ္တုကို ပြုလုပ်လိုသည့်ပုံစံရရန် ကြိတ်စက်၊ နန်းပြင်၊မိုတုံးခေါ် ရိုက်မြောင်းနှင့် အချိုင့်ပုံ၊ ကြယ်ပုံ၊ ဘဲဥချိုင့်ပုံ၊ သစ်ခက်ပုံ စသည်တို့အား လိုအပ်သလို စီမံထွင်းထုထားသောပစ္စည်း၊ အခြားပုံဖော်ကိရိယာအပါအဝင် စက်ကိရိယာအမျိုးစုံကို သုံးရပါသည်။ ထို့နောက် အစိတ်အပိုင်းများအား ဂဟေဆက်တပ်ဆင်ခြင်းလုပ်ငန်းအဆင့်ဆင့်ကို လုပ်ကိုင်ဖန်တီးရသည်။ ဤသည်မှာ သမိုင်းသက်သေဖြစ်ပြီး အလွန့်အလွန်မြင့်မားသော ကျွမ်းကျင်မှုအဆင့်တစ်ခုဆီ အတတ်ပညာတော်လှန်ပြောင်းလဲရောက်ရှိခြင်းနှင့် အဆုံးစွန်စွမ်းရည်ဖြစ်သည်။ ရွှေပန်းထိမ်ဆရာကောင်းတစ်ယောက်သည် အသေးစိတ်တိကျလှသော စက်ကိရိယာကို အားမကိုးပဲ သူ၏မျက်လုံးနှင့် လက်စွဲတော်ကိရိယာများကိုသာ အထူးပိုမိုအားထားပြီး အလုပ်လုပ်နိုင်စွမ်းသည်။ ရွှေပန်းထိမ်အလုပ်တွင် ကျောက်မျက်ရတနာလုပ်ငန်းလုပ်သူဟု ဆိုကြသော ကျောက်မျက်ရတနာတပ်ဆင်ရသည့် အလုပ်လည်း မကြာခဏ ပါဝင်တတ်သည်။ သို့ရာတွင် ကျောက်မျက်ရတနာလုပ်ငန်းလုပ်သူဆိုသည်မှာ ကျောက်မျက်ရတနာ လက်ဝတ်လက်စား အရောင်းအဝယ်လုပ်သူကို အများဆုံးဆိုလိုခြင်းကြောင့် ရွှေပန်းထိမ်၊ ငွေပန်းထိမ်၊ ကျောက်မျက်ကျွမ်းကျင်သူ၊ စိန်သွေးသူ၊ စိန်တပ်ဆင်သူများနှင့် မရောထွေးရန် လိုသည်။ en: Goldsmith

ကိုးကား[ပြင်ဆင်ရန်]

  1. "Development of metallurgy in Eurasia" (2009). Antiquity 83 (322). Department of Prehistory and Europe, British Museum. doi:10.1017/S0003598X00099312. “In contrast, the earliest exploitation and working of gold occurs in the Balkans during the mid-fifth millennium BC, several centuries after the earliest known copper smelting. This is demonstrated most spectacularly in the various objects adorning the burials at Varna, Bulgaria (Renfrew 1986; Highamet al. 2007). In contrast, the earliest gold objects found in Southwest Asia date only to the beginning of the fourth millennium BC as at Nahal Qanah in Israel (Golden 2009), suggesting that gold exploitation may have been a Southeast European invention, albeit a short-lived one.” 
  2. de Laet၊ Sigfried J. (1996)။ History of Humanity: From the Third Millennium to the Seventh Century BC။ UNESCO / Routledge။ p. 99။ ISBN 978-92-3-102811-3The first major gold-working centre was situated at the mouth of the Danube, on the shores of the Black Sea in Bulgaria
  3. Grande၊ Lance (2009)။ Gems and Gemstones: Timeless Natural Beauty of the Mineral World။ University of Chicago Press။ p. 292။ ISBN 978-0-226-30511-0The oldest known gold jewelry in the world is from an archaeological site in Varna Necropolis, Bulgaria, and is over 6,000 years old (radiocarbon dated between 4,600 BC and 4,200 BC).
  4. Anthony၊ David W.; Chi၊ Jennifer, eds. (2010)။ The Lost World of Old Europe: The Danube Valley, 5000–3500 BC။ Institute for the Study of the Ancient World။ pp. 39, 201။ ISBN 978-0-691-14388-0grave 43 at the Varna cemetery, the richest single grave from Old Europe, dated about 4600–4500 BC.