ရွှေနှင့်ယိုးမှားပန်းစကား
ရွှေနှင့်ယိုးမှားပန်းစံကား ကဗျာကို ပုဂံခတ်က အမည်မသိရှေးစာဆို ရေးသားခဲ့သည်။ ကဗျာအမျိုးအစားမှာ လင်္ကာ သို့မဟုတ် အချင်းငယ် ဖြစ်သည်။ ဤလင်္ကာသည် ပန်းပဲမောင်တင့်တယ်၏ နှမငယ်အကြောင်းရေးဖွဲ့ထားသည်ဟုကဗျာဗန္ဓသာရကျမ်းဆရာ ပုဂံဝန်ထောက်ဦးတင်ကဆိုသည်။ ရှေးခေတ်မြန်မာအမျိုးသမီးတို့၏ ကိုယ်ကျင့်တရားနှင့် မေတ္တာတရားတို့ကို လေးစားဂုဏ်ယူဖွယ် ဖော်ပြလိုသောရည်ရွယ်ချက် ဖြင့် ရေးဖွဲ့ထားသည်။ မိန်းမပျိုလေးတစ်ဦးက မင်းမဟာဂီရိနတ်မင်းကို မိမိ၏ မေတ္တာဇာတ်လမ်းအား ပြောပြနေပုံကို ရေးဖွဲ့ထားသည်။
အမည်
[ပြင်ဆင်ရန်]ဤကဗျာကိုပင် သိုးကလေ[၁]၊ ရွှေနှင့်ယိုးမှားပန်းစံကား၊ ပုပ္ပားနတ်တောင်ဖွဲ့[၁] ဟူသောအမည်များဖြင့် သိရှိကြသည်။ ရံခါတွင် ပုပ္ပားနတ်တောင်ဖွဲ့ဟု ခေါ်ဆိုကြသော်လည်း "တောင်ဘွဲ့"သည် တစ်ပိုဒ်သာပါဝင်၍ ကျန်သုံးပိုဒ်သည် မောင်မယ်အချစ်ဘွဲ့ဖြစ်သည်။[၁]
ခေတ်ကာလ
[ပြင်ဆင်ရန်]ဤကဗျာသည် ပုဂံခေတ်ကဟု ယူဆနိုင်သော်လည်း မြကန်သာကဗျာထက် ခေတ်နောက်ကျနိုင်ကြောင်း ပညာရှင်များက သုံးသပ်သည်။ စာရေးဆရာ မောင်သာနိုးက ကဗျာသည် အကြောင်းအရာ၊ ဖွဲ့စည်းပုံစနစ်တို့ကြောင့် နောက်ကျနိုင်ကာ ပင်းယခေတ် (သို့) အင်းဝခေတ်ဦးတွင် ပေါ်ပေါက်လာခဲ့သော ကဗျာဟူ၍ပင် သံသယရှိကြောင်း ဆိုထားသည်။ ဆိုလိုသည်မှာ အကြောင်းအရာသည် တိုက်ရိုက်ရေးဖွဲ့ခြင်းမဟုတ်၊ ချစ်ခြင်းမေတ္တာဖြစ်သောကြောင့် မစောနိုင်ကြောင်း၊ ကဗျာတွင် သိုးကလေ အစနှင့် အခြားအပိုဒ်များ ကာရန်မချိတ်မိသည်မှလွဲ၍ ကျန်အားလုံးသည် ကာရန်ညီညွတ်နေ၍ မစောနိုင်ကြောင်း၊ အက္ခရာခုနစ်လုံးပါ အချပိုဒ်များ ကိုယ်စီရှိနေသောကြောင့် နောက်ကျသည်ဟု သုံးသပ်မှတ်ယူသည်။ ထို့အပြင် စကားအသုံးနှုန်း၌လည်း ခေတ်ဆန်သည်။ သို့ရာတွင် အပိုဒ်အရေအတွက်နည်းသည်ဖြစ်၍ လွန်စွာတော့ နောက်မကျဟု ယူဆလေသည်။[၁]
ကဗျာစကားပြေ
[ပြင်ဆင်ရန်]သိုးကလေ
ပုပ္ပါးနတ်တောင်
အခေါင်မြင့်ဖျား စုံတောပြား၌
နံ့ရှားကြိုင်လွင့်၊ ခါတန်ပွင့်သည်
ရွှေနှင့်ယိုးမှား၊ ပန်းစကား။
သိုးကလေ
စကားပွင့်နှင့်
နှိုင်းတင့်နိုးသည်၊ ရဲမျိုးသမီး
မောင်ကြီးနှမ၊ ညက်လှပြာစင်
မယ့်သည်ပင်သည် ခရီးသား။
သိုးကလေ
မြိတ်လွတ်စုလည်း
အငယ်တည်းက၊ ကျွမ်းဝင်ကြသည်
မွေးဖတူရင်း၊ မျိုးသည်မင်းနှင့်
ချစ်ခြင်းစုရုံး၊ သက်ထက်ဆုံးသည်
နှလုံးမခြား၊ စောင့်တရား။
ဆွေမိမင်း
မျက်သုတ်နီစင်
ရထည်းဖျင်နှင့်၊ ကျိုင်းစင်မြဝါ
မတ်ကြီးလျာကို
မယ်သာကြိုက်မိ၊ တုမရှိ။