ရွှေစွန်ညို

ဝီကီပီးဒီးယား မှ

ရွှေစွန်ညို[ပြင်ဆင်ရန်]

လူ ၅ ယောက်မှ ၁၂ ယောက်ခန့် အထိ ပါဝင် ကစားနိုင်သော မြန်မာ့ရိုးရာ ကစားနည်း ဖြစ်သည်။ အားလုံးထဲမှ စွန်(ရွှေစွန်ညို)၊ မယ်ထွေးလေးနှင့် ခေါင်းဆောင် ကို ရွေးချယ်ကာ ခေါင်းဆောင်နှင့် ကျန်ကစားသူများက မယ်ထွေးလေးကို စွန်ထံမှ ဝိုင်းကာကွယ်ကြရသည်။

ကစားနည်း[ပြင်ဆင်ရန်]

ရွှေစွန်ညို မှလွဲ၍ ကျန်ကစားသူများသည် ခေါင်းဆောင်လုပ်မည့်သူနောက်တွင် တန်းစီ၍ မယ်ထွေးလေးကို နောက်ဆုံးထား ကြရသည်။ ရွှေစွန်ညို လုပ်သည့်သူသည် ငှက်သဏ္ဌာန် အတောင်ခတ် ပျံဝဲရင်း ` ရွှေစွန်ညို ငှက်ရဲ တိမ်တိုက်ထဲက ဝဲထွက်ခဲ့ပြီ´ ဟူ၍ ဟစ်အော်ပြီး ပြောရသည်။ ကစားပွဲ မစမီ ပြေးသူ လိုက်သူ အချိန်ကိုက်စေရန် ခေါင်းဆောင်နှင့် ရွှေစွန်ညို က မျက်နှာချင်းဆိုင်ရပ်လျက် အောက်ပါကဗျာကို အပြန်အလှန် အမေးအဖြေပုံစံဖြင့် ဆိုကြသည်။ ကဗျာဆုံးသည်နှင့် အပြေး အလိုက် စတင်ပါတော့သည်။

ကဗျာ[ပြင်ဆင်ရန်]

ကလေးများ = ရွှေစွန်ညို . . .ဘာကို လိုလို့ ဝဲပါတယ်။
ရွှေစွန်ညို = မယ်ထွေးလိုလို့ ဝဲပါတယ်။

ကလေးများ = မယ်ထွေးမပါ .. ဒို့ချည်းသာ။
ရွှေစွန်ညို = ပါ ပါလျက်သား.. နောက်ကထား။

ကလေးများ = မယ်ထွေးအသား ခါးလှတယ်။
ရွှေစွန်ညို = တွင်းငယ်ရေနဲ့ ဆေးပါ့မယ်။

ကလေးများ = တွင်းငယ်ရေ နွေမှာခမ်း။
ရွှေစွန်ညို = ချောင်းငယ်ရေနဲ့ ဆေးပါ့မယ်။

ကလေးများ = ချောင်းငယ်ရေ နွေမှာခမ်း။
ရွှေစွန်ညို = မြစ်ငယ်ရေနဲ့ ဆေးပါ့မယ်။

ကလေးများ = မြစ်ငယ်ရေ နွေမှာခမ်း။
ရွှေစွန်ညို = ပင်လယ်ရေနဲ့ ဆေးပါ့မယ်။

ကလေးများ = ပင်လယ်ရေ နွေမှာခမ်း။
ရွှေစွန်ညို = ပင်လယ်ရေ ဘယ်မခမ်း... မယ်ထွေး အမိဖမ်း။

နောက်ဆုံးအပိုဒ်တွင် ရွှေစွန်ညိုသည် ဒေါသအမျက် ခြောင်းခြောင်းထွက်ဟန်နှင့် မြေကို ဖနောင့်နှင့် ဆောင့်၍ ဆိုလေသည်။ ပင်လယ်ရေ ဆိုသည် နွေရာသီတွင် ခမ်းခြောက်ရိုး မရှိခဲ့ပါ။ ဤသို့လိမ်လည် ပြောဆိုရကောင်းလားဟူ၍ ရွှေစွန်ညို အမျက်ထွက်ဟန် သရုပ်ဖော်ရပေသည်။ ရွှေစွန်ညို ငှက်သည် ဝဲယာခုန်လွှား ပျံသန်းရင်း မယ်ထွေးကို အမိဖမ်းလေတော့သည်။ ရွှေစွန်ညို က မယ်ထွေးလေးကို လိုက်သောအခါ ရှေ့ဆုံးမှ ခေါင်းဆောင်က ရွှေစွန်ညိုကို ထုပ်ဆီးတိုး သလို လိုက်တားပြီး ကျန်သူများက ခေါင်းဆောင်နောက်ကနေ အတွဲမပြုတ်အောင် လိုက်ပြေးကြရသည်။ ကြောက်လန့်တကြား ရှောင်ရှားရင်း တခါတရံ လူတွဲသည် ပြုတ်၍ သွားတတ်သည်။ ထိုအခါတွင် လျှင်မြန်စွာ ပြန်၍ဆက်ရသည်။ ရွှေစွန်ညို က မယ်ထွေးလေးကို ဖမ်းမိသွားသောအခါ ရွှေစွန်ညို က နိုင်ပြီး ကစားပွဲ ပြီးဆုံးသည်။ မယ်ထွေးလေးကလွဲ၍ အခြားကစားသူများကို မှားဖမ်းမိလျှင် ရွှေစွန်ညိုက ရှုံးသည်။ မယ်ထွေးကို မိသွားလျှင် ရွှေစွန်ညိုနှင့် မယ်ထွေးအဖြစ် သရုပ်ဆောင်ရမည့် ကလေးငယ်ကို ပြန်ပြီး ရွေးရလေသည်။

မှတ်ချက်[ပြင်ဆင်ရန်]

သိမ်းငှက်၊ စွန်ငှက်တို့၏ အတင့်ရဲပုံနှင့် ကြမ်းကြုတ်ရက်စက်ပုံ အသွင်သဘာဝကို ကလေးတို့ အားကစားခြင်း နှင့် သင်ကြားခြင်း ဖြစ်ပေသည်။ အကြမ်း ကစားနည်းဖြစ်သော်လည်း သက်ကြီး၊ သက်လတ်၊ သက်ငယ် ပေါင်းစပ် ကစားနိုင်သော ကစားနည်းတစ်ရပ် ဖြစ်ပေသည်။[၁]


ရွှေစွန်ညို ကစားနည်း[ပြင်ဆင်ရန်]

ရွှေစွန်ညို ကစားရာတွင် ခေါင်းဆောင်လုပ်သူ၏ ခါးတွင် ဝတ်ထားသော လုံချည်နှင့် ခါးကြားတွင် အခြားကစားသူ၏ လက်ချောင်းများကို သွင်း၍ ကိုင်ထားရသည်။ သူ့နောက်တွင်လည်း အခြားကစားသူ တစ်ဦးက အလားတူ ကိုင်ထားလေ သည်။ ထိုနည်းအတိုင်း ခေါင်းဆောင်လုပ်သူ၏ နောက်ဘက်တွင် ကလေးများည် တစ်ယောက်၏ လုံချည်နှင့် ခါးကြားတွင် တစ်ယောက်၏ လက်ချောင်းကလေးများကို သွင်းကာ ကိုင်ထားကြလေသည်။ ကစားသူ ကလေးတစ်ယောက်က ရွှေစွန်ညိုအဖြစ် ကစားရ၍ သူက ခေါင်းဆောင်လုပ်သူ၏ နောက်ဆုံးတွင် ရှိနေသူ မထွေးကို မိအောင်ဖမ်းရလေသည်။ ခေါင်းဆောင်ဖြစ် သူကလည်း သူ၏လက်နှစ်ဖက်ကို ဆန့်ထုတ်ပြီးလျှင် နောက်ဆုံးတွင် ရှိနေသူ မထွေးအား မမိစေရန် ကာဆီးပေးလေသည်။ ကစားပွဲအစတွင် ရွှေစွန်ညို လုပ်သူနှင့် မထွေး၏ ရှေ့ဘက်ရှိ ခေါင်းဆောင်လုပ်သူတို့သည် အမေး အဖြေများ ပြုလုပ် ကြရလေသည်။ ပြုလုပ်ကြပုံမှာ - ခေါင်းဆောင် - ရွှေစွန်ညို ဘာကိုလိုလို့ ဝဲပါတယ် ရွှေစွန်ညို - မထွေး လိုလို့ ဝဲလာတယ် ခေါင်းဆောင် - မထွေးမပါ တို့ချည်းလာ ရွှေစွန်ညို - ပါပါရဲ့သား နောက်က ထား ခေါင်းဆောင် - မထွေးအသား ခါးလှတယ် ရွှေစွန်ညို - ပင်လယ်ရေနှင့် ဆေးပါမယ် ခေါင်းဆောင် - ပင်လယ်ရေ ခန်းပြီ ရွှေစွန်ညို - မြစ်ရေနှင့် ဆေးပါမယ် ခေါင်းဆောင် - မြစ်ရေ ခန်းပြီ ရွှေစွန်ညို - ချောင်းရေနှင့် ဆေးပါမယ် ခေါင်းဆောင် - ချောင်းရေ ခန်းပြီ ရွှေစွန်ညို - ဆန်ဆေးရေနှင့် ဆေးပါမယ် ခေါင်းဆောင် - ဆန်ဆေးရေ တို့မပေး ရွှေစွန်ညို - မထွေး လွတ်အောင်ပြေး ဟုဆိုသော အခါတွင် စွန်များဝဲသကဲ့သို့ ဗယ်မှညာ၊ ညာမှဗယ်သို့ ကိုယ်ကိုတိမ်းငဲ့၍ လက်နှစ်ဖက် ဆန့်တန်းပြီးလျှင် မထွေးကိုမိရန် ကြိုးစားရလေသည်။ ခေါင်းဆောင်လုပ်သူက လည်း အထက်တွင် ဆိုခဲ့သည့်အတိုင်း သူ၏ လက်များကို ဆန့်တန်းပြီး လျှင် မထွေးကို ရွှေစွန်ညို မမိစေရန် ကာကွယ်ပေးရလေသည်။ ကစားရာတွင် ကလေးရှစ်ယောက်မှ ဆဲ့ငါးယောက်အထိ ကစားလေ့ရှိကြသည်။ ရွှေစွန်ညို လုပ်သူမှာ များသောအား ဖြင့် ယောက်ျားကလေးဖြစ်လေ့ရှိသည်။ ခေါင်းဆောင်လုပ်သူသည် ကစားသူများတွင် များသောအားဖြင့် အကြီးဆုံးဖြစ်လေ့ ရှိသည်။ အမှန်မှာ ရွှေစွန်ညိုသည် မထွေးကို မိခဲလေသည်။ ထိုနည်းဖြင့် ကစားသူများ မောလာသည့်တိုင်အောင် ကစားလေ့ ရှိ ကြလေသည်။[၂]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. စံထွန်းအောင် ရေး ပြည်ထောင်စု ကျေးလက်ပျော်ရွှင်မှုများ
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)