ရွှေဂူနီဘုရား

ဝီကီပီးဒီးယား မှ
ရွှေဂူနီဘုရား
အပြင်ဘက်မှ ဖူးမြင်ရပုံ

ရွှေဂူနီဘုရား သည် စစ်ကိုင်းတိုင်းဒေသကြီးမုံရွာမြို့နယ်ကျောက္ကာရွာတွင်တည်ရှိသည့် ရုပ်ပွားတော်တစ်ဆူ ဖြစ်သည်။ ကျောက္ကာရွာသည် မုံရွာမြို့၏ အရှေ့ဘက် ၁၀ မိုင်အကွာတွင် တည်ရှိသည်။

ကျောက္ကာရွှေဂူနီဘုရားကြီး သမိုင်း[ပြင်ဆင်ရန်]

- ရွှေဘိုသွား ကားလမ်းပေါ်တွင် ကျောက္ကတောင်ရွာနှင့် မြောက်ရွာအကြား ရွှေဂူမြတ်စွာဘုရာကြီး တည်ရှိသည်။

ခေတ်အဆက်ဆက် ကျောက္ကာနှင့်ရွှေဂူနီကို ခွဲခြား၍ မခေါ်ဝေါ်ခဲ့ ။ ကျောက္ကာရွှေဂူနီ ဟူ၍သာ ကျောက္ကာရွာကို ကိုယ်စားပြုလျက် ခေါ်ဆိုခဲ့ကြသည်။ ကျောက္ကာရွာကြီးသည် ရှေးအခါက ကျောက်သံဦးဟု ထင်ရှားခဲ့ပြီး ထိုကျောက်သံဦးရှိ အသောကစေတီသည် သီရိဓမ္မာအသောကမင်းကြီး၏ စေတီပေါင်း ရှစ်သောင်းလေးထောင်တွင် ပါဝင်ကြောင်း သမိုင်းအဆိုအရ သိရသည်။

သက္ကရာဇ် ၇၆၂ ခုနှစ် အင်းဝဘုရင်မင်းခေါင် လက်ထက်တွင် ကျောက္ကာနယ်ပိုင်မင်းသည် အသောကစေတီပြိုပျက်သွားသော တောင်ကုန်းနေရာ၌ စေတီတော်တစ်ဆူ တည်ထားလေရာ ကာလကြာရှည်သော် လေဒဏ်မိုးဒဏ် ရာသီဥတုဒဏ်တို့ကြောင့် တောအတိဖုံးလွှမ်း၍စေတီတော်ကွယ်ပျောက် ခဲ့ရသည်။

ညောင်ရမ်းမင်းဆက် သာလွန်မင်းတရားကြီးလက်ထက်တွင် သိကြားမင်းသည် နွားကျောင်းသားလေးမောင်ဆုအောင်အား ပူးကပ်၍ကျောက္ကာရွာဦး ချုံနွယ်ပိတ်ပေါင်းကြားတွင် စေတီတစ်ဆူရှိကြောင်း ပြောကြားသဖြင့် ကျောက္ကာဆရာတော်နှင့် ကျေးရွာလူကြီးများ သွားရောက်ရှာဖွေကြရာ သီရိဓမ္မာအသောကမင်းကြီး၏ စေတီငယ်ကို တွေ့ကြရလေသည်။ သာလွန်မင်းတရားကြီးသည် ဝမ်းမြောက်ဝမ်းသာဖြစ်ရကား နွားကျောင်းသားလေးမောင်ဆုအောင်အား ဆုလာဘ်တော်များ ပေးသနားတော်မူလေသည်။ ကောဇာသက္ကရာဇ် ၉၉၉ ခုနှစ်တွင် မူလစေတီကို ဌာပနာ၍ အုတ်ဖိုငါး​ဖို ပန်းရံအဖွဲ့သုံးဖွဲ့ဖြင့် နေ့ညမအားကြီးကြပ်၍ စေတီကိုတည်ခဲ့ကြရာ သက္ကရာဇ် ၁၀၀၀ ပြည့်နှစ်တွင် စေတီတည်ခြင်း ပြီးစီးခဲ့သည်။

ကျောက္ကာရွှေဂူနီဘုရားကြီးသည် ဖိနပ်တော် ၃၄တောင် ဉာဏ်တော်အမြင့် ၇၂ တောင် နှင့် အရံစေတီပေါင်း ၄၃ဆူရှိသည်။ ပစ္စယံလေးဆင့်တွင် ရံစေတီများကို အုတ်တိုက်ခံ၍တည်ထားပုံမှာထူးခြားလှပြီး ထိုရံစေတီများမှာလည်း ကျောက္ကာရွှေဂူနီစေတီတော်ကြီးနှင့် ပုံစံတူပင် ဖြစ်သည်။ ရှေးဟောင်းသမိုင်းဝင် ကျောက္ကာရွှေဂူနီဘုရားကြီးကို ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံခဲ့ရာ သက္ကရာဇ် ၁၀၀၀ ပြည့်နှစ်မှ ၁၃၃၃ခုနှစ်အထိ နှစ်ပေါင်း၃၃၄နှစ်အတွင်း လေးကြိမ် ရင်ပြင်တော်ချဲ့ထွင်ပြုပြင်ခဲ့ပြီး ရွှေသင်္ကန်းကိုလည်း လုံးတော်ပြည့်ကပ်လှူပူဇော်နိုင်ခဲ့ကြသည်။

ကျောက္ကာရွှေဂူနီဘုရားကြီး၏ ထူးခြားချက်တစ်ခုအနေဖြင့် ရွှေဂူနီပုထိုးတော်ကြီးပြီးစီးအောင်မြင်လေသောအခါ သာလွန်မင်းတရားကြီးနှင့် မှူးမတ်များလာရောက်ရှိခိုးပူဇော်ကြရာ ရတနာဆင်ဖြူတော်များမှာလည်း တိုးဝှေ့ပူဇော်ကြသည်ဟု သိကြရသည်။ ကျောက္ကာရွှေဂူနီဘုရားကြီးသည် သာလွန်မင်းတရားကြီး ပြုပြင်မွမ်းမံသည်မှ ယနေ့အချိန်ထိ နှစ်ပေါင်း ၄၀၀ နီးပါးမျှကြာမြင့်ခဲ့ပြီဖြစ်သော ရှေးဟောင်းသမိုင်းဝင် စေတီတော်ကြီးတစ်ဆူ ဖြစ်ပါပေသည်။နောက်ထပ်ထူးခြားချက်တစ်ခုမှာ လပြည့်နေ့ နှင့် စနေနေ့ ကျသောရက်များတွင် ရွှေဂူနီဘုရားသည် အလွန်ဆုတောင်းပြည့်သည်ဟု ယုံကြည်ကြလေသည်။

[၁][၂][၃][၄]

ကိုးကား[ပြင်ဆင်ရန်]

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 1 December 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 November 2018 တွင် ပြန်စစ်ပြီး။
  2. http://www.myanmartours.us/destinations/monywa/mwa-attractions/shwe-gu-ni-pagoda/
  3. မော်ကွန်းတင်ပြီးမိတ္တူ။ 3 November 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 November 2018 တွင် ပြန်စစ်ပြီး။
  4. မော်ကွန်းတင်ပြီးမိတ္တူ။ 28 July 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 November 2018 တွင် ပြန်စစ်ပြီး။