ရွက်လှပန်းပင်

ဝီကီပီးဒီးယား မှ

ဤပန်းပင်သည် အပွင့်ကြောင့် မထင်ရှားဘဲ၊ အရွက်များ လှပတင့်တယ်ခြင်းကြောင့် ရွက်လှပန်းဟု မြန်မာနိုင်ငံတွင် ထင် ရှားကျော်ကြားနေသည်မှာ နှစ်ပေါင်းတစ်ရာခန့် ရှိပြီဟု မှန်းဆ ရသည်။ သပြေညွန့် ကံ့ကော်ညွန့် စသည်တို့ကို ပန်းခေါ်သကဲ့ သို့ ရွက်လှပင်ကို အရွက်လှသဖြင့် ရွက်လှပန်းဟု ခေါ်သည်။ အိန္ဒိယနိုင်ငံ၌ ယင်းရွက်လှပန်းပင်ကို အောင်မြင်စွာ စမ်းသပ် စိုက်ပျိုးကြသည်မှာ နှစ်ပေါင်းတစ်ရာ့ နှစ်ဆယ်ခန့်ရှိကြောင်းကို ဥယျာဉ်ပန်းမာလ် ပညာကျော် မစ္စတာဖာမင်းဂျားက ယူဆ သည်။ ယင်းပန်းပင်၏ ဇာတိအရပ်သည် ပသျှူးကျွန်းဆွယ်နှင့် ဆူမတြားကျွန်းကြီး၏အကြားတွင် ရှိသော မလက္ကားကျွန်းငယ် ပင် ဖြစ်သည်။

ရွက်လှပန်းပင်သည် ကိုဒီအီယံဟူသော ရုက္ခဗေဒအမည် ဖြင့် မထင်ရှားဘဲ အင်္ဂလိပ်အမည်ဖြင့် ကရိုတွန်ဟု ကျော်ကြား သဖြင့် အင်္ဂလိပ်စာတတ်များအတွက် ဤအပင်ကို မမြင်ဖူးလျှင် ကနခိုပင်ဟု အထင်မှားတတ်သည်။

ယင်းပန်းပင်သည် အလွန်သေးငယ်၍ ရနံ့ကင်းသော အပွင့်ကလေးများ ပွင့်လေ့ရှိသော်လည်း အရွက်များ လှပတင့် တယ်သကဲ့သို့ မလှပချေ။ ရွက်လှရွက်များမှာမူ အရောင်စုံ၍ စိုပြေသည့်အပြင် အလွန်မာကျောသဖြင့် လူကြိုက်များလေသည်၊ အပင်တစ်ပင်တည်းကပင် အရွက်ကို လိုက်၍ အဆင့်ဆင့် အရောင်ပြောင်းတတ်သဖြင့် မူရင်းအပင်ငယ်နှင့် အပင်ကြီးသည် မတူဘဲ တစ်မူကွဲနေသည်ကို ရံဖန်ရံခါ တွေ့ရတတ်သည်။ မူရင်းပေါက်ရောက်ရာ အရပ်ဖြစ်သော မလက္ကားကျွန်းတွင် ရွက်လှပန်းပင်အမျိုးပေါင်း သုံးရာကျော်ရှိရာ၊ ယင်းပန်းပင် သုံးရာကို အမည်နာမပေးပြီးကြောင်း သိရလေသည်။ မြန်မာ နိုင်ငံတွင် ရွက်လှပန်းမျိုးပေါင်း ခုနစ်ဆယ်ကျော်ခန့် ရှိသည့် အနက် ဤစာတမ်းရေးသူ ကိုယ်တိုင်ပင် မျိုးပေါင်း ငါးဆယ် ကျော် စိုက်ဖူးသည်။

စိုက်ပျိုးနည်း[ပြင်ဆင်ရန်]

ရွက်လှပန်းပင်ကို မည်သူမဆို အလွယ်တကူ စိုက်ပျိုး နိုင်သည့်အပြင် များသောအားဖြင့် မြေမရွေးဘဲ ဖြစ်ထွန်းနိုင် သည်။ ရာသီဥတု၏ ဒဏ်ကိုလည်း ခံနိုင်ရည်ရှိသည်၊ သို့ရာ တွင် သဘာဝကျကျနှင့် အရွက်ရောင်များ လှပတင့်တယ်စေ လိုလျှင် ယင်းပန်းပင်များကို အသင့်အတင့် အရိပ်အနည်းငယ် အောက်တွင် စိုက်ရသည်။ နေပူခံအဖြစ် စိုက်လျှင် အရိပ်တွင်း စိုက်သော အပင်များနှင့် အရွက်ရောင်မှာ ခြားနားသည်ကို တွေ့ရတတ်သည်။

ရွက်လှပန်းပင်များကို ပန်းအိုးတွင်ဖြစ်စေ၊ သံပုံးတွင် ဖြစ်စေ၊ စည်ပိုင်းတွင်ဖြစ်စေ အောင်မြင်စွာ စိုက်ပျိုးနိုင်သော် လည်း မြေပေါ်တွင် စိုက်ပျိုးသည်က ပိုမို၍ ဖြစ်ထွန်းသည်။ အဘယ်ကြောင့်ဆိုသော် မြေကြီးပေါ်၌ စိုက်ပျိုးသောအပင်သည် ပန်းအိုးထဲတွင် စိုက်ပျိုးသည့်အပင်ထက် ပိုမို၍ အမြစ်များ တိုးပွားထွက်သဖြင့် အကိုင်းအခက် အလက်အတက် အရွက် များလည်း ဝေဆာစွာ ထွက်နိုင်လေသည်၊ ရေဝပ်သောမြေတွင် ရွက်လှ ပန်းပင်သည် မဖြစ်ထွန်းချေ။ ယင်းပန်းပင်ကို အိုးတွင် ဖြစ်စေ၊ စည်ပိုင်းတွင်ဖြစ်စေ စိုက်ပျိုးလိုလျှင် ရေပို ရေလျှံ ထွက်သာအောင် အောက်ခြေခံတွင် အပေါက်များ အနည်းငယ် ချဲ့ပေး၍ အပေါက်များ၏ အပေါ်ယံက လုံလောက်စွာ အုတ်ခဲ ကျိုးငယ်များနှင့် မီးသွေးခဲများ အထူသုံးလက်မခန့် ထည့်ပေး ရသည်။

မြေစပ်နည်းနှင့် မျိုးပွားနည်း[ပြင်ဆင်ရန်]

ဥယျာဉ်ခြံမြေဟူသမျှကို ရွက်လှပန်းပင်အတွက် အသုံး ပြုနိုင်သည်။ ပန်းအိုးနှင့်ဖြစ်စေ၊ သံပုံးနှင့်ဖြစ်စေ စိုက်ပျိုး လိုလျှင် (၁) နွားချေး မြေဆွေးတစ်ဆ (၂) သစ်ပုပ်မြေဆွေး တစ်ဆ (၃) ဥယျာဉ်ခြံမြေတစ်ဆ (၄) မြစ်တွင်းမှ ရသော သဲတစ်ဆဝက် (၅) အင်္ဂတေကျိုးဟောင်း တစ်ဆဝက်၊ သို့ မဟုတ် ကွန်ကရစ်ဟောင်း တစ်ဆဝက်၊ သို့မဟုတ် ကွန်ကရစ် ဟောင်း ခဲကျိုးငယ်များ တစ်ဆဝက်တို့ကို သမအောင် ရောမွှေ ၍ အိုးထဲသို့ ထည့်ပြီးလျှင် ရွက်လှပင်ကို စိုက်ပျိုးရမည်။ သို့မှ သာလျှင် ပြပွဲဝင်နိုင်လောက်အောင် လှပသောပန်းပင်များရဖို့ရန် စိတ်ချရပေမည်။ ထိပ်ဝခြောက်လက်မခန့် အိုးငယ်များကို အသုံး ပြုနိုင်သည်၊ တစ်လမှ တစ်လခွဲခန့် ကြာသောအခါ အမြစ်များ ဖွာ၍ ထွက်လာသည်။ ထိုအခါ မိုးလည်းမှန်လာပြီ ဖြစ်သဖြင့် အိုးခပ်ကြီးကြီးတွင် ဖြစ်စေ၊ စည်ပိုင်းတွင်ဖြစ်စေ ရွေ့ပြောင်း စိုက်နိုင်သည်။

ဂရုစိုက်ရန် အချက်များ[ပြင်ဆင်ရန်]

(၁) အိုးတွင် စိုက်ပျိုးသောအပင်များကို တစ်နှစ်တစ်ကြိမ် အထက်ပါစပ်ဖော်နည်းအတိုင်း မြေကိုစပ်၍ မြေလဲပေးသင့် သည်။ (၂) သုံးနှစ်တစ်ကြိမ် မိုးဦးကျစအခါတွင် အပင်ကြီး များကို အိုးမှထုတ်ဖော်၍ အမြစ်ဟောင်းများ ဖြတ်သင့် သလောက် ဖြတ်တောက်၍ ရေစင်စင်ဆေးကြောပေးပြီးလျှင် မြေသစ်လဲပြီး အိုးသစ်တွင် တစ်ဖန်ပြန်၍ စိုက်ရမည်။ (၃) ပန်းအိုးများထဲတွင်လည်း မြေပေါ်စိုက်သော အပင်များကဲ့သို့ ရေဝပ်၍ မနေ စေသင့်ချေ။ (၄) ပန်းပင်အနီး ပတ်ဝန်းကျင် မြေကြောတင်း၍ နေခဲ့လျှင် မြေကိုတူးဆွပေးပြီးလျှင် မြေ0x100သဇာ လျော့ပါးနေသည်ဟု ထင်ပါက မြေစာကျွေးသင့်သည်။ (၅) ရွက်လှပင်များ နှစ်တောင်ခန့် မြင့်မားလာသောအခါ ကြည့်၍ ကောင်းအောင် ဓားဖြင့်ဖြစ်စေ၊ သစ်ပင်ည|ပ်ကတ်ကျေးနှင့် ဖြစ်စေ ဖြတ်တောက်ပေးရသည်။ (၆) အလွန်အဖိုးတန်သော ရွက်လှပန်းပင် ဖြစ်ခဲ့လျှင် အထက်ပါနည်းအတိုင်း အကိုင်းများ ကို ဖြတ်တောက်၍ မပျိုးဘဲ မိုးဦးစတွင် မြေထုပ်စည်းပြီး သကာလ တစ်လခန့်ကြာသောအခါ သေချာစွာ မြေထုပ်အောက် နားဆီက လက်နှစ်ဆစ်သာသာခန့် နေရာမှ ကတ်ကျေးဖြင့် ဖြတ်၍ စိုက်ပျိုးရပေမည်။

ရွက်လှမျိုးများ[ပြင်ဆင်ရန်]

လွန်ခဲ့သော နှစ်ပေါင်းတရာ့နှစ်ဆယ်ကျော်ခန့်က ရွက်လှ မျိုးပေါင်း ၃ဝဝ ကျော် ရှိသည့်အနက် အလှအပဆုံး မျိုး ၅ဝ ကိုသာ အိန္ဒိယနှင့် မြန်မာနိုင်ငံတွင် စိုက်ပျိုးလေ့ရှိကြောင်း မှတ်သားရဖူးသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၅ဝ ကျော်ခန့်က မန္တလေးမြို့တွင် ရွက်လှပန်းပင် စိုက်ပျိုးရေး ခေတ်စားခဲ့ဖူး သဖြင့် ယခုအခါ အင်္ဂလိပ်နှင်းဆီပန်းများ ခေတ်စားသကဲ့သို့ ပန်းပင်မျိုးကောင်းလျှင် တစ်ပင်ကို အဖိုးငွေ ၂၅ ကျပ်မှ ၅ဝ ကျပ်အထိပင် ပေး၍ ဝယ်ယူရကြောင်း မှတ်သားရဖူးသည်။ ကျော်ကြားထင်ရှားသော ရွက်လှပန်းပင်များ၏ အမည်အချို့မှာ

  • ပုလဲမင်းသမီး
  • ပဉ္စရူပ ဆာအက်ရှလေအီဒင်
  • ဆာရစ်ချတ်ဂတ်
  • ဆာမက် အာသာ
  • လိမ္မော်မင်းသား
  • ဇာဘုရင်
  • ဒူရဘင်္ဂါ မဟာရာဇာ
  • ဂရန်းဒေး
  • မကာ သူရိ
  • ဆန်းဆက်
  • ဝေလမင်းသား
  • အယ်လက်ဇန်းဒါး
  • အယ်လဗန္နီမြို့စား
  • မြွေဟောက်ပါးပျဉ်း
  • နေရီရီ
  • နားပန်ကြီး
  • မာလာကြီး
  • မင်းသားကြီး
  • လိပ်ခုံး
  • ကြက်မြီးလိမ်စိမ်း
  • သရက်ရွက်
  • မောင့်မမေ့
  • သော်တာပင်
  • နေသူရိန်
  • ပတ္တမြား ကြိုးလိမ်
  • ဗာဂျာတွန့်
  • လစက်ရောင်
  • ဗြဟ္မာ့လက်ညှိုး စသော အမည်ပေါင်း ငါးဆယ် ကျော်ခန့် မြန်မာနိုင်ငံတွင်ရှိမည်ဟု မှန်းဆရသည်။


အထူးမှတ်သားဖွယ် တစ်ရပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ငါးဆယ်ကျော်ခန့် အချိန်အခါက ကန်တော်ကလေး စိုက်ပျိုး ပန်းဥယျာဉ်အသင်းပိုင် ခြံတွင် ယင်းရွက်လှပန်းပင်များကို အင်္ဂလိပ်လို အမည်များတပ်၍ ရောင်းချသော်လည်း မန်းနေပြည် တော်သို့ ရောက်သောအခါ မြန်မာလို စိတ်ကူးယဉ် အမည်များ ပေးကြပြန်သဖြင့် ယင်းပန်းပင်များ၏ အမည်သစ်များကို မှတ်သားခေါ်ဝေါ်ရသည်မှာ နားထွေးစရာပင် ဖြစ်ရချေတော့ သည်။ သို့ရာတွင် သင်္ဘောသီးလက်သုပ်ကို မြမန်းသုပ်နှမ်းဖတ်ချဉ်ကို ဇေယျာဘုံခေါ်သလောက် မရှုပ်ထွေးဟု ဆိုရချေမည်။ ပုံစံပြရမည်ဆိုသော် ရွက်လှပန်းအမည် အင်္ဂလိပ် လို ဆန်းဆက်ကို နေရီရီ၊ ဂရန်းဒေကိုမြလှကြီး၊ ဗျူးတီး ကို လှယဉ်ကျေး စသည်ဖြင့် မြန်မာ့အမြင့်နှင့် မြန်မာ့အသွင် ကို ဖော်ထုတ်ကာ အမည်ပေးကြသဖြင့် ရွှေမန်းတို့၏ ဝါသနာ ထုံသလို မာလာစုံဘွဲ့နှင်းခံရချေတော့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)