ရဲ

ဝီကီပီးဒီးယား မှ

ယခင်က မြန်မာနိုင်ငံတွင် တရားဥပဒေအုပ်စိုးရေးနှင့် ရပ်ရွာငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်းရန်အတွက် ဖွဲ့စည်းထားသော အစိုးရအမှုထမ်းအဖွဲ့ကို ပုလိပ်အဖွဲ့ဟု ခေါ်သည်။ ပုလိပ် ဟူသောအမည်မှာ အင်္ဂလိပ်စကားလုံးကို အသံလှယ်ယူထားသော အမည်ဖြစ်သည်။ လွတ်လပ်ရေးရပြီးသောအခါ မြန်မာစာကို ရုံးသုံးဘာသာအဖြစ် ပြဋ္ဌာန်းထားသည့်အလျောက် ယခင် ပုလိပ်အဖွဲ့ကိုလည်း ရဲအဖွဲ့ဟူ၍ အမည်သစ်ဖြင့် မှည့်ခေါ်လေသည်။ သို့ရာတွင် ၁၉၆၄ ခုနှစ် စက်တင်ဘာလ တစ်ရက်နေ့မှ အစပြု၍ မြန်မာနိုင်ငံတော်လှန်ရေးအစိုးရက ရဲအဖွဲ့ကို ပြည်သူ့ရဲတပ်ဖွဲ့ဟု အမည်ပြောင်းလဲလိုက်ပြီးလျှင် ရာထူးအဆင့်အတန်း အခေါ်အဝေါ် စသည်များကိုလည်း ပြောင်းလဲသတ်မှတ်ပေးခဲ့လေသည်။

လူတို့၏ အသက်အိုးအိမ် စည်းစိမ်ကို စောင့်ရှောက်ရန် အတွက်သော်လည်းကောင်း၊ တရားဥပဒေအုပ်စိုးရေးနှင့် ရပ်ရွာ ငြိမ်ဝပ်ပိပြားရေးအတွက်သော်လည်းကောင်း ရဲအဖွဲ့သည် အလွန်အရေးကြီးသည်။ သို့ရာတွင် ကမ္ဘာပေါ်ရှိ တိုင်းနိုင်ငံအသီးအသီးတို့၌ ရဲအဖွဲ့ကို စံနစ်တကျ ဖွဲ့စည်းခဲ့သည်မှာ မကြာလှသေးချေ။ အင်္ဂလန်ပြည် တွင် ၁၇ ရာစု နှစ်နှင့် ၁၈ ရာစုနှစ်များအတွင်းက ညဘက်၌ လမ်းများတွင် လက်ဆွဲမှန်အိမ်ကိုင်၍ ကင်းလှည့်စောင့်သူတို့မှာ အသက်အရွယ် အိုမင်းချည့်နဲ့သူများသာ ဖြစ်သည်။ အမေရိကတိုက်တွင် နယ်သစ်များ တည်ထောင်သည့်ခေတ်က ယောက်ျားတိုင်း မိမိနှင့်တကွ အိမ်ထောင်စု၏အသက်အိုးအိမ်ကို စောင့်ရှောက်ရန် တာဝန်ယူရသည်။ ဥရောပတိုက်ရှိနိုင်ငံများ၌ ထိုအချိန်ထက် စော၍ ရဲအဖွဲ့များ ရှိခဲ့၏။ သို့ရာတွင် ထိုရဲအဖွဲ့ များသည် အုပ်စိုးသောမင်း၏ လက်ပါးစေမျှသာ ဖြစ်သည်။

ပုံစံအားဖြင့် ရောမဧကရာဇ် ဩဂပ်စတပ် လက်ထက်ကသော်လည်းကောင်း၊ ပြင်သစ်ဘုရင် ၁၄ ဆက်မြောက် လူဝီနှင့် နပိုလီယန်တို့ လက်ထက်ကသော်လည်းကောင်း ဖွဲ့စည်းခဲ့သော ရဲအဖွဲ့ဝင်များသည် အခွန်ဘဏ္ဍာကောက်ခံရန် အတွက်ဖြစ်စေ၊ လျှို့ဝှက်သော နိုင်ငံရေးလှုပ်ရှားမှုများကို စုံစမ်းထောက်လှမ်းရန်အတွက်ဖြစ်စေ ဘုရင့်အလိုကျ ဆောင်ရွက်ရသူများသာ ဖြစ်သည်။ ရာဇဝတ်မှု နှိမ်နင်းရေးကဲ့သို့သော ပြည်သူလူထုအကျိုးအတွက် လုပ်ငန်းများကိုမူကား လျစ်လျူရှုထားခဲ့ကြလေသည်။ ထိုကြောင့် ထိုခေတ်က ရဲအဖွဲ့သည် ပြည်သူ့အကျိုးထက် အုပ်စိုးသူ လူတန်းစားတို့ ရာထူးစည်းစိမ် တည်မြဲရေးအတွက်ကိုသာ ကြိုးပမ်းဆောင်ရွက်ရသောအဖွဲ့ ဖြစ်သည်။

ယခုအခါ နိုင်ငံအစိုးရတိုင်းသည် ရဲအဖွဲ့ဟူ၍ ဖွဲ့စည်းလျက် နိုင်ငံသူ နိုင်ငံသားတို့၏ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ထားသည်။ ရဲအဖွဲ့ဝင်တို့၏ တာဝန်ဝတ္တရားများကိုသော်လည်းကောင်း၊ ထိုတာဝန်များအရ ဆောင်ရွက်သည့် နည်းစံနစ်ကိုသော်လည်းကောင်း အမြဲချဲ့ထွင် ပြုပြင်လျက်ရှိသဖြင့် ယခုခေတ်ရဲသား တစ်ယောက်သည် ပြည်သူလူထု၏ အိုးအိမ်ကို အကာအကွယ်ပေးခြင်း၊ ရာဇဝတ်မှု ကျူးလွန်သူတို့အား ဖမ်းဆီးခြင်းသာမက သူနာပြုအတတ်၊ မီးသတ်အတတ်၊ စုံထောက်အတတ် အစရှိသော လူမှုဝန်ထမ်းအတတ်များကိုလည်း တတ်ကျွမ်းသည့် ပြည်သူလူထု၏ မိတ်ဆွေဖြစ်ပေသည်။

အင်္ဂလန်ပြည်ရှိ မြို့ကြီးများတွင် ခေတ်မီ ရဲအဖွဲ့များ ဖွဲ့စည်းထားသည်။ အထူးသဖြင့် လန်ဒန်မြို့တော် ရဲအဖွဲ့သည် ကမ္ဘာပေါ်တွင် စည်းကမ်းစံနစ်အကျဆုံး ရဲအဖွဲ့အဖြစ် နာမည် ထင်ရှားလေသည်။ သို့သော်လည်း ၁၈၂၉ ခုနှစ်မတိုင်မီက အင်္ဂလန်ပြည်တွင် ရဲအဖွဲ့ကို စံနစ်တကျ မဖွဲ့စည်းရသေးသဖြင့် လန်ဒန်မြို့တော်၌၎င်း၊ နယ်ဘက်၌၎င်း ရာဇဝတ်မှု ပေါများသည်။ မြို့တွင်း၊ မြို့ပြင်တို့တွင် တိုက်ခိုက်လုယက်မှု၊ ဖောက်ထွင်းခိုးယူမှုများကို သူခိုးလူဆိုးတို့က လွတ်လပ်စွာ ကျူးလွန်လျက် ရှိကြသည်။ ၁၈၂၉ ခုနှစ်သို့ ရောက်သောအခါ အင်္ဂလိပ် နန်းရင်းဝန် ဆာ ရောဗတ်ပီးက ခေတ်မီရဲအဖွဲ့ ဖြစ်မြောက်ရေး အတွက် အစီအစဉ်တစ်ရပ်ကို ပါလီမန်လွှတ်တော်၌ တင်ပြသည်။ အစပထမတွင် ပြည်သူလူထု၏ လွတ်လပ်ရေးကို မြတ်နိုးသူများက ပြင်သစ်ရဲ စံနစ်ကဲ့သို့ ဖြစ်မည်စိုး၍ ပြင်းထန်စွာ ကန့်ကွက်ကြသည်။ သို့ရာတွင် နောက်ဆုံး၌ နန်းရင်းဝန်ကြီး၏ ရည်ရွယ်ချက်ကို သဘောပေါက် နားလည်သဖြင့် သဘောတူ လက်ခံကြသည်။ ထိုသို့အားဖြင့် ဆာရောဗတ်ပီးသည် ဗြိတိသျှရဲအဖွဲ့အတွက် အခြေခံအုတ်မြစ်ကို ချလိုက်လေသည်။

( ပီး ဆာရောဗတ်-။) ၁၈၂၉ ခုနှစ်တွင် လန်ဒန်မြို့တော်ရဲအဖွဲ့ကို ဖွဲ့စည်းပြီးနောက် နယ်များ၌လည်း သက်ဆိုင်ရာဒေသန္တရအာဏာပိုင် အဖွဲ့အောက်တွင် ထိုစံနစ်အတိုင်း ရဲအဖွဲ့များကို တိုးချဲ့ဖွဲ့စည်းခဲ့သည်။ လန်ဒန်မြို့တော်ရဲအဖွဲ့သည် မြို့တွင်းရှိ ချာရင်ခရော့အရပ်မှ အချင်းဝက် ၁၆ မိုင်ရှိသော နယ်အကျယ်ကို တာဝန်ယူ၍ စောင့်ရှောက်ရသည်။ ပြည်ထဲရေးဝန်ကြီးက တိုက်ရိုက်အုပ်ချုပ်သော ရဲအဖွဲ့ဖြစ်သည်။ ဗဟိုဌာနချုပ်မှာ နာမည်ကျော် နယူး စကော့တလန်ယဒ် ဖြစ်သည်။ ရဲမင်းကြီးတစ်ဦး၊ ဒုတိယရဲမင်းကြီးတစ်ဦးနှင့် လက်ထောက်ရဲမင်းကြီး သုံးဦးတို့က ထိုရဲအဖွဲ့ကို အုပ်ချုပ်သည်။ လက်ထောက်ရဲမင်းကြီး သုံးဦးအနက် နှစ်ဦးက အုပ်ချုပ်ရေးဘက်တွင် တာဝန်ယူရ၍ ကျန်တစ်ဦးက စီ.အိုင်. ဒီ ခေါ် စုံထောက်ဌာနကို တာဝန်ယူရသည်။ ယင်းတို့ အောက်တွင် ရဲအရာရှိကြီးငါးဦး၊ ထိုနောက် ရဲဝန်ထောက်၊ ရဲမှူး၊ ရဲကြပ်နှင့် ရဲသားဟူ၍ ရာထူးအဆင့်ဆင့် ရှိသည်။ စီတန်းလှည့်လည်ပွဲများကို ထိန်းသိမ်းရန်အတွက်နှင့် အခြားလိုအပ်သော ကိစ္စများအတွက် မြင်းစီးရဲအဖွဲ့ကိုလည်း ဖွဲ့စည်းထားသည်။

၁၈၃၉ ခုနှစ်တွင် လန်ဒန်မြို့မ ရဲအဖွဲ့ဟူ၍ မြို့တော် ကော်ပိုရေးရှင်းအဖွဲ့ လက်အောက်၌ ရဲအဖွဲ့တစ်ခုကို သီးခြား ဖွဲ့စည်းခဲ့သည်။ ထိုရဲအဖွဲ့သည် လန်ဒန်မြို့တော်ရဲအဖွဲ့ကို ကူညီ ရသည်။ မြို့တော်ကောင်စီအဖွဲ့က ခန့်ထားသော ရဲမင်းကြီးက အုပ်ချုပ်သည်။ မြို့မရဲအဖွဲ့ လူအင်အားမှာ ၁၂၆ဝ ယောက်ခန့် ရှိသည်။ ၁၉၂ဝ ပြည့်နှစ်တွင် အမျိုးသမီးရဲအဖွဲ့ကို စတင် ဖွဲ့ စည်းသည်။ အစအဦး၌ အမျိုးသမီးရဲအဖွဲ့ဝင်တို့သည် မြို့ကြီး များတွင် ကလေးသူငယ်များအား စောင့်ရှောက်ရေးနှင့်ဆိုင်သည့် လုပ်ငန်းကို တာဝန်ယူ ဆောင်ရွက်ခဲ့ရသော်လည်း နောင်အခါ၌ အရပ်ဝတ်ဖြင့် သာမန်မှုခင်းစုံထောက်လုပ်ငန်းကိုလည်း ဆောင် ရွက်ရလေသည်။

အင်္ဂလန်နှင့် ဝေလနယ်အတွက် အမျိုးသားရဲကောလိပ်ကျောင်းကို ဝါရစ်ရှိုင်ယာနယ်၊ ရိုင်တန်မြို့၌ ဖွင့်လှစ်ထားသည်။ မြင်းစီးရဲအဖွဲ့ဝင်တို့ကိုမူကား ဆာရေးနယ်၊ အင်ဗာကုတ်တွင် လေ့ကျင့်ပေးသည်။

အမေရိကန်ပြည်ထောင်စု နိုင်ငံ၌လည်း ရဲအဖွဲ့များကို မြို့မ ရဲအဖွဲ့၊ နယ်ရဲအဖွဲ့၊ ပြည်နယ်ရဲအဖွဲ့၊ ပြည်ထောင်စု ရဲအဖွဲ့ဟူ၍ စံနစ်တကျ ဖွဲ့စည်းလျက် တိုင်းပြည် ငြိမ်ဝပ်ပိပြားရေးကို ထိန်း သိမ်းထားသည်။ ပြန်ပေးမှု၊ သူလျှိုမှုစသော ပြည်ထောင်စုတစ်ခု လုံးနှင့် သက်ဆိုင်သည့် အမှုအခင်းတို့အတွက် အက်(ဖ)၊ ဗီ၊ အိုင် ခေါ် သီးသန့်စုံထောက်ရဲအဖွဲ့ကိုလည်း ၁၉ဝ၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ ထို့ပြင် ငွေတုလုပ်သူများကို စုံထောက်ရန် အတွက်၎င်း၊ စာတိုက်ကို အလွဲသုံးစားပြုသူများအား စုံထောက် ရန်အတွက်၎င်း လျှို့ဝှက်စွာ ထောက်လှမ်းရသော ရဲအဖွဲ့များ လည်း ထားရှိသည်။

ဥရောပတိုက်ရှိ နိုင်ငံအများတွင် ပြင်သစ်ရဲ ဖွဲ့စည်းပုံစံနစ် ကို အတုယူ၍ ရဲအဖွဲ့များကို ဖွဲ့စည်းထားကြသည်။ ကနေဒါနိုင်ငံတွင် ၁၉၂ဝ ပြည့်နှစ်မတိုင်မီက အနောက် မြောက် မြင်းစီးရဲအဖွဲ့ဟူ၍ ရှိခဲ့သည်။ ထိုအခါက ယင်းအဖွဲ့၏ အဓိကတာဝန်မှာ ကနေဒါနိုင်ငံအနောက်မြောက်ဘက်ရှိ နယ်စပ် တစ်လျှောက်ကို စောင့်ရှောက်ရန် ဖြစ်သည်။ ယခုအခါ၌မူကား ထိုရဲအဖွဲ့၏ အမည်ကို ကနေဒါနိုင်ငံ မြင်းစီးရဲတပ်တော်ဟူ၍ ပြောင်းပြီးလျှင် တစ်နိုင်ငံလုံးကို တာဝန်ယူ စောင့်ရှောက်ရလေ သည်။ မြင်းစီးရဲဟု အမည်တွင်သော်လည်း ထိုရဲအဖွဲ့မှာ မြင်းစီးရဲသက်သက် ပါဝင်သော ရဲအဖွဲ့ကား မဟုတ်ချေ။ အဖွဲ့ အင်အားမှာ လူပေါင်း ၄၇ဝဝ ပါဝင်သည်။

မြန်မာနိုင်ငံ ရဲအဖွဲ့ကိုလည်း အင်္ဂလန်ရဲ ဖွဲ့စည်းပုံစံနစ်ကို အခြေခံ၍ ဖွဲ့စည်းထားခဲ့သည်ဟု ဆိုရပေမည်။ မြန်မာနိုင်ငံတွင် ပြည်ထဲရေးဌာနက နိုင်ငံတော်ရဲအဖွဲ့(ပြည်သူ့ရဲတပ်အဖွဲ့)ကို တိုက်ရိုက်အုပ်ချုပ်သည်။ နိုင်ငံတော်ရဲချုပ် (ညွှန်ကြားရေးမှူး ချုပ်)သည် ရဲအဖွဲ့တစ်ခုလုံးအတွက် တာဝန်ခံအရာရှိဖြစ်၍ ဒု-ရဲချုပ်(ဒု-ညွှန်ကြားရေးမှူးချုပ်)၊ ရဲမင်းကြီး (ကြီးကြပ်ရေး မှူး)များက အုပ်ချုပ်ရေး၊ လေ့ကျင့်ရေး၊ မှုခင်းဆိုင်ရာအရေး၊ စုံထောက်ဘက်ဆိုင်ရာ အရေးတို့တွင် ကူညီရသည်။ မြန်မာ နိုင်ငံကို အုပ်ချုပ်ရေးအရဖြစ်သော တိုင်းနှင့် ပြည်နယ်များ အလိုက် ခွဲ၍ တိုင်းရဲမင်းကြီး (ညွှန်ကြားရေးမှူး)တစ်ဦးကျစီက အုပ်ချုပ်သည်။ ထို့ပြင် မြန်မာနိုင်ငံစုံထောက်နှင့် မီးရထားဌာန၊ သတင်းထောက်လှမ်းရေး ရဲအထူးဌာန၊ ထောက်ပံ့ရေးဌာန၊ လေ့ကျင့်ရေး ဌာနဟူ၍ ရဲမင်းကြီး (ညွှန်ကြားရေးမှူး)များ အုပ်ချုပ်သော ရဲအဖွဲ့များလည်း ရှိသည်။ မန္တလေးမြို့ရှိ ဗဟိုရဲ အတတ်သင်သိပ္ပံကျောင်းကိုလည်း ရဲမင်းကြီး (ညွှန်ကြားရေးမှူး) တစ်ဦးက ကျောင်းအုပ်ကြီးအဖြစ် ဆောင်ရွက်ရသည်။

တိုင်းအလိုက် ခန့်အပ်ထားသော ရဲမင်းကြီး (ညွှန်ကြား ရေးမှူး)များ လက်အောက်တွင် ခရိုင်အလိုက် ရဲအဖွဲ့ကို အုပ် ချုပ်ရသော ခရိုင်ရဲဝန် (ကြီးကြပ်ရေးမှူး)များလည်း ရှိသည်။ ထိုနောက် ရဲဝန်ထောက် (ဒု-ကြီးကြပ်ရေးမှူး)၊ ရဲမှူး (လုံခြုံ ရေးမှူး)၊ ရဲဌာနအုပ် (စခန်းမှူး)၊ ရဲအုပ်(ဒု-လုံခြုံရေးမှူး)၊ ရဲဌာနစာရေး(ရဲ-တပ်ကြပ်ကြီး)၊ ရဲကြပ် (ရဲ ဒု-တပ်ကြပ်)၊ ရဲသား (ရဲတပ်သား)အထိ အဆင့်ဆင့် ရာထူးများကို ခွဲခြား သတ်မှတ်ထားရှိလေသည်။

မြို့နယ်၌ တရားဥပဒေအုပ်စိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေး အတွက် ရဲဌာန (ပြည်သူ့ရဲတပ်ဖွဲ့စခန်း)များကို ဖွင့်ထားသည်။ ရဲဌာနနှင့် အလှမ်းကွာသော ကျေးရွာများ၊ ရပ်ကွက်များတွင် ရဲကင်းများကိုလည်း ဖွင့်ထားသည်။ ယခုအခါ အချို့သော ရဲကင်းများကို ဒုတိယတန်း ရဲဌာနဟူ၍ သတ်မှတ်ထား လေသည်။ မန္တလေးမြို့ ဗဟိုရဲအတတ်သင် သိပ္ပံကျောင်းတွင် ရဲမှူး လောင်း၊ ရဲအုပ်လောင်း၊ နယ်ရဲအုပ်၊ ယစ်မျိုးအုပ်နှင့် စသုံးလုံး ကျောင်းသားများကို ရဲနှင့်ဆိုင်သော သင်တန်းများ ဖွင့်လှစ်သင် ကြားပေးသည်။ ရန်ကုန်မြို့နှင့် ခရိုင်မြို့ကြီးများ၌လည်း ရဲ အတတ်သင်ကျောင်းများ ရှိသည်။

လန်ဒန်မြို့တော် ရဲအဖွဲ့ကဲ့သို့ ရန်ကုန်မြို့တော်၌လည်း ရန်ကုန်ရဲအဖွဲ့(ရန်ကုန်တိုင်း ပြည်သူရဲတပ်ဖွဲ့)ဟူ၍ မြို့တော်ကို ထိန်းသိမ်းစောင့်ရှောက်ရသော ရဲအဖွဲ့ သီးခြားရှိသည်။ ထိုရဲအဖွဲ့ ကို ရန်ကုန်ရဲမင်းကြီး(ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်း) တစ်ဦး က အုပ်ချုပ်သည်။ ရန်ကုန်ရဲမင်းကြီးအား ကူညီရန် ဒုတိယ ရဲမင်းကြီး(ဒု-ညွှန်ကြားရေးမှူး)တစ်ဦး၊ လက်ထောက်ရဲမင်းကြီး (ကြီးကြပ်ရေးမှူး)(အုပ်ချုပ်ရေး)နှစ်ဦး၊ လက်ထောက်ရဲမင်းကြီး (ကြီးကြပ်ရေးမှူး) (မှုခင်း)တစ်ဦး၊ လက်ထောက်ရဲမင်းကြီး (သတင်းထောက်လှမ်းရေး) တစ်ဦးတို့ကိုလည်း ခန့်ထားသည်။

ထိုနောက် မှုခင်းဆိုင်ရာ ရဲဝန်ထောက်၊ သတင်းထောက်လှမ်း ရေးဆိုင်ရာ ရဲဝန်ထောက်(ဒု-ကြီးကြပ်ရေးမှူး)၊ မော်တော်ယာဉ် ဆိုင်ရာ ရဲဝန်ထောက်(ဒု-ကြီးကြပ်ရေးမှူး)၊ ကြိုးမဲ့ကြေးနန်းဆိုင် ရာ ရဲဝန်ထောက်(ဒု-ကြီးကြပ်ရေးမှူး)၊ လမ်းကြီးကြပ်ရေးဆိုင် ရာ ရဲဝန်ထောက်၊ ဆိပ်ကမ်းနယ်ဆိုင်ရာ ရဲဝန်ထောက် (ဒု-ကြီး ကြပ်ရေးမှူး)၊အရှေ့နယ်၊ အနောက်နယ်၊ မြောက်နယ်၊ အလယ် နယ်နှင့် မြို့မဆိုင်ရာ ရဲဝန်ထောက် (ဒု-ကြီးကြပ်ရေးမှူး)များကို လည်း သက်ဆိုင်ရာ ဌာနနှင့် သက်ဆိုင်ရာ အပိုင်းအလိုက် တာဝန်အသီးအသီး ပေးအပ်ထားသည်။ ရဲဌာန (ပြည်သူ့ရဲ တပ်ဖွဲ့စခန်း)နှင့် ဒုတိယတန်းရဲဌာနများကိုလည်း မြို့နယ်နိမိတ် အတွင်း၌ အနှံ့အပြား ဖွင့်၍ မြို့တော်ကို စောင့်ရှောက်လျက် ရှိသည်။

ရှေးယခင်ကတည်းက အမျိုးသမီးများနှင့် သက်ဆိုင်သော မှုခင်းများ၌ ကူညီရန် အမျိုးသမီးရဲမေများကို ခန့်ခဲ့သည်။ ၁၉၆ဝ ပြည့်နှစ်သို့ ရောက်သောအခါ အမျိုးသမီးရဲအုပ် ငါးဦး ကို မန္တလေးဗဟိုရဲအတတ်သင် သိပ္ပံကျောင်းတွင် ရဲအုပ် သင်တန်း တက်စေပြီးလျှင် မှုခင်းဆိုင်ရာ ဝတ္တရားများကို ဆောင်ရွက်စေသည်။ ယခု အခါ ရန်ကုန်မြို့တွင် အမျိုးသမီး ရဲမေနှင့် ရဲအုပ်တို့သည် လမ်းကြီးကြပ်ရေး၊ မှုခင်းစုံထောက်ရေး ဝတ္တရားများ ကို ဝင်ရောက်ဆောင်ရွက်လျက် ရှိကြသည်။

အခြားနိုင်ငံများရှိ ခေတ်မီရဲအဖွဲ့များနှင့် ရင်ပေါင်တန်း လိုက်နိုင်ရန် မြန်မာနိုင်ငံရဲအဖွဲ့ကို တစ်နှစ်ထက် တစ်နှစ် တိုး တက်၍ ပြုပြင်လျက် ရှိသည်။ နိုင်ငံအစိုးရက ထိုရည်ရွယ်ချက် ဖြစ်မြောက်ရေးအတွက် ရဲအရာရှိ ကြီးငယ်တို့ကို နိုင်ငံခြားသို့ စေလွှတ်၍ လေ့လာစေသည်။ ဝိုင်ယာလက်တပ်ဆင်ထားသော မော်တော်ကား၊ မော်တော်ဆိုင်ကယ် အစရှိသည်တို့ဖြင့် ရန်ကုန် မြို့နှင့်တကွ အခြားမြို့ကြီးများ၌ ရာဇဝတ်မှုကို၎င်း၊ ယာဉ် အသွားအလာကို၎င်း စောင့်ရှောက်ထိန်းသိမ်းလျက် ရှိသည်။ ရန်ကုန်မြို့တော်ကြီးတွင် အလိုအလျောက် ဆက်သွယ်နိုင်သော စကားပြောကြေးနန်းဖြင့် သုည သုည ကိုး (ဝဝ၉)ကို လှည့် ပေးရုံနှင့် ရဲဌာနချုပ်(ပြည်သူ့ရဲတပ် ဖွဲ့ စခန်းချုပ်)ထံ သတင်း ပို့နိုင်သည်။ ရဲအကူအညီလိုကလည်း ချက်ချင်း တောင်းဆိုနိုင် သည်။ မင်းခမ်း မင်းနားအတွက်သော်လည်းကောင်း၊ လူအုပ်အစုအဝေးကို ထိန်းသိမ်းရန်အတွက်သော်လည်းကောင်း မြင်းစီရဲအဖွဲ့ကိုလည်း ထားရှိ လေသည်။

နိုင်ငံအသီးအသီးရှိ ရဲအဖွဲ့ဝင်တို့သည် နိုင်ငံအစိုးရ ပြဋ္ဌာန်းထားအပ်သော တရားဥပဒေနှင့် ငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်းရန် တာဝန်ယူရသောအဖွဲ့ ဖြစ်သည်။ ထိုကြောင့် ရဲများသည် တရားဥပဒေကို ရိုသေလေးစားသူတို့၏ မိတ်ဆွေ များ ဖြစ်ကြသည်။ အထူးသဖြင့် ကလေးသူငယ်များကို လမ်း အန္တရာယ်မှ၎င်း၊ လူဆိုးတို့၏အနှောင့်အယှက်မှ၎င်း လွတ်ကင်း အောင် ကာကွယ်စောင့်ရှောက်ရလေသည်။ အချို့နိုင်ငံများတွင် ရပ်ရွာငြိမ်ဝပ်ပိပြားရေးအတွက်သော်လည်းကောင်း၊ ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်ရန်အတွက်သော်လည်းကောင်း ရှိရင်းရဲအဖွဲ့ဝင် ဦးရေဖြင့် မလုံလောက်သောကြောင့် အထူးရဲအဖွဲ့ဝင်တို့၏ အကူအညီကို ယူရသည်။ သာမန်အရပ်သား အလုပ်သမား အချို့တို့သည် မိမိတို့အားလပ်ချိန်တွင် ရဲဝတ္တရားကို စေတနာ့ ဝန်ထမ်းအဖြစ် တာဝန်ယူ ဆောင်ရွက်ကြသည်လည်း ရှိ၏။ အထူးရဲအဖွဲ့ဟူ၍ ဖွဲ့စည်းထားရှိပြီးလျှင် ထိုအဖွဲ့သို့ ဝင်ရောက် အမှုထမ်းကြသည်လည်း ရှိ၏။

ရဲအဖွဲ့ဝင်တို့သည် လမ်းပေါ်၌ မတော်တဆ တိုက်ခိုက် မိရာအရပ်သို့၎င်း၊ မီးလောင်ရာအရပ်သို့၎င်း၊ ရေနစ်ရာအရပ်သို့ ၎င်း ရှေးဦးစွာ ရောက်အောင် သွားရသည်။ ထိခိုက်၍ ဒဏ်ရာ ရသူများကို လိုအပ်သလို ပြုစုရသည်။ မီးကို ဝိုင်းကူငြိမ်းသတ် ရသည်။ ရေနစ်သူကို ကယ်ရသည်။ သို့သော်လည်း အသက် ဘေးကို စိုးရိမ်ရသော တာဝန်ထမ်းမှုမှာ ရာဇဝတ်မှု ကျူးလွန် သူကို ဖမ်းဆီးရခြင်းပင် ဖြစ်သည်။ ရာဇဝတ်မှု ကျူးလွန်သူ အချို့တို့သည် အဖမ်းအဆီးမခံလိုသဖြင့် ရဲကို ဓား၊ သေနတ် စသော လက်နက်တို့ဖြင့် ခုခံတတ်ကြသည်။ ထိုကဲ့သို့သော အခါမျိုး၌ ပုန်းအောင်းနေသော လူဆိုးက လက်ဦးလျှင် ဖမ်းဆီး ရန်သွားသောရဲအဖွဲ့ဝင်မှာ အသက်ဆုံးရှုံးရသည်အထိ စွန့်စားရ သည်။ ထို့ပြင် လူဆိုးများကျက်စားရာ ရပ်ကွက်၊ မီးရထား ဘူတာရုံ၊ သင်္ဘောဆိပ်၊ လေဆိပ်၊ ဈေး၊ ကားဆိပ် အစရှိသော အရပ်များ၌လည်း အရပ်ဝတ်နှင့် ရဲအဖွဲ့ဝင်များသည် ပြည်သူ လူထုအား စောင့်ရှောက်လျက်ရှိသည်။

သူခိုး လူဆိုးတို့သည် နေ့အချိန်တွင် ပုန်းလျိုးနေ၍ ညဉ့် အချိန်၌ ထွက်လေ့ရှိသောကြောင့် ရဲအဖွဲ့ဝင်တို့သည် ညဉ့်အခါ တွင် မိမိတို့တာဝန်ကျသော ရပ်ကွက်တွင်း၌ ကင်းလှည့်စောင့် ရှောက်ကြရသည်။ ညဉ့်အခါ ကင်းလှည့်ရာ၌ ခြေလျင်လျှောက် ၍ စောင့်ရှောက်ရသည်လည်း ရှိ၏။ စက်ဘီး၊ ဝိုင်ယာလက် မော်တော်ကားတို့ဖြင့် စောင့်ရှောက်ရသည်လည်း ရှိ၏။ ထိုကြောင့် နိုင်ငံအုပ်ချုပ်ရေးတွင် ရဲအဖွဲ့သည် အလွန် အရေးကြီး၏။ ထို့ပြင် ရဲအဖွဲ့ဝင်တို့သည် ၂၄ နာရီ ပတ်လုံး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုကို သက်စွန့် ကြိုးပမ်း ဆောင်ရွက်ရသူများလည်း ဖြစ်ပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)