ရောမသာသနာစောင့် နိုင်ငံတော်

ဝီကီပီးဒီးယား မှ

မြင့်မြတ်သောရောမအင်ပါယာ[ပြင်ဆင်ရန်]

ခရစ် ၈ဝဝ ပြည့်နှစ် ရှားလမိန်းဘုရင်ကြီး လက်ထက် တွင် ရောမသာသနာစောင့် နိုင်ငံတော်ဟူ၍ ပေါ်ပေါက်ခဲ့သည်။


ထိုနှစ် ခရစ္စမတ်ပွဲတော်နေ့၌ ပုပ်ရဟန်းမင်း တတိယလီယိုက ရောမမြို့ စိန်ပီတာဘုရားရှိခိုး ကျောင်းတွင် ရှားလမိန်းအား ရောမဧကရာဇ်အဖြစ် သရဖူ ဆောင်း၍ ဘိသိတ်‌မြှောက်ခဲ့လေသည်။ ရောမ ဧကရာဇ်ဟူသော ဘွဲ့ထူး၏ နောက်ဆွယ်တွင် ခရစ်ယန်လောက၏ လောကီ ရေးရာဟူသမျှတွင် ဧကရာဇ်ဘုရင်သည် အချုပ်အခြာဖြစ်၍ ပုပ်ရဟန်းမင်းသည် အယူဝါဒရေးရာတွင် အထွတ်အထိပ် ဖြစ်သည်ဟူသော သဘောပါရှိလေသည်။ ဤသဘောကြောင့် ရာစုနှစ်ပေါင်းများစွာ အခက်ကြုံခဲ့ရလေသည်။ ပုပ်ရဟန်းမင်း နှင့် ဧကရာဇ်မင်းတို့သည် မည်သူက မည်သူ့အပေါ် တန်ခိုး အာဏာ လွှမ်းမိုးသည်ဟူသောအချက်နှင့် စပ်လျဉ်း၍ သဘော မညီညွတ်နိုင် ရှိခဲ့၏။ ဥရောပတိုက်၏ အလယ်ခေတ် တစ်လျှောက်တွင် ဤကိစ္စနှင့် စပ်လျဉ်း၍ အရေးအခင်းများ ဖြစ်ပွားခဲ့ရလေသည်။ ရှား လမိန်းဘုရင် ကွယ်လွန်ပြီးနောက် ယင်း၏ နိုင်ငံတော်ကြီးမှာ ပြိုကွဲသွားခဲ့၏။ ခရစ် ၉၆၂ ခုနှစ် သို့ ရောက်သောအခါ ဂျာမနီပြည် ဆက္ကဆွန်နီဘုရင် ပထမ အော့တိုသည် အီတလီနိုင်ငံကို အောင်မြင်ပြီးနောက် ရောမ ဧကရာဇ်ဘွဲ့ကို ခံယူပြန်သည်။ ဖရက်ဒရစ်ဗာဗရော့ဆာ လက် ထက်တွင် သာသနာစောင့်ဟူသော စကားလုံးကို ဖြည့်စွက်၍ ရောမသာသနာစောင့်ဧကရာဇ်ဘွဲ့ကို ခံယူသည်။ ဤသို့ပြုသည် မှာ ဧကရာဇ်တို့သည် ပုပ်ရဟန်းမင်းတို့ကိုလည်း ကာကွယ် စောင့်ရှောက်ရသည်။ ဤသို့အားဖြင့် ပုပ်ရဟန်းမင်းတို့ထက် တန်ခိုးကြီးသည်ဟူသောသဘောကို လေးနက်စေလိုသောကြောင့် ဖြစ်သည်။ ၁၃ ရာစုနှစ်အထိ ရောမသာသနာစောင့် နိုင်ငံတော် တွင် အဓိကအားဖြင့် အီတလီ၊ ဂျာမနီနှင့် ဩစတြီးယားနိုင်ငံ တို့သာ ပါဝင်ခဲ့၏။ ရံဖန်ရံခါ နယ်ပယ်နီးချင်းများဖြစ်သော ဟန်ဂေရီ၊ ပိုလန်နှင့် ဒိန်းမတ် စသည်တို့လည်း ပါဝင်ခဲ့သည်။ ထိုစဉ်က ဂျာမနီဘုရင်များသည် များသောအားဖြင့် ရောမ သာသနာစောင့် ဧကရာဇ်များ ဖြစ်ခဲ့လေသည်။


ဦးစွာ၌ ထိုဘုရင်များကို နယ်ပယ်ကြီး ၁ဝ ခုကို ကိုယ် စားပြုသူများက ရွေးကောက်တင်မြှောက်ကြ၏။ နောင်အခါ ဂျာမန်မင်းသားများနှင့် ဂိုဏ်းချုပ်များက ရွေးကောက်သည်။ ထိုသို့ ရွေးကောက်တင်မြှောက်ရသူများ၏ အရေအတွက်မှာ ၁၇ ရာစုနှစ်တွင် ကိုးဦး ဖြစ်လာသည်။ ၁၃၃၈ ခုနှစ် နောက်တွင် ရွေးကောက် တင်မြှောက်ခြင်းခံရသော ဘုရင်များကို ဧကရာဇ် ဟူ၍လည်း သဘောထားလာကြ၏။


ဤသို့ ဧကရာဇ်ကို ရွေးကောက်တင်မြှောက်သည်ဟု ဆိုရ သော်လည်း သားစဉ်မြေးဆက် အုပ်စိုးခဲ့ကြသည်လည်း ရှိ၏။ ၁ဝ၂၄ ခုနှစ်မှ ၁၁၂၅ ခုနှစ်အထိ အုပ်စိုးခဲ့သော ရောမ သာသနာစောင့် ဧကရာဇ်များသည် ဖရန်ကိုနီယန်မင်းဆက်ဝင် ဘုရင်များ ဖြစ်ကြ၏။ ထိုနောက်တွင် ဟိုဟန်စတပ်ဖန်မင်း ဆက်က ၁၁၃၈ ခုနှစ်မှ ၁၂၅၄ ခုနှစ်အထိ အုပ်စိုးခဲ့၏။ ၁၄၃၈ ခုနှစ်နောက်တွင် သတ္တမချားနှင့် ပထမဖရန်စစ်တို့က လွဲ၍ ရောမသာသနာစောင့် ဧကရာဇ်များသည် ဟက်စဗတ် ဆွေမျိုးစုမှ ဖြစ်လေသည်။

တစ်ဆဲ့သုံးရာစုနှစ်အတွင်း အီတလီသည် ရောမသာသနာ စောင့် နိုင်ငံတော်အတွင်း လုံးလုံးလျားလျား မပါဝင်တော့ချေ။ ထိုနောက်တွင်ကား ရောမသာသနာစောင့် နိုင်ငံတော်တွင် ဂျာမနီ ဩစတြီးယားနှင့် ယင်းတို့ပိုင် နယ်ပယ်များသာ ပါဝင် တော့သည်။ ဧကရာဇ်ဘုရင်များသည် ဥရောပတိုက်ရှိ ထီး ဆောင်မင်းတို့၏ အထွတ်အထိပ်အဖြစ် ခံယူနေဆဲ ဖြစ်သော် လည်း နိုင်ငံတော်ကား အားနည်း၍ မညီမညွတ်ရှိနေခဲ့သည်။ ၁၈ ရာစုနှစ်သို့ ရောက်လျှင် ရောမသာသနာစောင့် နိုင်ငံတော် သည် ရောမလည်းမဟုတ်၊ သာသနာ စောင့်လည်းမဟုတ်၊ နိုင်ငံတော်လည်းမဟုတ်ဟူ၍ပင် ဆိုနိုင်နေပေပြီ။

နပိုလီယန်သည် ၁၈ဝ၆ ခုနှစ်တွင် ဩစတြီးယားနှင့် ဂျာမနီတောင်ပိုင်းကို အောင်မြင်ခဲ့သောအခါ ဒုတိယဖရန်စစ် သည် ရောမသာသနာစောင့် ဧကရာဇ်အဖြစ်ကို စွန့်၍ ဩစတြီး ယန်း ဧကရာဇ်အဖြစ်သာ ခံယူခဲ့လေသည်။ ဤသို့အားဖြင့် ရောမသာသနာစောင့် နိုင်ငံတော်သည် ဇာတ်သိမ်းခဲ့ရလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)