ရောင်ခြည်တော်ခြောက်သွယ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဘုရားရှင်သည် ပဌာန်းကျမ်းကြီးကို ခုနစ်ရက်ပတ်လုံး ဆင်ခြင်သုံးသပ်တော်မူသောအခါ ခြောက်ဖြာသော ရောင်ခြည်တော်တို့သည် ကွန့်မြူးကာထွက်ပေါ်လာလျက် ထက်အောက်ဖီလာ စကြဝဠာ အနန္တထုတ်ချင်း ဖောက်မျှ ဝင်းထိန်သွားပြီးလျှင် အတောင် (၈၀) အထိ အမြဲတမ်းကွန့်မြူးလျက်ရှိလေသည်။ ဗောဓိဝံသ အဌကထာ၌လည်း ဘုရားရှင်သည် တာဝတိံသာမှ ဆင်းသက်ကြွမြန်းတော်မူစဉ် တန်ခိုးပြာဋိကာ ရောက်ခြည်တော်များသည် သာသနာကွယ်သည့်နေ့အထိ တည်ရှိနေကြောင်း အတိအလင်း ရေးသားဖွင့်ဆို ခဲ့သည်။

ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှား ရှိတော်မူစဉ်အခါက ဝေနာဂပုပရ ပုဏ္ဏားကြီး၏ ရွာသို့ကြွရောက်တော်မူ သည်။ ထိုအခါက ဘုရားရှင်၏ အသားရောင်မှာ ထန်းသီးမှည့်ကဲ့သို့ လည်းကောင်း၊ ဇီးယွန်းမှည့်ကဲ့သို့ လည်းကောင်း၊ လှော်ဦးသစ်စ ဇမ္ဗူရာဇ် ရွှေစင်ကဲ့သို့ ရွှန်းလဲ့ဝင်းအိ၍ နေသည်ကို ဖူးတွေ့ရသော ပုဏ္ဏား တို့သည် ရင်သပ်ရှုမော အံ့ဩ၍ နေကြကုန်သည်။ ဝစ္ဆဂေါတ္ထ ပုဏ္ဏားကမူ ပိုးဖဲကတ္တီပါ နေရာကောင်းများနှင့် နေကြရ၍ ဤမျှ အသားအရေ ကြည်လင်တောက်ပရသည်ဟု ယူဆကာ နှုတ်မှလည်း ဖွင့်ပြီး ဘုရားရှင်အား လျှောက်ထားမေးမြန်းလေသည်။ ထိုအခါ ဘုရားရှင်မှ ရဟန်းတို့သည် နူးညံ့သော အိပ်ရာတို့နှင့် မအပ်စပ်ကြောင်း မိန့်ဆိုပြီးလျှင် ရဟန်းတို့ သုံးစွဲသော မြင့်မြတ်သည့်နေရာသုံးမျိုးကို ဟောကြားတော်မူလေသည်။

ယင်းတို့မှာ

  1. နတ်တို့၏ မြတ်သောနေခြင်း (ဈာန်လေးပါးဖြင့်နေခြင်း)၊
  2. ဗြဟ္မာတို့၏ မြတ်သောနေခြင်း (ဗြဟ္မာ ဝိဟာရလေးပါးဖြင့်နေခြင်း)၊
  3. အရိယာ တို့၏ မြတ်သောနေခြင်း (သမာပတ်ဝင်စား၍နေခြင်း) တို့ဖြစ်ကြောင်း။

ယင်းသုံးမျိုးတို့မှ တစ်မျိုးမျိုးဖြင့်နေသော် အသားအရေကြည်လင်ကာ အရောင်အဝါထွက်ပေါ်ကြောင်း ဟောကြားတော် မူလေသည်။ မူလပဏ္ဍာသ အဌကထာ ပါသရာသိသုတ်၌ ဘုရားရှင်တော်မြတ် ပဌာန်းတော်သုံးသပ်တော် မူစဉ်က ထွက်ပေါ်လာသေ ရောင်ခြည်တော်များသည် ယခုထက်တိုင် စကြဝဠာတွင် ပျံ့နှံ့တည်ရှိလျက်ရှိကြောင်း အတိအကျဖွင့်ဆို ထား၏။

ဘုရားရှင်၏ ရောင်ခြည်တော်သည်နေရောင်သင့်သဖြင့် ပွင့်လာသော ကြာပဒုမ္မာ၊ ကြာနီ၊ ကြာညို၊ ကြာပုဏရိက် တို့ဖြင့် တန်ဆာဆင်အပ်သော ရေအပြင်ဝယ် ကြယ်အပေါင်းတို့၌ ရောင်ခြည်ကွန်ရက် ဖြန့်ကြက်လျက် ပြိုးပြိုးပြက်ပြက် တင့်တယ်စွာတောက်ပသော ကောင်းကင်အပြင်ကဲ့သို့ အညို၊ အရွှေ၊ အနီ၊ အဝါ အစရှိသော ဆန်းကြယ်သော ရောင်ခြည်တော်အဝန်းဖြင့် တင့်တယ်သောဆည်းဆာရောင် တို့ဖြစ်သည်။

ဘုရားရှင်၏ ရောင်ခြည်တော်ခြောက်သွယ်မှာ ပါဠိဘာသာအရ

၁။ နီလ ၂။ ပီတ ၃။ လောဟိတ ၄။ ဩဒါထ ၅။ မဉ္ဇိဋ္ဌ ၆။ ပဘဿရ တို့ဖြစ်ပါသည်။

(စာကြွင်း)[ပြင်ဆင်ရန်]

မြတ်စွာဘုရား၏ ရောင်ခြည်တော်ခြောက်သွယ်တွင် နီလရောင်ခြည်တော်ခေါ် ညိုသော ရောင်ခြည်တော် နှင့် မဉ္ဇိဋ္ဌ ခေါ် မောင်းသောရောင်ခြည်တို့မှာ .. မြန်မာတို့သိသော အညိုအမောင်းနှင့် ကွဲပြားနေလေသည်။

နီလ - အညိုမှာ အဌကထာများတွင် မိုးဆွေပန်း၊ ကြာညိုမန်း ၊ မျက်စဉ်းမှုန် တို့၏ အရောင်တို့ဖြင့် နှိုင်းယှဉ် ပြသထား၏။

မိုးဆွေပန်း၊ ကြာညိုပန်း ၊ မျက်စဉ်းမှုန် ပန်းတို့မှာ အပြာရောင်များဖြစ်ကြ ၍ ကမ္ဘာ့ပညာရှင်များက နီလရောင်ခြည်တော်ကို အပြာရောင်ဟု ပြဋ္ဌာန်းထားကြပါသည်။

ထို့ပြင် မောင်းသောအရောင်မှာ မန္ဒရတ္တဝဏ္ဏ - နုသောအနီရောင်၊ အနီနု ဟုဆိုသဖြင့် ပန်းရောင် (သို့) လိမ္မော်ရောင် ကို ပြဋ္ဌာန်းအသိအမှတ်ပြုကြလေသည်။

ဗုဒ္ဓကိုယ်တော်ရောင် ၇-ပါး[ပြင်ဆင်ရန်]

ဤ၌ သီရိ ဘုန်းတော်တွင် ပါဝင်ထင်ရှားသော ရောင်လျှံတော်များကိုသာ ဆိုသည်၊ ထိုမှတပါး အရာမက များသော ရောင်လျှံတော်တွေလည်း ရှိသေး၏။

  1. အင်္ဂိရသ ပဘာ- တန်ခိုးယမိုက် ပြာဋိဟာ မပြဘဲ ပကတိသော ကိုယ်တော် အလုံးမှ အမြဲအစဉ် ပြိုးပြိုးပြက် ထွက်နေသော ရောင်ခြည်တော် ခြောက်သွယ်၊
  2. ဗျာမပ္ပဘာ- ပကတိ ကိုယ်တော်မြတ်မှ အမြဲမပြတ် ၄-တောင်ပတ်လည်အတွင်း၌ ဝန်းဝိုင်း တည်ထွန်းနေသော အတွင်း ရောင်ခြည်တော်၊
  3. အသီတိပ္ပဘာ- အတွင်းရောင်ခြည်တော်၏အပြင်ဘက်မှ အတောင် ရှစ်ဆယ် အရပ်တိုင်အောင် ထက်ဝန်းကျင် ဝိုင်းဝန်းထွန်းပနေသော ရောင်ခြည်တော်၊
  4. ကေတု မာလာ ပဘာ- ရောင်လျှံတော် ခေါ် ဦးခေါင်းတော်ထက်မှ ထွက်ပ ထွန်းတောက်သော ရောင်ခြည်တော်၊
  5. ဥဏ္ဏာ ပဘာ- ဥဏ္ဏလုံမွေရှင်တော်မှ ထွက်မြူး ကွန့်ကြွသော ရောင်ခြည်တော်၊
  6. ဒါဌာ ပဘာ- နှုတ်တော်ဖွင့်ခိုက် စွယ်တော်မြတ် လေးဆူမှထွက်မြူး ကြွမြန်းသော ရောင်ခြည်တော်၊
  7. အနန္တ ပဘာ- ရတနာဃရတိုက်ခန်း၌ ပဋ္ဌာန်းကျမ်းမြတ်ကို သုံးသပ် ဆင်ခြင်တော်မူသောအခါ, တန်ခိုးပြာဋိဟာတို့ကို ပြတော်မူသောအခါ စသည်တို့၌ အရပ်ဆယ်မျက်နှာလုံး ပိတ်ဖုံး၍ ထွက်ကြွသည့် အဆုံးမရှိသော ရောင်ခြည်တော် ၆-သွယ်။[၁]


မြတ်စွာဘုရားသခင်သည် ဘုရားဖြစ်တော်မူပြီးနောက် ရတနာဃရသို့ ရောက် တော်မူပြီး၍ အဘိဓမ္မာ ခုနစ်ကျမ်းတွင် အနန္တနယဖြစ်သော သမန္တပဋ္ဌာန်းကျမ်းကို သုံးသပ်တော်မူသည့် အခါ နီလ၊ ပီတ၊ လောဟိတ၊ ဩဒါတ၊ ပဉ္ဇိဋ္ဌ၊ ပဘဿရဟု ဆိုအပ်သော အညို၊ အရွှေ၊ အနီ၊ အဖြူ၊ အမောင်း၊ ပြိုးပြိုး ပြက် တခဲနက်သော ရောင်ခြည်တော် ခြောက်သွယ်တို့သည် ထွက်ကုန်၏။

ညိုသောရောင်ခြည်တော်တို့သည် ဆံတော် မွေးည|င်းတော် မုတ်ဆိတ်တော် မျက်တောင်တော် ဟုဆိုအပ်သော ညိုမှိုင်းရာ စိမ်းပြာမှောင်သင့်သော အရပ်တို့မှ ထွက်ကုန်၏။


ရွှေသော ရောင်ခြည်တော်တို့သည်ကား နဖူးတော်ဖျားမှ သည် ဖဝါးတော် အဆုံးတော်တိုင်အောင် အလုံးစုံ ဟုဆိုအပ် သော ကိုယ်တော်၏အရေတော်၊ မျက်လုံးမျက်လွှာ မျက်နှာ တော်မှစ၍ ရွှေသင့်ဝါသင့် တောက်ထွန်းသော အရပ်တို့မှ ထွက်ကုန်၏။


နီသော ရောင်ခြည်တော်တို့သည်ကား အသွေးအသား လက်ဖဝါး ခြေဖဝါးတော်၊ ခြေသည်း လက်သည်းတော်၊ မျက်စိမျက်လွှာလျှာတော်၊ ခံတွင်းနှုတ်ဖျား သွားဖုံး အာစပ် နီအပ်သမျှသော အရပ်တို့မှ ထွက်ကုန်၏။


ဖြူသော ရောင်ခြည်တော်တို့သည်ကား အရိုးတော် သွား တော် စွယ်တော် မျက်လုံးတော်စွန်းတို့မှစ၍ ဖြူသင့်သောအရပ် တို့မှ ထွက်ကုန်၏။


မောင်းသော ပြိုးပြိုးပြက်သော ရောင်ခြည်တော်တို့သည် ကား တစ်ရာ့ရှစ်ကွက် စက်မြတ်ရတနာတည်ရာ ဖဝါးတော် အပြင်မှစ၍ အထက်ဆံဖျားတိုင်အောင် ကိုယ်တော်အလုံးမှ ထွက်ကုန်၏။


ဤသို့ ထွက်ပေါ်သော ရောင်ခြည်တော် ခြောက်သွယ်တို့ သည် နှစ်သိန်းလေးသောင်းအထုရှိသော ပထဝီမြေကြီးနှင့်တကွ မြေကို ခံသော ယူဇနာလေးသိန်းရှစ်သောင်းအထုရှိသော ရေကို ၎င်း၊ ထိုရေကိုခံသော ယူဇနာကိုးသိန်းခြောက်သောင်း အထုရှိ သော လေကို၎င်း ဖောက်ထွင်း၍ အောက်အဇဋာကာသ ကောင်းကင်ပြင်သို့ ပြေး၏။ အထက်သို့လည်း နတ်ပြည်ခြောက် ထပ်၊ ဗြဟ္မာ ၂ဝ ကို လွန်၍ အဇဋာကာသ ကောင်းကင်တိုင် ပြေးလေ၏။ ရှေ့နောက် လက်ဝဲ လက်ယာ ဖီလာအားဖြင့် အဆုံးမရှိသော အနန္တလောကဓာတ်စကြဝဠာ အရပ်သို့လည်း ပြေးလေကုန်၏။ နေရောင်လရောင် နတ်ဗြဟ္မာတို့၏ကိုယ်ရောင် စသော အရောင်တကာတို့ကို ဖုံးလွှမ်းပျောက်ပေ၏။ လက္ခဏာရောင်ခြည်တော်၊ အသီတိနိစ္စလဋ္ဌိတိ ရောင်ခြည် တော်၊ အနန္တ ဒိသာဖရဏရော်ခြည်တော်ဟူ၍ သုံးပါးပြားသည် တွင် ထိုဆိုအပ်ခဲ့ပြီးသော ရောင်ခြည်တော်တို့သည် အနန္တ ဒိသာဖရဏ ရောင်ခြည်တော် မည်ကုန်၏။ လက္ခဏာရောင်ခြည်တော်ကား ဖွားတော်မူစဉ် ရွှေအဆင်း နှင့်တူသော ကိုယ်တော်ဖြစ်၍ ထက်ဝန်းကျင် တစ်လံမျှလောက် တောက်ပလျက်တည်သော ရောင်ခြည်တော်တည်း။ အသီတိနိစ္စလဋ္ဌိတိ ရောင်ခြည်တော်ကား တန်ခိုးတော်ဖြင့် မဖန်ဆင်းမူ၍ ပကတိ နေ့ညဉ့်မပြတ် အတောင် ၈ဝ မျှသော အရပ်၌ တည်သော ရောင်ခြည်တော်တည်း။ အနန္တ ဒိသာဖရဏ ရောင်ခြည်တော်မှာ အလိုတော်ရှိက အဆုံးမရှိသော အရပ်သို့ပင် နှံ့၍ အထက်ဆိုခဲ့သည့်နည်း အတိုင်း အောက်အဇဋာကာသ၊ အထက် အဇဋာကာသ၊ အနန္တ စကြဝဠာ ဖီလာထုတ်ချင်း အကြွင်းမရှိ ထွန်းလင်းနိုင်သော ရောင်ခြည်တော်တည်း။[၂]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မှန်နန်းရာဇဝင်တော်ကြီး
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)