မာတိကာသို့ ခုန်သွားရန်

ရေအောက်ကြေးနန်း

ဝီကီပီးဒီးယား မှ

ရေအောက်ကြေးနန်း

[ပြင်ဆင်ရန်]

ပင်လယ်သမုဒ္ဒရာများ ခြားလျက်ရှိသော တိုင်းနိုင်ငံများသို့ လွယ်ကူစွာနှင့် ကြေးနန်းသတင်းများကို ပေးပို့နိုင်ခြင်းမှာ ပင်လယ်သမုဒ္ဒရာများအောက်တွင် ချထားသော ရေအောက်ကြေးနန်းကြိုးများကြောင့်ပင် ဖြစ်သည်။ သို့သော် ရေအောက် ကြေးနန်းကြိုးများကို ပင်လယ်ရေပြင်အောက်တွင် ချထားရသည့်အလုပ်မှာ ထင်သလောက် လွယ်ကူသောလုပ်ငန်း မဟုတ်ချေ။ အမေရိကန်နိုင်ငံမှ မော့နှင့် အင်္ဂလန်နိုင်ငံမှ ဝှိစတုန်းတို့သည် ကုန်းပေါ်၌ ရိုက်ကြားသော ကြေးနန်းကိရိယာများကို အောင်မြင်စွာ မတီထွင်နိုင်မီကပင် ရေအောက်ကြေးနန်းရိုက် နည်းကို ကြံစည်စမ်းသပ်သူများ ရှိခဲ့လေသည်။ ၁၈ဝ၃ ခုနှစ်တွင် အယ်လဒီနီ ဆိုသူသည် ပြင်သစ်နိုင်ငံ မန်းမြစ်အောက်တွင် ရေအောက် ကြေးနန်းကြိုးကို ချ၍ ကြေးနန်းရိုက်ခဲ့ ပြန်သည်။

မော့ကိုယ်တိုင်ပင်လည်း ကုန်းကြောင်းကြေးနန်းသတင်း ရိုက်ကြားနိုင်ရေးအတွက် ကြေးနန်းရုံးနှင့် ကြေးနန်းကိရိယာများ ဆောက်လုပ်တီထွင်ရန် အမေရိကန်ပြည်ထောင်စု အစိုးရ ထံမှ ငွေကြေးအကူအညီ တောင်းခံထားစဉ် အမိန့်မကျမီ လသာသော တစ်ညဉ့်၌ နယူးယောက်သင်္ဘောဆိပ်သို့သွားကာ ရေအောက်၌ နှစ်မိုင်ခန့်ရှည်သော ရေအောက်ကြေးနန်းကြိုး တစ်ပင်ကို ချခဲ့၍ နောက်နေ့နံနက်တွင် အောင်မြင်စွာ သတင်း ပေးပို့နိုင်ခဲ့၏။ သို့သော် သင်္ဘောတစ်စင်း၏ ကျောက်ဆူးနှင့် ငြိပြီး ပါသွားသည့်အတွက် ထိုကြေးနန်းကြိုးသည် ပြတ်သွားရလေသည်။ ဝါရှင်တန်မြို့နှင့် ဗောလတီးမိုးမြို့အကြားတွင် ကြေးနန်းကြိုး အဆက်အသွယ်ကို မော့တပ်ဆင် ဆက်သွယ်ခဲ့ပြီး နောက်တစ်နှစ်တွင် အက်ဇရာကောနဲဆိုသူက တစ်ဖန် ဟဒ်ဆန်ပင်လယ်အော်၌ ရေအောက်ကြေးနန်းကြိုးကိုချကာ ဖို့လီမြို့နှင့် နယူးယော့မြို့ကို ကြေးနန်းဖြင့် ဆက်သွယ်ပြန်၏။ သို့သော် ထိုကြိုးသည်လည်း ဆောင်းတွင်း၌ ရေခဲမှုကြောင့် ပြတ်သွားပြန် လေသည်။ ၁၈၅ဝ ပြည့်နှစ် တခိုသို့ ရောက်သောအခါ ဂရိတ်ဗြိတိန်ကျွန်းနှင့် နယ်သာလန်နိုင်ငံ၊ ဂျာမနီနိုင်ငံတို့တွင်လည်းကောင်း၊ ဒိန်းမတ်နိုင်ငံနှင့် ဆွီဒင်နိုင်ငံတို့တွင်၎င်း၊အီတလီနိုင်ငံ ကော်ဆီးကားကျွန်းနှင့် ဆာဒင်းနီးယားကျွန်းတို့တွင်လည်းကောင်း၊ ဆာဒင်း နီးယားကျွန်းနှင့် မြောက်အာဖရိကတိုက်တို့တွင်လည်းကောင်း ရေအောက် နန်းကြိုးများဖြင့် ကြေးနန်းအဆက်အသွယ် ရှိနေပေပြီ။ သို့ရာ တွင် အတ္တလန္တိတ်သမုဒ္ဒရာ၏ အတိမ်အနက်ကို မစုံစမ်းရသေး သည်ကတစ်ကြောင်း၊ မိုင်ပေါင်းများစွာ ရှည်မည့် ကြေးနန်းကြိုး ကို လိုမည်ဖြစ်သည်ကတစ်ကြောင်းတို့ကြောင့် ထိုသမုဒ္ဒရာကြီး၏ အောက်မှ ဖြတ်၍ အင်္ဂလန်နှင့် အမေရိကန်နှစ်နိုင်ငံကို ရေအောက်ကြေးနန်းကြိုးဖြင့် ဆက်သွယ်ရမည့်ကိစ္စကို မည်သူမျှ စိတ်မကူးဝံ့ခဲ့ကြသေးပေ။

ပင်လယ်သမုဒ္ဒရာတို့၏ အတိမ်အနက်ကို စမ်းသပ်နိုင်သော သင်္ဘောများပေါ်ပေါက်လာသောအခါ အိုင်ယာလန်နှင့် နျူးဖောင်းလန်းကျွန်းအကြားရှိ အတ္တလန္တိတ်သမုဒ္ဒရာသည် နှစ်မိုင်ခွဲခန့် နက်၍ ရေအောက်ရှိ မြေပြင်သည် ရေအောက် ကြေးနန်းကြိုးများ ချနိုင်လောက်အောင် ပြန့်ကြောင်းကို တိုင်းတာ ခန့်မှန်းနိုင်လာသည်။ သို့သော် ရှေးဦးစွာ မိုင်ပေါင်း ၁၆၆ဝ ခန့် ရှည်သော ရေအောက်ကြေးနန်းကြိုး ရှိရမည်ဖြစ်၍ ထိုမျှ ရှည်လျားလေးလံသောဝန်ကို တင်ဆောင်နိုင်သည့်သင်္ဘောလည်း ရှိရပေဦးမည်။ ထိုနောက် အဆိုပါ ရေအောက်ကြေးနန်း ကြိုးကို ရေအောက်သို့ချနေစဉ် အတောအတွင်း၌ လှိုင်းလေများလည်း ငြိမ်သက်နေရပေမည်။ ဤအခြေအနေကိုရရန်မှာ သာမညလွယ်ကူသော ကိစ္စမဟုတ်သည့်အတိုင်း လူတိုင်းကပင် အတ္တလန္တိတ်သမုဒ္ဒရာအောက်၌ မည်သည့်နည်းနှင့်မျှ ရေအောက် ကြေးနန်းကြိုးမချနိုင်ဟု ယူဆခဲ့ကြခြင်းကို အံ့ဩဖို့မရှိချေ။

သို့ရာတွင် မဖြစ်နိုင်ဟု ပြောစမှတ်ပြုနေကြသော ဤလုပ်ငန်းကြီးကို မဖြစ်ဖြစ်အောင် ကြံဆောင်သည့် ပုဂ္ဂိုလ်များ ပေါ်လာခဲ့ပေသည်။ ပထမဦးဆုံး စိတ်ကူးသူမှာ ဆိုင်ရပ်ဝက်စဖီး ဆိုသူ ဖြစ်၏။ သူသည် သိပ္ပံပညာရှင် မဟုတ်ပေ။ သို့သော် ပစ္စည်းဥစ္စာကြွယ်ဝ၍ စီးပွားရေးတွင် အမြင်ကျယ်ကာ ဇွဲကောင်း သူတစ်ဦး ဖြစ်သည့်အတိုင်း ဤကိစ္စကို ကျွမ်းကျင်သူများနှင့် ဆွေးနွေးခဲ့လေသည်။ မော့နှင့် တိုင်ပင်သောအခါ ရေအောက် ကြေးနန်းကြိုးကို အောင်မြင်စွာ ချနိုင်ရမည်ဟု အဖြေရခဲ့သည်။ ထိုနောက် အင်္ဂလန်သို့သွားပြီးသော် ရေအောက်ကြေးနန်းကြိုး များကို ခရီးတိုအတွက် စမ်းသပ်အောင်မြင်ပြီးဖြစ်သော ဂျွန်ဒဗျူဗရက်နှင့် ချားဗရိုက် ဆိုသူတို့နှင့် တိုင်ပင်ဆွေးနွေးကာ အတ္တလန္တိတ်သမုဒ္ဒရာအောက်၌ ရေအောက်ကြေးနန်းကြိုးချမည့် လုပ်ငန်းကြီးကို လုပ်ကိုင်ရန် ဆုံးဖြတ်လိုက်လေသည်။ အဆိုပါ ပုဂ္ဂိုလ်ကြီးများအပြင် လျှပ်စစ်ပညာတွင် ထူးချွန်သော အခြားပညာရှင်များနှင့် ငွေကြေးအစု ပါဝင်မည့်သူများကိုလည်း ရှာဖွေ ခဲ့လေသည်။

ဖီးသည် ၁၈၅၇ ခုနှစ် ဖေဖော်ဝါရီလတွင် အတ္တလန္တိတ်သမုဒ္ဒရာအတွက် ပထမဆုံး ရေအောက်ကြေးနန်းကြိုးကို စတင်စီမံ ပြုလုပ်လေသည်။ ရေအောက်ကြေးနန်းကြိုးကို အိုင်ယာ လန်မှ နျူးဖောင်းလန်းကျွန်းအထိ ချရန်ဖြစ်၍ မိုင်ပေါင်း ၂၅ဝဝ ခန့် ရှည်ရမည်ဟု တွက်ချက်ခန့်မှန်းရ၏။ ရေအောက် ကြေးနန်းကြိုး ပြုလုပ်ရာတွင် အတွင်း၌ ကြေးနန်းကြိုး ခုနစ် ပင်ကို စုပေါင်းထားသော အပြင်ဘက်၌ ဂတ်တာပါချာခေါ် ကြက်ပေါင်စေးနှင့် ဆင်တူသော သစ်စေးတစ်မျိုးဖြင့် သုံးထပ် ဖုံးအုပ်၍ လျှပ်စစ်ဓာတ်ကို ကာထားသည်။ ထိုနောက် တစ်ဖန် သံနန်းကြိုးများနှင့် ရစ်ပတ်ထားပြန်သည်။ ကြေးနန်းကြိုးကို ရေအောက်သို့ ချရန်အတွက် သင်္ဘောများနှင့် စက်များကို အထူးစီမံပြုပြင်ပေးရလေသည်။ ဤကိစ္စတွင် ဗြိတိသျှအစိုးရက အဂ္ဂမင်နွန်ခေါ် စစ်သင်္ဘောတစ်စင်းနှင့် အမေရိကန်ပြည်ထောင်စုအစိုးရက နိုင်အဂ္ဂရာခေါ် စစ်သင်္ဘောတစ်စင်းကို အကူအညီပေး၍ အခြားသင်္ဘောငယ်များကိုလည်း အသုံးပြုခဲ့ကြရလေသည်။

အထက်ပါ သင်္ဘောစုသည် ၁၈၅၇ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့တွင် အခမ်းအနားဖြင့် အတ္တလန္တိတ် သမုဒ္ဒရာသို့ ထွက် ကြသည်။ ရေအောက်ကြေးနန်းကြိုးခွေ တစ်ဝက်ကို နိုင်အဂ္ဂရာ သင်္ဘောလည်းကောင်း၊ ကျန်တစ်ဝက်ကို အဂ္ဂါမင်နွန် သင်္ဘောကလည်းကောင်း တင်ယူသယ်ဆောင်သည်။ နိုင်အဂ္ဂရာသင်္ဘောပေါ်ရှိ ရေအောက် ကြေးနန်းကြိုးကို ရေအောက်သို့ ချပြီးသောအခါ ထိုကြိုးခွေကို အဂ္ဂါမင်နွန်သင်္ဘောပေါ်ရှိ ကြိုးခွေ၏ခေါင်းနှင့် သမုဒ္ဒရာအလယ် ၌ ဆက်ကာ အဂ္ဂါမင်နွန်က နျူးဖောင်းလန်းကျွန်းဘက်သို့ ရေအောက်ကြေးနန်းကိုဆက်၍ ချသွားရန် ဖြစ်၏။ သို့သော် မိုင်ပေါင်း ၂ဝဝဝ ကျော်ရှည်သည့် ကြေးနန်းကြိုးအနက် မိုင် ၃၈ဝ မျှသာ ချရသေးသောအချိန်တွင် ကြေးနန်းကြိုး ပြတ်သွားသဖြင့် ထိုပထမကြိုးစားချက်မှာ အချည်းနှီး ဖြစ်သွားရလေသည်။ အဆိုပါပုဂ္ဂိုလ်တစ်စုသည် စိတ်မပျက်ကြဘဲ နောက်တစ်ကြိမ်တွင် သင်္ဘောနှစ်စင်းသည် သမုဒ္ဒရာအလယ်တွင် ရှေးဦးစွာ ကြေးနန်းကြိုးကို ခေါင်းချင်းဆက်ပြီးမှ ရေသို့ချရန် စီစဉ်ခဲ့လေသည်။ သို့သော် ရေသို့ချယင်း တစ်စင်းနှင့်တစ်စင်း ၁ဝ၉ မိုင်ခန့်ဝေးသောအခါ ကြေးနန်းကြိုးသည် ဒုတိယအကြိမ် ပြတ်သွားပြန်သဖြင့် နှစ်ကြိမ်မြောက် ငွေကုန်လူပန်း ဖြစ်ကြ ရပြန်လေသည်။

ဇွဲကောင်းလှသော ဖီးနှင့် အပေါင်းပါတစ်စုတို့သည် ကုမ္ပဏီဒါရိုက်တာလူကြီးများအား အတန်တန် တိုက်တွန်း၍ တတိယအကြိမ်မြောက်ကြိုးစားရန် သင်္ဘောတပ်စုဖြင့် အတ္တလန္တိတ်သမုဒ္ဒရာအလယ်သို့ ထွက်ကြပြန်လေသည်။ ဤအကြိမ်တွင်လည်း ဝေလငါးကြီးတစ်ကောင်ကြောင့်လည်းကောင်း၊ ရေခဲ တောင်ကြောင့်လည်းကောင်း၊ သင်္ဘောတစ်စင်းကြောင့်လည်းကောင်း ကြေးနန်းကြိုး ပြတ်လုမတတ် ဘေးအန္တရာယ်မျိုးနှင့် ကြုံတွေ့လိုက်ရသေး၏။ သို့သော် ကံအားလျော်စွာ ၁၈၅၈ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့ တွင် ရေအောက်ကြေးနန်းကြိုးကို အောင်မြင်စွာ ရေသို့ အပြီးအစီး ချနိုင်သွားလေသည်။ အမေရိကန်ပြည်ထောင်စုနှင့် အင်္ဂလန်နှစ်နိုင်ငံတွင်ကား အောင်ပွဲများခံကာ ပျော်ရွှင်၍ မဆုံး ကြတော့ပေ။

သို့ရာတွင် နောင်နှစ်လခန့်ကြာသောအခါ ထိုရေအောက်ကြေးနန်းကြိုးဖြင့် ကြေးနန်းသတင်းများကို မပို့နိုင်တော့ချေ။ မပို့နိုင်ခြင်းမှာ ကြိုးပြတ်၍မဟုတ်၊ ကြိုးတွင် စီးဖြတ်သော လျှပ်စစ်ဓာတ်သည် ရေထဲသို့ ဓာတ်လိုက်သွားရာမှ ကြိုးတွင် စီးနေသည့် လျှပ်စစ်ဓာတ်ကို ပြောင်းပြန်ခံထားသောကြောင့် ဖြစ်လေသည်။

ဖီးနှင့် အဖော်တစ်စုသည် ၁၈၆၅ ခုနှစ်တွင် ကုမ္ပဏီ အသစ်တစ်ခုကို တည်ထောင်ပြီးသော် ချွတ်ယွင်းချက်ကင်း၍ ယခင်ကထက် ပိုမိုခိုင်ခံသော ကြေးနန်းကြိုးကို ချနိုင်ရန် စိုင်းပြင်းကြပြန်သည်။ ပထမအကြိမ်တွင် ကြိုးပြတ်ပြန်သည့် အတွက် နှစ်ကြိမ်မျှ ဆက်လက်ကြိုးစားကြရာ ၁၈၆၆ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ တွင် ခေတ်မီသော ရေအောက်ကြေးနန်းကြိုးကို အောင်မြင်စွာ ချနိုင်သွားလေသည်။ ယခုအခါ အတ္တလန္တိတ် သမုဒ္ဒရာအောက်တွင် ဥရောပတိုက်နှင့် မြောက် အမေရိကတိုက်စပ်ကြား တစ်ခုတည်း၌ ရေအောက်ကြေးနန်းကြိုး နှစ်ဆဲ့တစ်ကြိုးမျှပင် ဆက်သွယ်ထားလျက် ရှိပေပြီ။ ပစိဖိတ်သမုဒ္ဒရာတွင် ရေအောက်ကြေးနန်းချရန်မှာ အတ္တလန္တိတ်သမုဒ္ဒရာထက် ပိုကျယ်ပြီးလျှင် ပို၍လည်း နက်သည့်အတွက် အတ္တလန္တိတ်သမုဒ္ဒရာမှာလောက် မလွယ်ကူပေ။ သို့သော် ၁၉ဝ၂ ခုနှစ်၌ ပစိဖိတ်သမုဒ္ဒရာအောက်တွင် ပထမ ရေကြောင်း ကြေးနန်းကြိုးကို အောင်မြင်စွာ ချနိုင်ခဲ့လေသည်။ ထိုကြိုးသည် ကနေဒါ၊ ဩစတြေးလီးယားနှင့် နယူးဇီလန်ကျွန်း တို့ကို ဆက်သွယ်ထားသည့်ကြိုးဖြစ်၍ အလျားမိုင်ပေါင်း ၈ဝဝဝ ခန့်ရှည်၏။ ကြေးနန်းသတင်း ပေးပို့သူများလာသည့် အတွက် ၁၉၂၆ ခုနှစ်တွင် ထိုကြေးနန်းကြိုးနှင့် အလားတူ နောက်တစ်ကြိုးထပ်ချပေးရ၍ ထိုနှစ်မှာပင် ဆန်ဖရန်စစ္စကိုနှင့် မနီလာမြို့တို့ကို ဆက်သွယ်သော ဒုတိယရေအောက်ကြေးနန်း ကြိုးကို အပြီးအစီး ချပေးနိုင်ခဲ့သည်။ ထိုကြိုးသည် ဟိုနိုလူလူကျွန်း၊ မစ်ဒဝေးကျွန်းနှင့် ဂူအမ်ကျွန်းတို့ကို ဖြတ်သွားပြီးလျှင် ဂျပန်နိုင်ငံသို့လည်း တစ်လမ်းဆက်ပေးထားလေသည်။

ရေအောက်ကြေးနန်းကြိုးများကို ပြုလုပ်ထားပုံမှာ ချထားမည့် နေရာကို လိုက်၍ တစ်ကြိုးနှင့်တစ်ကြိုး မတူပေ။ ရေတိမ်တွင် ငါးများ၊ သင်္ဘောကျောက်ဆူးများနှင့် ထိုးဖောက် ကိုက် ဖြတ်တတ်သည့် ရေပိုးများ၏ဒဏ်ကို ခံနိုင်စေရန် အခိုင်ခံ့ဆုံး ပြုလုပ်၍ ရေနက်အတွက်မူ ထိုမျှလောက် ခိုင်ခံရန် မလိုချေ။ ရေနက်တွင်ချသော ကြိုးအချို့၏ ကြိုးလုံးမှာ တစ်လက်မ အောက်ပင် ငယ်သေး၍ ကြိုးအရှည် တစ်မိုင်လျှင် တန်ချိန် တစ်တန်မှ တစ်တန်ခွဲလောက်သာ လေး၏။ အခိုင်ခံ့ဆုံးနှင့် အရွယ်အကြီးဆုံးအစားမှာ ကြိုးအရှည်တစ်မိုင်လျှင် ဆယ်တန်မှ တန်သုံးဆယ်အထိပင် လေးတတ်လေသည်။

၁၈၇ဝ ပြည့်နှစ်မှစ၍ ရေအောက်ကြေးနန်းကြိုးများကိုချရန် အထူးသင်္ဘောများကို စတင်ဆောက်လုပ်ခဲ့ကြသည်။ အကြီးဆုံးသင်္ဘောသည် တန်ချိန် ၉၂၇၃ ရှိသော ဒိုမင်းနီးယား သင်္ဘော ဖြစ်၏။ ထိုသင်္ဘောသည် မိုင်ပေါင်း ၂ဝဝဝ ကျော် ရှည်၍ တန်ချိန် ၉၅ဝဝ ခန့်လေးသော ရေအောက်ကြေးနန်းကြိုးခွေကို တင်ဆောင်နိုင်သည်။ ရေအောက်ကြေးနန်းကြိုး ချရန် ဆောက်လုပ်ထားသော သင်္ဘောများသည် ရေအောက်ကြေးနန်းကြိုးများကို ရေတွင် ချနိုင်ရုံသာမဟုတ်၊ ပျက်စီး ချွတ်ယွင်းနေသော ရေအောက်ကြေးနန်းကြိုးများကိုလည်း ဆယ်ယူ ပြင်ဆင်နိုင်လေသည်။

ယခုအခါ တစ်ကမ္ဘာလုံး၌ရှိသော ရေအောက်ကြေးနန်းကြိုး အားလုံးကို ပေါင်းလိုက်လျှင် မိုင်ပေါင်းသုံးသိန်းခန့် ရှည်မည် ဟု ခန့်မှန်းရသည်။ ခေတ်သစ်ကိရိယာများကြောင့် ကုန်းပေါ် သုံး ကြေးနန်းကြိုးများနည်းတူ ရေအောက်ကြေးနန်းကြိုး တစ်ပင်ဖြင့် သတင်းအများကို တစ်ချိန်တည်း၌ ပို့ပေးနိုင်သည်။ အေးချမ်း သာယာသည့်အချိန်တွင် ရေအောက်ကြေးနန်းဖြင့် ကမ္ဘာအရပ်ရပ်သို့ သတင်းများ ပေးပို့ဆက်သွယ်နိုင်သော် လည်း စစ်မက်ဖြစ်ပွားလာသောအခါတွင်မူကား ပြည်ထောင် အချင်းချင်း ဥပဒေများအရ ရန်သူနိုင်ငံနှင့် ဆက်သွယ်ထား သော ရေအောက်ကြေးနန်းကြိုးများကို ဖြတ်တောက်ထား ရလေသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)