ရေဝတီနက္ခတ်
ရေဝတီနက္ခတ်[၁]သည်-အဿဝဏီနက္ခတ်မှ စ၍ ရေတွက်သော် ၂၇-လုံးမြောက် နောက်ဆုံးနက္ခတ်ဖြစ်သည်၊ ၎င်းရေဝတီနက္ခတ်သည် မိဿရာသီဦးမှ ၃၅၉-အံသာ ၅၀-လိတ္တာတွင် တည်၏၊ တောင်မြောက်အားဖြင့်ကား ကြန္တီမျဉ်း ဓုဝဌာန၏ အလယ် တည့်တည့် အံသာ-ဝ-တွင်တည်၏ဟု သူရိယသိဒ္ဓန္တနှင့် သိဒ္ဓန္တတတွဝိဝေကကျမ်းတို့၌ ဆိုသည်။
(မဟာသိဒ္ဓန္တ, သိဒ္ဓန္တသေခရ, သိဒ္ဓန္တသိရောမဏိ, ဂြဟလာဃဝ ကျမ်းတို့၌ကား)မိဿရာသီဦးမှ ၃၆၀-အံသာတွင်တည်၏၊ တောင်မြောက်အားဖြင့်ကား ကြန္တီမျဉ်း ဓူဝဌာန၏ အလယ်တည့်တည့် အံသာ-၀-တွင် တည်၏ဟု ဆိုသည်၊ သိဒ္ဓန္တအချင်းချင်း ရာသီဦးမှစ၍ ရေတွက်အပ်သော အံသာ၌ ၁၀-လိတ္တာမျှကွာသည်။ မြန်မာသူရိယသိဒ္ဓန္တ ကျမ်း၌ကား ရေဝတီနက္ခတ်၏ အနောက်ဘက်စွန်းသည် မိဿရာသီဦးမှ-၃၄၇-အံသာနှင့် ၈-လိတ္တာတွင်တည်၏၊ တောင်မြောက်အားဖြင့်ကား မဇ္ဈလေခခေါ်သော ဝိသုဝ (= အီကွေတာ) လမ်းကြောင်းမှ မြောက်ဘက် ၁၄-အံသာနှင့် ၃၂-လိတ္တာတွင်တည်၏။ မြောက်ဘက် စွန်းသည် မိဿရာသီဦးမှ ၃၄၇-အံသာနှင့် ၈-လိတ္တာ၊ မဇ္ဈလေခါမှ မြောက်ဘက် ၄၁-အံသာနှင့် ၃၂-လိတ္တာတွင် တည်၏၊ အလယ်မြှုံးသည် မိဿရာသီဦးမှ ၃၄၉-အံသာနှင့် ၁၇-လိတ္တာတွင် မဇ္ဈလေခါမှ မြောက်ဘက် ၂၈-အံသာနှင့် ၃၂-လိတ္တာတွင် တည်၏၊ တောင်အစွန်း ၂-လုံးသည် မိဿရာသီ ဦးမှ ၃၅၄-အံသာနှင့် ၁၀-လိတ္တာ၊ မဇ္ဈလေခါမှ ၂၀-အံသာနှင့် ၃၂-လိတ္တာတွင်တည်၏ဟု (၄) ပိုင်းပိုင်း၍ ပြဆို၏။
ရေဝတီနက္ခတ်လုံးရေကို ကပ္ပဒုမ, ရတ္တိလဂ္ဂနိရူပန, သူရိယသိဒ္ဓန္တ, တတွာမတဋီကာ ဆရာတို့က ၃၂ လုံးဟုဆိုကြ၏၊ မြန်မာနက္ခတ် သံပေါက်နှင့် အာကာသသျှတ္တရကျမ်းတို့က ပြီသထင်ရှားသော အလုံးတို့ကိုသာယူပြီး ၉ လုံးဟုဆိုကြ၏၊ ပုံသဏ္ဌာန်ကိုလည်း “မြှုံးသဏ္ဌာန်”ဟုဆိုသည်။ ထို့ကြောင့် ရေဝတီ ၉-လုံး၊ သဏ္ဌာန်မြှုံး၊ အဆုံးဗျိုင်းတာရာ (နက္ခတ်သံပေါက်)။ မှတ်လော့စဉ်စီ၊ ရေဝတီဟု၊ ပြီပြီသသ၊ ဂဏန်းချလျှင်၊ နဝ ၉-လုံး၊ ရေသူသုံးသည်၊ ငါးမြှုံးတူစွာ (အာကာသသျှတ္တရ)။ (နက္ခတ်တို့၏ တောင်မြောက် ဝိက္ခေပတိုင်းရာ၌ သိဒ္ဓန္တကျမ်းရင်းတို့က ကြန္တီစက်ဝန်းမှ တိုင်းတာကြ၍ မြန်မာ သူရိယသိဒ္ဓန္တကျမ်းက မဇ္ဈလေခါခေါ်သော ဝိသုဝ (= အီကွေတာ) စက်ဝန်းမှ တိုင်းတာ ကြသည်)။
ရေဝတီနက္ခတ်နှင့် စန်းယှဉ်၍ မွေးဖွားသောသူသည် လိမ္မာပါးနပ်အံ့။ စည်းစိမ်ဥစ္စာ ကြွယ်ဝအံ့။ ငြိမ်သက်တည်ကြည်သော ဣန္ဒြေရှိအံ့၊ အေးချမ်းသာယာစွာနေရအံ့။ မင်းဖြစ်အံ့ (ကောဋ္ဌိပဒီပ)။
တစ်နည်း ပေါင်၌ စာအမှတ်ပါရှိအံ့၊ ကာမစိတ်ဓာတ်တက်ကြွ ပြင်းထန်လွန်ကဲအံ့၊ မှူးမတ်အရာရှိ အမှုထမ်း အရာထမ်းဖြစ်အံ့၊ သားသ္မီးကောင်း မယားကောင်း မိတ်ဆွေကောင်းတို့နှင့် ပေါင်းသင်း ဆက်ဆံရအံ့၊ သမာဓိရှိအံ့၊ အလှအပ အတင့် အတယ် ကြိုက်တတ်အံ့ (ဇာတကပါရိဇာတက)။
တစ်နည်း-ရေဝတီနှင့်၊ တူညီမပြောင်း၊ ဖျားတုံရှောင်းက၊ ကြည်းကြောင်းရေနီး၊ ခရီးလမ်းမြေ၊ သေတတ်ချေစွ (အာကာသသျှတ္တရ)။ ဗုဒ္ဓဟူးဂြိုဟ်သည် အဿဝဏီ, သတ္တဘိသျှ, မူလ, ရေဝတီနက္ခတ်တို့ကို ဖေါက်ထွင်းမှု-ကုန်သည်, ဆေးသမား, လှေသင်္ဘောဖြင့် စီးပွားရှာ၍ အသက်မွေးသူ။ ရေထွက်ပစ္စည်း, မြင်းတို့ပျက်စီးအံ့။
သောကြာဂြိုဟ်သည် ဓနသိဒ္ဓနက္ခတ်မှစ၍ ရေဝတီတိုင်အောင် နက္ခတ်ငါးလုံးတို့တွင် တစ်လုံးလုံးနှင့်ယှဉ်၍ ဝင်သော်လည်းကောင်း, ထွက်သော်လည်းကောင်း ရွှေငွေရတနာ, ဆန်ရေ စပါး, ကျွဲနွားပေါများ ကြွယ်ဝအံ့။ အချို့အချို့သော အရပ်ဒေသ၌ကား ဘေး ဥပါဒ်အန္တရာယ် အနည်းငယ်ရှိအံ့(ဗြိဟတ်သံဟိတာ)။ ရေဝတီနက္ခတ်ကို သောကြာဂြိုဟ် ဖောက်ထွင်းမူ မင်းနှင့် ခရီးသွားတို့ ဘေး ဥပါဒ်ကြီးစွာဖြစ်အံ့ (ကဿပသံဟိတာ, ဗြိဟတ်သံဟိတာ)
စနေဂြိုဟ်သည် ရေဝတီနက္ခတ်နှင့်ယှဉ်မူ မင်းခစား, ကောဉ္ဇကျွန်းသား သဗရလူမျိုး ယဝနလူမျိုးတို့ ဘေးဥပါဒ်ဖြစ်အံ့၊ သရဒဥတု၌ စိုက်သော စပါး စသော အသီးအနှံ ဖျင်းအံ့ နာအံ့ (ဗြိဟတ်သံဟိတာ)။
ဘရဏီ, ကြတ္တိကာ, မာဃ, ပြုဗ္ဗာဖလဂုနီ, ပြုဗ္ဗဘဒြပိုဒ်, ဖုသျှနက္ခတ် ၆-လုံးကား တေဇောဓာတ်။ ဟဿတ, အဿဝဏီ, မိဂသီ, စိတြ, သာတိ, ဥတ္တရာဖလဂုနီ နက္ခတ် ၆-လုံးကား ဝါယောဓာတ်။ သတ္တဘိသျှ,အဒြ, အဿလိဿ, မူလ, ရေဝတီ, ပြုဗ္ဗာသဠ် နက္ခတ် ၆-လုံးကား အာပေါဓာတ်။ ရောဟိဏီ, ဓနသိဒ္ဓ, အနုရာဓ, ဝိသာခါ, ဥတ္တရာသဠ်, သရဝဏ်နက္ခတ် ၆-လုံးကား ပထဝီဓာတ်တည်း။ တေဇောဓာတ် နက္ခတ်ကား ဆင်းရဲသား-ဝါယောဓာတ် နက္ခတ်ကား ကုန်သည်-အာပေါဓာတ် နက္ခတ်ကား ရဟန်း ပုဏ္ဏား-ပထဝီဓာတ် နက္ခတ်ကား မင်း-ကို အစိုးရ၏၊ ထိုထိုဓာတ် နက္ခတ်တို့ အရောင်အဆင်း ဖောက်ပြန်ပြောင်းလဲခဲ့သော် အခိုးထွက်ခဲ့သော် ထိုနက္ခတ်နှင့်ဆိုင်ရာ ဆင်းရဲသား ကုန်သည် စသည်တို့ ဘေးဥပါဒ် ဖြစ်အံ့-ဟု ဆိုသောကြောင့် ရေဝတီနက္ခတ်၏ အရောင် အဆင်း ဖောက်ပြန်ပြောင်းလဲခဲ့သော် အခိုး ထွက်ခဲ့သော် ရဟန်း ပုဏ္ဏားတို့ ဘေးဥပါဒ် ဖြစ်အံ့။
သတ္တဝီသာ၊ သင်္ချာဖွဲ့နွဲ့၊ ...ပိုင်းဖြတ်ခဲ့ရာ၊ တေဇောဓာတ်ကား၊ လေးဖြာရောနှော၊ ဆင်းရဲသားတည့်၊ အခြားဝါယော၊ ကုန်သည် ဟော၏၊ အာပေါမူကား၊ ပုဏ္ဏားရဟန်း၊ တစ်ခန်းပထဝီ၊ မင်းနှင့်သီလိမ့်၊ အနီခြောက်စို၊ အညိုစိမ်းပြာ၊ အဝါလျှံပတ်၊ အခိုးလွှတ်အံ့၊ဥပဒ္ဒဝေါ၊ ပြန့်ပြောထူးလည်၊ ဖြစ်တတ်သည်ဟု၊ အရှည်မြင်သိ၊ ပညာရှိတို့၊ ကဝိလက္ခဏာ၊ မိန့်ခဲ့မှာသည်၊ ရွှေစာဉာဏာရီတည်း (အာကာသသျှတ္တရ)။
ဗျဂ္ဃစာ သီဟစာ (ဝကြစာ သီဃစာ) သွားသော အင်္ဂါ စနေတို့သည် ပုဏ္ဏဖုသျှ, မာဃ, အဿလိဿ, ရေဝတီ, နက္ခတ်တို့ကို သော်လည်းကောင်း၊ လကိုသော်လည်းကောင်း ဖောက်ထွင်းကျော်နင်း ဖြတ်သန်းသွားမူ-မင်းနှင့်မှူးမတ်တို့သေကျေ ပျက်စီးအံ့။
အင်္ဂါစနေ၊ နှစ်ထွေခေါ်ထ၊ နတ်ဒေဝတို့၊ ဗျဂ္ဃစရိယာ၊ သီဟစာသွား၊ အစွမ်းအားဖြင့်၊ တခြားမာဃ၊ ပုဏ္ဏဖုသျှ၊ ခေါ်မှုအဿလိသ်၊ ဖိတ်ဖိတ်ရဲနီ၊ ရေဝတီစိမ်းမြ၊ ဟဿတနှင့်၊ လထက်ချဉ်းနင်း၊ တိုက်ကြလျင်းအံ့၊ စိုးမင်း မှူးမတ်၊ စဲပြတ်ခန္ဓာ၊ ပြောင်းကြွခါချိန် (အာကာသသျှတ္တရ)။[၂]