ရေဖိအားစက်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ရန်သူမျိုး ငါးပါး၌ တစ်ပါးအပါအဝင်ဖြစ်သော ရေသည် အသုံးမချတတ်လျှင် ရန်သူဖြစ်တတ်သော်လည်း အသုံးချတတ် ပါမူ ကျွနု်ပ်တို့အဖို့ အကျိုးများစွာ ဖြစ်ထွန်းစေနိုင်သည့် ကျေးဇူးရှင်လည်း ဖြစ်တတ်ပေသည်။

သာမန်အားဖြင့် ရေကို ပေါ့သည့်ပစ္စည်းဟု ထင်ရသည်။ သို့သော် ရေအောက်သို့ ၁ဝ ပေခန့် ဆင်းမိပါမှ ရေသည် လေးပါတကားဟု ငြီးတွားရမည်မှာ သေချာသည်။ ရေအောက် ၁ဝ ပေခန့် နက်သောနေရာ တွင် စတုရန်းတစ်လက်မရှိသော ဧရိယာအပေါ်၌ ဖိလျက်ရှိသည့် ရေထု၏အလေးချိန်၊ တစ်နည်း ရေ၏ဖိအားသည် ပျမ်းမျှခြင်းအားဖြင့် ငါးပေါင်ခန့် ရှိသည်။ ထိုကြောင့် လူတစ်ကိုယ်၏ အပေါ်ယံဧရိယာသည် စတုရန်း လက်မ ၂ဝဝဝ ခန့် ရှိသည်ဟု ယူဆရသော် ရေအောက် ၁ဝ ပေ၌ လူတစ်ကိုယ်ပေါ်တွင် ဖိထားသော ရေ၏ အလေးချိန် သည် ပေါင် ၅၂ဝဝဝÓပေါင် ၁ဝဝဝဝ၊ သို့မဟုတ် အလေး ချိန် ၄ ၁/၂ တန်နီးပါးမျှ ရှိလေသည်။ ထိုကြောင့်လည်း မည် သည့်ရေငုပ်သမားမျှ လူချည်းသက်သက် ရေအောက် ပေ ၄ဝဝ ခန့်ထက် ပိုပြီး ငုပ်ရန် မဖြစ်နိုင်ချေ။ ထိုထက်အောက်ကျ အောင် ငုပ်မည်ဆိုပါက ထိုသူသည် အပေါ်သို့ ပြန်မတက် နိုင်တော့ဘဲ ရေ၏ဖိအားဖြင့် ပိ၍ အသက်ဆုံးရှုံးသွားဖွယ်ရာ အကြောင်းရှိလေသည်။

ရေ၏ဖိအား ကြီးမားပုံကို သိကြရပေပြီ။ ရေနှင့်တကွ အရည်အားလုံးတို့၌ အခြားထူးခြားသော အချက်တစ်ရပ် ရှိ သေး၍ ထိုအရည်တို့၏ သဘာဝစည်းကို ၁၇ ရာစုနှစ်အတွင်း ပတ်စကဲဆိုသူ ပြင်သစ်လူမျိုး ရူပဗေဒပညာရှင်တစ်ဦးက တွေ့ရှိ ခဲ့လေသည်။ ထိုပုဂ္ဂိုလ်ကြီး တွေ့ရှိသောအချက်မှာ အရည် တို့ကို ယေဘုယျအားဖြင့် ကျုံ့သွားအောင် ချုံ့ယူ၍ မရနိုင်၊ ထိုအပြင် အလုံပိတ်ထားသော ခွက်ထဲ၌ ထည့်ထားသော အရည်တစ်ခုကို တစ်နေရာရာမှ ဖိနှိပ်လိုက်ပါက ထိုဖိအားသည် အရည်အတွင်းရှိ ကျန်နေရာအားလုံးသို့ အညီအမျှ ပျံ့နှံ့သွား သည်ဟူသောအချက် ဖြစ်လေသည်။

ရေဖိအားစက်မှာ အထက်ပါသဘာဝစည်းကို မူတည်၍ တီထွင်ထားသော စက်ဖြစ်ရာ ထိုစက်တွင် ပြွတ်တံခေါင်း တစ်ခုအပေါ်၌ အနည်းငယ်မျှသောအားဖြင့် ဖိနှိပ်ပေးလိုက်ရုံ မျှနှင့် အဆပေါင်းများစွာ ကြီးမားသော ဖိအားကို ရရှိနိုင်လေ သည်။ ထိုစက်ကို ပြုလုပ်ထားပုံသဘောမှာ ဤသို့ဖြစ်သည်။ ပြောင်းလုံးသဏ္ဌာန် ပြွန်အကြီးနှင့် အငယ်နှစ်ခုကို အောက် ဘက်မှ တစ်ခြားပြွန်ငယ်တစ်ခုဖြင့် ဆက်သွယ်ထား၍ လက်ဦး ပြွန်နှစ်ခုတွင် အရွယ်တော် ပြွတ်တံခေါင်းများ တပ်ဆင်ထား သည်။ ပြွတ်တံခေါင်းအငယ်၏ ဧရိယာအကျယ်အဝန်းမှာ စတု ရန်း လက်မ ၁ဝဝ ရှိသည်ဆိုပါစို့။ ထိုအခါ အကယ်၍ ပြွတ် တံခေါင်းအငယ်ပေါ်သို့ ပေါင် ၁ဝဝ အလေးချိန်နှင့် ညီမျှသော ဖိအားဖြင့် ဖိနှိပ်လိုက်ပါက ပြွတ်တံခေါင်းအကြီးသည် ပေါင် ၁ဝဝဝဝ အလေးချိန်နှင့် ညီ မျှသော ဖိအားဖြင့် အပေါ်သို့ တက်လာလေတော့သည်။ အဘယ်ကြောင့်ဆိုသော ပတ်စကဲ တွေ့ရှိသော သဘာဝစည်းအရ ပြွတ်တံခေါင်းအငယ်တွင် စတုရန်း တစ်လက်မပေါ်သို့ ဖိနှိပ်ပေးလိုက်သော ပေါင် ၁ဝဝ ဖိအားသည် စတုရန်းလက်မ ၁ဝဝ ရှိသော ပြွတ်တံခေါင်းရှိ စတုရန်းတစ်လက်မစာ နေရာတိုင်းသို့ ညီမျှသော ဖိအားကို တစ်ဆင့်ပေးပို့သဖြင့် ပြွတ်တံခေါင်းအကြီး၌ သက်ရောက်သော ဖိအားသည် ပေါင် ၁ဝဝ၁ဝဝ Ó ပေါင် ၁ဝဝဝဝ အလေး ချိန်နှင့် ညီမျှသောကြောင့် ဖြစ်လေသည်။

ဤရေဖိအားစက်မျိုးကို ဝါဂွမ်းကို ကျစ်ကျစ်ပါအောင် ဖိနှိပ်ထိုးပေးခြင်း၊ စက္ကူ၊ သက္ကလတ်၊ သံပြား၊ ကြေးပြား စသည်တို့ကို ည|ပ်ပုံဖြင့် ည|ပ်ခြင်း၊ နှမ်းစေ့ဝါစေ့များမှ ဆီကြိတ် ယူခြင်း စသောလုပ်ငန်းများတွင် အသုံးပြုခဲ့ကြလေသည်။ ထို စက်မျိုးသည် နှေးကွေး၍ ယခုအခါ၌ ထိုစက်များအစား လျှပ် စစ်ဓာတ်အားသုံး စက်များကို အများအစား အသုံးပြုလာကြပေ ပြီ။ သို့သော် အချို့လုပ်ငန်းများတွင်မူ ယခုထက်တိုင် ရေဖိအား စက်များကိုပင် ဆက်လက်၍ အသုံးပြုဆဲ ဖြစ်လေသည်။

အမှန်စင်စစ် ရေ၏ဖိအားသည် ကမ္ဘာမြေ၏ဆွဲအားကြောင့် ဖြစ်သော ရေ၏အလေးချိန်ပင် ဖြစ်သည်။ မြစ်တို့၌ မြင့်ရာမှ နိမ့်ရာသို့ စီးတတ်သည့်သဘော ရှိခြင်းမှာ ရေ၏ဖိအား၊ သို့ မဟုတ် အလေးချိန်ကြောင့်ပင် ဖြစ်လေသည်။ နယူးယော့မြို့သို့ ရေပေးသော ရေလှောင်ကန်များအနက် အချို့မှာ မိုင် ၁ဝဝ ကျော်မျှပင် ဝေးကွာသော တောင်ကုန်းတောင်မြင့်များပေါ်၌ တည်ရှိကြပေသည်။ ထိုမျှ ခရီးဝေးသော်လည်း မြင့်မားသည့် အရပ်မှ လာသောရေ ဖြစ်သောကြောင့် အဆောက်အအုံကြီး များရှိ အထပ်ထပ်သို့တိုင်အောင် ရေရောက်ရှိနိုင်ခြင်း ဖြစ်လေ သည်။ သို့သော် နယူးယော့မြို့ရှိ အဆောက်အအုံများစွာတို့မှာ ရေလှောင်ကန်ရှိရာ တောင်ကုန်းထက်ပင် မြင့်မားနေသေးသဖြင့် အပေါ်ဆုံးထပ်အထိ ရေမရောက်နိုင်ပေ။ ထိုအခါ ရေဖိအားသုံး စုတ်စက်များကို အသုံးပြုပြီးလျှင် ရေကို ထိုအထပ်များသို့ တင်ယူရလေသည်။

ရေဖိအားသည် စက်မှုလက်မှုလုပ်ငန်းများ၌ များစွာ အသုံး ဝင်လေသည်။ ထိုဖိအားကို စရိတ်သက်သာစွာနှင့် ရရှိနိုင်သဖြင့် ရေဖိအားစက်အမျိုးမျိုးကို တီထွင်လုပ်ကိုင်ခဲ့ကြလေသည်။ရေ၏ ဖိအားသည် ရေရဟတ်များကို လည်စေ၍ တစ်ဖန် ရေရဟတ် များက ဒိုင်နမိုတို့ကို လည်စေကာ လျှပ်စစ်ဓာတ်အားကို ထုတ် ယူ ဖြန့်ချိပေးနိုင်ပေသည်။

ရေ၏ဖိအား၊ တစ်နည်း ရေ၏ ရွေ့ရှားမှုနှင့်သက်ဆိုင် သော သိပ္ပံပညာရပ်ကို ဟိုက်ဒြောလစ် (ရေအား ပညာ)ဟု ခေါ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)