ရေဒီယိုဂျပန် မြန်မာဘာသာ

ဝီကီပီးဒီးယား မှ

ရေဒီယိုဂျပန် မြန်မာဘာသာသည် ဂျပန်နိုင်ငံမှ မြန်မာဘာသာဖြင့် ထုတ်လွှင့်သည့်ရေဒီယို အစီအစဉ် ဖြစ်သည်။ ဂျပန်နိုင်ငံ NHK သတင်းဌာနမှ ထုတ်လွှင့်ခြင်း ဖြစ်သည်။ အသံလွှင့်ခြင်းကို ဂျပန်လူမျိုးနှင့် မြန်မာလူမျိုး ဝန်ထမ်း (၂၀) ဦးခန့်က စီစဉ် ထုတ်လွှင့်ပေးခြင်း ဖြစ်သည်။

ရေဒီယိုဂျပန် မြန်မာဘာသာ အစီအစဉ်ကို နေ့စဉ် ထုတ်လွှင့်ပေးခြင်း ဖြစ်ပြီး ဂျပန်နိုင်ငံ သတင်းနှင့် ကမ္ဘာ့သတင်းများကို ထုတ်လွှင့်ကာ အပတ်စဉ် ဂျပန် စကားပြော သင်ခန်းစာများကို ထုတ်လွှင့်သည်။

အသံထုတ်လွှင့်မှု[ပြင်ဆင်ရန်]

အရှေ့တောင်အာရှ ဒေသသို့ မြန်မာစံတော်ချိန် နံနက် (၆) နာရီ (၁၀) မိနစ်မှ (၆) နာရီခွဲအထိ လှိုင်းတို (၁၃၆၅၀) ကီလိုဟာ့(ဇ်) တွင် ထုတ်လွှင့်သည်။ ညနေ (၅) နာရီမှ (၅) နာရီခွဲအထိနှင့် ည (၉) နာရီမှ (၉) နာရီခွဲအထိ လှိုင်းတို (၁၁၇၄၀) ကီလိုဟာ့(ဇ်) တွင် ထုတ်လွှင့်သည်။

မြန်မာ စံတော်ချိန်နှင့် ဂျပန်စံတော်ချိန် ကွာဟချက်မှာ (၂) နာရီခွဲဖြစ်သည်။ ဂျပန်နိုင်ငံ၏ စံတော်ချိန်သည် မြန်မာနိုင်ငံ စံတော်ချိန်ထက် (၂) နာရီခွဲ စောသည်။ ဂျပန်နိုင်ငံတွင် နံနက် (၈) နာရီ မိနစ် (၄၀) ၌ မြန်မာစံတော်ချိန် (၆) နာရီ (၁၀) မိနစ်ဖြစ်သည်။

အစီအစဉ်များ[ပြင်ဆင်ရန်]

နေ့စဉ်နေ့တိုင်း နောက်ဆုံးရ ဂျပန်နိုင်ငံ သတင်းနှင့် ကမ္ဘာ့ သတင်းများကို ထုတ်လွှင့်သည်။

တနင်္လာနေ့တိုင်း “နည်းပညာ ကဏ္ဍ” ကို ထုတ်လွှင့်သည်။ “နည်းပညာ ကဏ္ဍ” သည် ဂျပန်နိုင်ငံမှ နည်းပညာ အသစ်များကို နားလည်လွယ်ရန် ရှင်းပြသည့် အစီအစဉ် ဖြစ်သည်။ တနင်္လာနေ့တိုင်း “ဂျပန်စကားပြော သင်ခန်းစာ” ကိုလည်း ထုတ်လွှင့်သည်။

“ဂျပန်စကားပြော သင်ခန်းစာ” ကို တစ်ကြိမ်ထုတ်လွှင့်ချိန် (၄) မိနစ် ကြာမြင့်ပြီး ဂျပန် ဘာသာစကား စတင် လေ့လာလိုသူများ အတွက်ဖြစ်ကာ တစ်နှစ်စာ သင်ခန်းစာများ ဖြစ်သည်။

အင်္ဂါနေ့တိုင်း “တံတိုင်းမခြားတဲ့ ကမ္ဘာမြေ” အစီအစဉ်ကို ထုတ်လွှင့်သည်။ “တံတိုင်းမခြားတဲ့ ကမ္ဘာမြေ” အစီအစဉ်မှာ နိုင်ငံရပ်ခြားတွင် ရောက်ရှိနေကြသည့် ဂျပန်လူမျိုးများနှင့် ဂျပန်နိုင်ငံတွင် ရောက်ရှိနေကြသည့် နိုင်ငံခြားသားများ၏ ဘဝ တစိတ်တပိုင်းကို တင်ပြပေးခြင်း ဖြစ်သည်။

ဗုဒ္ဓဟူးနေ့တိုင်း “သံစဉ်ညီ မိုးကုတ်စက်ဝိုင်း” အစီအစဉ်နှင့် “ဂျပန်စကားပြော သင်ခန်းစာ” ကို ထုတ်လွှင့်ပေးသည်။

ကြာသပတေးနေ့တိုင်း “မျက်မှောက်ရေးရာ” နှင့် “ယဉ်ကျေးမှု” အစီအစဉ်များကို ထုတ်လွှင့်သည်။

သောကြာနေ့တိုင်း၌ “မျက်မှောက်ရေးရာ” နှင့် “ယဉ်ကျေးမှု” အစီအစဉ်တို့အပြင် “ဂျပန်စကားပြော သင်ခန်းစာ” ကိုလည်း ထုတ်လွှင့်သည်။

စနေနေ့တိုင်း “တေးဂီတ အစီအစဉ်” ကို ထုတ်လွှင့်သည်။

တနင်္ဂနွေနေ့တိုင်း “သိကောင်းစုံလင် ပြုံးပျော်ရွှင်” အစီအစဉ်ကို ထုတ်လွှင့်သည်။ “သိကောင်းစုံလင် ပြုံးပျော်ရွှင်” အစီအစဉ်မှာ ပရိသတ်များ ကိုယ်တိုင် စကားပြောနိုင်သော အစီအစဉ် ဖြစ်သည်။

အခြားကြည့်ရန်[ပြင်ဆင်ရန်]

ရေဒီယို အသံလွှင့်ဌာနများ စာရင်း၊ မြန်မာနိုင်ငံ